Warmly welcome from mgburmese8888 blog.
ကျွန်တော့်ရဲ့ဘလော့ဂ်လေးကိုအလည်လာတဲ့အတွက်မိတ်ဆွေတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

အာဏာရှင်ကြီးများ၏ အတွင်းရေး (တပ်မတော် ထောက်လှမ်းရေးအကြောင်း)





ဦးနေဝင်းဟာ တစ်ဦးတည်းသော အကိုးကွယ်ခံ စစ်အာဏာရှင်ကြီး ဘဝရောက်အောင် ဘယ်လို ဉာဏ်နီ ဉာဏ်နက်တွေ သုံးပြီး စက်ပုန်းခုတ်သွားတယ်၊ ဆိုရှယ်လစ်  စနစ်ကို အမှန် ယုံကြည်မှု မရှိခဲ့ဘဲ ဦးနေဝင်းနှင့် အပေါင်းအပါတို့ရဲ့ အာဏာတည်မြဲရေးအတွက်သာ လုပ်ခဲ့ကြပုံ၊ ခွင့်လွှတ် နိုင်ဖွယ် မရှိသော အမှားကြီးများကို ဦးနေဝင်းဟာ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပုံ၊ ဖြုတ်, ထုတ်, ချ ခံရသော တပ်မတော် ထောက်လှမ်းရေးအကြောင်း၊ မျက်မှန်ကြီး ဗိုလ်မှူးချုပ်တင်ဦးအကြောင်း၊ ဦးနေဝင်းရဲ့ အတွင်းရေး ဇာတ်လမ်းများအကြောင်း၊ တောခိုခဲ့တဲ့ ဗိုလ်ကြီးကျော်စွာမြင့် အကြောင်းနဲ့ တပ်မတော်ပြုပြင်ပြောင်းလဲရေးကို လိုလားပြီး အာဏာရှင်တွေကိုဖြုတ်ချဖ့ို ကြံစည်တဲ့ ဗိုလ်ကြီးအုံးကျော်မြင့် ကွပ်မျက်ခံခဲ့ရပုံနှင့် တပ်မတော်သားများ၏ ကြည်ညိုလေးစားမှုကိုခံယူခဲ့နိုင်တဲ့ သူရဲကောင်း ဗိုလ်ချုပ်ကြီးသူရတင်ဦးအကြောင်း စတာတွေ ပါဝင်တဲ့ ဒုဗိုလ်မှူးကြီး ကြည်ဆွေရဲ့


အာဏာရှင်ကြီး များ၏ အတွင်းရေး စာအုပ်ကို စာဖတ်သူများ ဗဟုသုတ ရရှိစေဖို့ ကျွန်တော် ကိုဖိုးတရုတ် က အပတ်စဉ် အခန်းဆက်တင်ပြဖို့ စီစဉ်ထားပါတယ်။ ဒီစာအုပ် ရေးသား ထုတ်ဝေခဲ့သူ ဒု- ဗိုလ်မှူးကြီး ကြည်ဆွေဟာ ဒီစာအုပ်ငယ်ကြောင့် ထောင်ဒဏ် ဆယ်နှစ် အပြစ်ပေးခံခဲ့ရပြီး ထောင်ကရရှိခံစားခဲ့ရတဲ့ ရောဂါ ဝေဒနာနဲ့ပဲ ကွယ်လွန်သွားရရှာပါတယ်။ သူ့ရဲ့ မိသားစုဝင်များလည်း မကြာခဏ ခေါ်ယူစစ်ဆေး မေးမြန်းခံခဲ့ရပါတယ်။ ဤ စာအုပ်ပါ အကြောင်းအရာများကို ကျွန်တော် ကိုဖိုးတရုတ် အနေနဲ့ တင်ပြရာမှာ တစ်ပါတီ အာဏာရှင် စနစ်ဆိုး ကျဆုံးသွားရတဲ့ အကြောင်းရင်း၊ တပ်မတော်သားများ အာဏာရှင် စနစ်ကြောင့် တပ်မတော် ဂုဏ်သိက္ခာ ညးှိနွမ်း ကျဆင်းရတဲ့ အကြောင်းရင်းစတဲ့ ရည်ရွယ်ချက် များနှင့် တင်ပြရခြင်းဖြစ်လို့ ခေတ်နဲ့ မလျော်ညီတဲ့ အချို့ အကြောင်းအရာ အချက်အလက်များကို စီစစ် တည်းဖြတ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နဝတခေတ်၊ နအဖခေတ်တို့မှ အာဏာရှင်များရဲ့ အတွင်းရေးများနဲ့ ဤစာအုပ်ပါ အာဏာရှင်တွေရဲ့ အတွင်းရေး ဇာတ်လမ်းများ ဆက်စပ်မှု ရှိခဲ့ပုံတွေကို ကျွန်တော် ကိုဖိုးတရုတ်က စစ်ဖက်နီးစပ်သူများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဒီစာအုပ်ပါ အချက်အလက်များကို ကျောရိုးထားကာ နောက်ဆုံး အခြေအနေနဲ့ အကျုံးဝင်နေတဲ့ စစ်တပ်အတွင်းရေး အကြောင်းအရာ အချက်အလက် အသစ်များကို ထပ်မံဖြည့်စွက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ယခု အပတ်မှာတော့ တပ်မတော် ထောက်လှမ်းရေး အကြောင်း ဦးစွာ တင်ပြသွားပါမယ်။

တပ်မတော် ထောက်လှမ်းရေး- အပိုင်း (၁)

*********************************************

ယခင်က တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့များကို စစ်မြေပြင် ထောက်လှမ်းရေး သဘောတရားလောက်နှင့် လုံခြုံရေးပညာများကိုသာ မတောက်တခေါက် သင်ကြားရစေပြီး တာဝန်ပေးခဲ့ရသဖြင့် ထောက်လှမ်းရေး အမှုထမ်း ရွေးချယ်မှုမှစပြီး တပ်ဖွဲ့စည်းမှုအထိ ဖြစ်သလိုသာ စခန်းသွားခဲ့ကြရပါသည်။ ထောက်လှမ်းရေး တပ်ဖွဲ့များအနေနှင့် တပ်များအား လည်းကောင်း၊ စစ်ဌာနချုပ်များအား လည်းကောင်း၊ ထိထိရောက်ရောက် မကူညီနိုင်ခဲ့ပါ။ ထို့ကြောင့် ထိုစဉ်အခါက တပ်မတော် စစ်ဆင်ရေးများသည် “ငါးပွက်ရာ ငါးစာချ” ဟူသကဲ့သို့ စိတ်မှန်းနှင့်လည်းကောင်း၊ သတင်းကြားနှင့်လည်းကောင်း စစ်ဆင်ရေး လုပ်ရသကဲ့သို့ ဖြစ်ခဲ့ကြပါသည်။ ရန်သူနှင့် ထိပ်တိုက်တိုးမှ သော်လည်းကောင်း၊ ရန်သူက လာတိုက်မှသော်လည်းကောင်း၊ စစ်ဆင်တိုက်ခိုက်ကြရပြီး မိမိတပ်များက ထောက်လှမ်းစီမံချက်ဖြင့် စစ်ဆင်တိုက်ခိုက်နိုင်သည့် အခြေအနေမှာ မရှိသလောက်ပင် ဖြစ်ခဲ့ရပါသည်။ အဲဒီနောက် ထောက်လှမ်းရေးကို အင်အားတိုးချဲ့လာရာမှ တန်ခိုးထွားလာပြီး အာဏာရှင်တွေရဲ့ လက်ကိုင်ဒုတ် အဖွဲ့အစည်း ဖြစ်လာပြီး တပ်တွင်းအာဏာလုပွဲတွေမှာ အသုံးချခြင်းမျိုးနဲ့ နိုင်ငံရေးသမားများကို လျှို့ဝှက် ထောက်လှမ်းကာ လက်နက်ပုန်းများဖြင့် နှိပ်ကွပ်တဲ့ အဖွဲ့အစည်း အသွင်တစ်ရပ်အဖြစ် ကြောက်မက်ဖွယ် ဖြစ်လာပုံတွေကို တင်ပြသွားပါမည်။ ဒါ့အပြင် အာဏာရှင်များ အချင်းချင်း ထောက်လှမ်းရေး အဖွဲ့အစည်းအား ဖျက်သိမ်း ပစ်နိုင်သော်လည်း ထပ်မံ ဖွဲ့စည်းလိုက်တဲ့ ဗိုလ်ချုပ် ခင်ညွှန့် ဦးစီးတဲ့ ထောက်လှမ်းရေးအဖဲ့ွဟာ ပြန်လည် ခေါင်းထောင်လာပုံတွေကို ကျွန်တော် ကိုဖိုးတရုတ်က စစ်ဖက်နီးစပ်သူများမှ တဆင့် ဖြည့်စွက် ဖော်ပြသွားပါမည်။

ဗမာ့တပ်မတော်တွင် ထောက်လှမ်းရေးကို စိတ်ဝင်စားမှု အရှိဆုံး ပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဖြစ်ပါသည်။ ၎င်းကိုယ်တိုင် အမြဲကြီးကြပ်ခဲ့ပြီး လေ့ကျင့်သင်ကြားမှုမှစ၍ ၎င်းကိုယ်တိုင် ညွှန်ကြားလေ့ရှိပါသည်။ ၁၉၅၈ ခုနှစ်ခန့်မှစ၍ ထောက်လှမ်းရေးသင်တန်းများကို စနစ်တကျ ပြန်လည်ပြုလုပ်ရန် ဗိုလ်မှူးတင်ဦးက ကြိုးစားခဲ့ရာတွင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်မှူးကြီးလွင်တို့က ညွှန်ပြကူညီခဲ့ကြောင်း သိရပါသည်။

တပ်မတော်၏ အင်အားမှာ တဖြည်းဖြည်း ကြီးထွားခဲ့သော်လည်း လက်နက်ကိုင်တိုင်းရင်းသားများ၏ အင်အားမှာ လျော့နည်းသွားခြင်း မရှိသလောက် ဖြစ်ခဲ့ရပါသည်။ ယင်းကဲ့သို့သော အခြေအနေမျိုးတွင် တပ်မတော်တွင်း၌ ထူးခြားချက် တစ်ရပ်ပေါ်ပေါက်လာခဲ့ရပါသည်။

တချိန်က ကရင်လက်နက်ကိုင် တိုင်းရင်းသားများ၏ ဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ်မြောက်ခဲ့သော ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်သည် ဗမာ့တပ်မတော်တွင် အတော်ထင်ရှားသူ တစ်ဦး ဖြစ်ခဲ့ပါသည်။ အလွန်လေ့လာသူ ဖြစ်၍ ယခင်က နိုင်ငံရေးသမားဟောင်းကြီးများကပင် လေးစားခြင်းကို ခံရသူ ဖြစ်ပါသည်။ ဗမာ့တပ်မတော်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတခု၏ တပ်မတော်ပီပီ “မူ” ထက် “လူ” ကို အရေးထား အဆုံးအဖြတ် ပြုသွားသည်မှာ အများအပြား ရှိခဲ့ပါသည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးမောင်မောင်သည် တိုင်းရင်းသား လက်နက်ကိုင် မချုပ်ငြိမ်းသမျှ နိုင်ငံ၏ တိုးတက်မှုကို အဟန့်အတား ပြုနေမည်ဟု ယုံကြည်သူ ဖြစ်ပါသည်။ တိုင်းရင်းသား လက်နက်ကိုင် နှိမ်နင်းရေးတွင် တပ်မတော်မှ ထောက်လှမ်းရေး တပ်ဖွဲ့များကို အလွန်အားမရဖြစ်ခဲ့သူ ဖြစ်ပါသည်။ ဗိုလ်မှူးကြီးလွင်မှာ ဗိုလ်မှူးချုပ် မောင်မောင်အား အလွန်ကြောက်ရကြောင်း မကြာခဏ ပြောလေ့ရှိပါသည်။ ဗိုလ်မှူးတင်ဦးနှင့် ဗိုလ်မှူးချုပ် မောင်မောင်မှာ အကြီးအကျယ် ပဋိပက္ခ ဖြစ်ခဲ့ကြပြီး၊ ဗိုလ်မှူးတင်ဦးက တပ်မတော်မှ နှုတ်ထွက်တော့မည်ဆိုကာ ထောက်ကြံ့မြို့နယ် ဘက်တွင် ခြံကြီးများဝယ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အကြီးအကျယ် လုပ်ခဲ့ပါသည်။

ဗိုလ်မှူးချုပ် မောင်မောင်သည် ထောက်လှမ်းရေး တပ်ဖွဲ့များကို အားမရရာမှ အမေရိကန် စီအိုင်အေနှင့် အဆက်အသွယ် ရခဲ့ပြီး လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်းများ လုပ်ရန် အကြီးအကျယ် စီစဉ်ခဲ့ပါသည်။ ထိုအချိန်မှာပင် ဗိုလ်မှူးတင်ဦးကလည်း ဘောင်ဒရီလမ်းတွင် ထောက်လှမ်းရေး သင်တန်းများကို စတင်၍ ကိုင်တွယ် လေ့ကျင့်ခဲ့ပါသည်။ ဗိုလ်မှူးတင်ဦးသည် အင်္ဂလန်တွင် တပ်ထိန်း သင်တန်းတက်ခဲ့ရသဖြင့် စစ်သုံ့ပန်းများ ကိုင်တွယ်ထိန်းသိမ်းခြင်းကို ကောင်းစွာသဘောပေါက် နားလည်ခဲ့သူ ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဗိုလ်မှူးလေးမောင် (ပြည်သူ့တရားသူကြီး အဖွဲ့ဝင်) နှင့်အတူ နိုင်ငံခြား ထောက်လှမ်းရေး သင်တန်းများကို လျှို့ဝှက် တက်ရောက်ခဲ့သူလည်း ဖြစ်ပါသည်။ ဗိုလ်မှူးချုပ် မောင်မောင် ပြုလုပ်သော ထောက်လှမ်းရေးအဖွဲ့အား ဗိုလ်ချုပ်ကြီးနေဝင်းမှ ဖျက်ဆီးခဲ့ပြီးနောက် ဗိုလ်မှူးတင်ဦးသည် ဗိုလ်မှူးလေးမောင် အကူအညီဖြင့် ထောက်လှမ်းရေး သင်တန်းများကို အင်တိုက်အားတိုက် ပြုလုပ်ခဲ့ပါသည်။ သူတို့အား အထူး အကူအညီ ဖြစ်စေခဲ့သူမှာ အင်္ဂလန် ရှက်ဖီးရဲ သိပ္ပံသို့ တက်ရောက်ခဲ့ပြီးမှ အလုပ်မခန့်သော ဗိုလ်မှူးအေးလွင် ဖြစ်ပါသည်။ ဗိုလ်မှူးအေးလွင်အား တွေ့ရှိ၍ တပ်မတော်အရာရှိ အဖြစ် ခန့်အပ်ခဲ့ကြပါသည်။

ဗိုလ်မှူးအေးလွင်မှာ တက္ကသိုလ်တွင် ဓာတုဗေဒဆရာ လုပ်ခဲ့သူ ဖြစ်ပြီး အင်္ဂလန်ရဲ သိပ္ပံမှ ဆင်းလာခဲ့သူ ဖြစ်ရုံမျှမက အမေရိကန် အီလီနွိုင်းရှိ အသုံးချ သိပ္ပံကျောင်းမှ မှုခင်းစုံစမ်းရေး သိပ္ပံ ပညာဘွဲ့ကိုလည်း ရရှိသူ ဖြစ်ပါသည်။ ထောက်လှမ်းရေး သင်တန်းများတွင် အလွန်အရေးပါသော သိပ္ပံပညာရပ်များအား သင်ပေးနိုင်ခဲ့သူ ဖြစ်ပါသည်။ ၎င်းတို့ သုံးဦး၏ ကြိုးစားမှုကြောင့် လေ့ကျင့်ပေးပြီးသူ တပ်မတော်အရာရှိ အကြပ်တပ်သားများ အများအပြား ရရှိခဲ့ပါသည်။ တော်လှန်ရေးအစိုးရ တက်ပြီးနောက် ဗိုလ်မှူးတင်ဦးသည် ဗိုလ်ချုုပ်ကြီးနေဝင်းနှင့် ဗိုလ်မှူးကြီး လွင်တို့၏ သဘောတူညီချက်ကို ရယူ၍ ထောက်လှမ်းရေးတပ်သစ်များ ဖွင့်ရန် ကြိုးစားခဲ့သည်။

ထောက်လှမ်းရေး သင်တန်းတက်ပြီး၍ တပ်အတွေ့အကြုံ ရရှိပြီးသော တပ်မတော်မှ အရာရှိများ အကြပ်၊ တပ်သားများအား သက်ဆိုင်ရာ တိုင်း၊ တပ်မ၊ တပ်ရင်းများ၏ ထောက်ခံချက် ရယူ၍ အသစ်ဖွဲ့သော ထောက်လှမ်းရေးတပ်များတွင် တာဝန်ပေးခဲ့သည်။ တပ်များနှင့် နီးစပ်ဝင်ဆန့်မှုရှိပြီး ထောက်လှမ်းရေးပညာ တတ်မြောက်ပြီးသူများကို အသုံးချလာခြင်းဖြစ်၍ တပ်များ၏ အကူအညီရရှိခြင်း၊ ပြည်သူလူထုကြားတွင် ပိရိစွာ နေထိုင်တတ်ခြင်း စသည်တို့ကြောင့် ထောက်လှမ်းရေး လုပ်ငန်းများသိသိသာသာ အောင်မြင်လာခဲ့ပါသည်။

ဒုတိယပိုင်းမှာတော့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးကျော်စွာမြင့် ရုတ်တရက် တောခိုသွားမှုကြောင့် တပ်တွင်း ကြီးမားစွာ ဂယက်ရိုက်သွားပုံကို ဆက်လက် တင်ပြသွားပါမယ်။

တပ်မတော် ထောက်လှမ်းရေး – အပိုင်း(၂)

************************************************

ဗိုလ်ကြီးကျော်စွာမြင့်နဲ့ ပတ်သက်လို့ သိချင်တဲ့ စာဖတ်ပရိသတ်များကို ဒုဗိုလ်မှူးကြီး ကြည်ဆွေ ရေးသားတဲ့ စာအုပ်ပါ မူရင်းအကြောင်းအရာများအပြင် ဗဟုသုတရရှိစေလိုတဲ့ စေတနာနဲ့ စစ်ဖက်နီးစပ်သူများထံမှ တပ်သမိုင်းပါ အချက်အလက်များကို ညှိနှိုင်းတောင်းခံပြီး ကျွန်တော် ကိုဖိုးတရုတ်က ထပ်မံဖြည့်စွက် တင်ပြလိုက်ပါတယ်။ ဗိုလ်ကြီးကျော်စွာမြင့်လို တတိယနိုင်ငံကို ထွက်ပြေးလို့ ရခဲ့ရင် အောက်ခြေစစ်သည် အရာရှိတွေအားလုံး အခုအချိန်မှာ တစ်ယောက် မကျန်အောင် ထွက်ပြေးကြပါလိမ့်မယ်။ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံကြီးများ အနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို နအဖအား အချိန်ကုန်ခံပြီး တိုက်တွန်းနေမဲ့အစား ယနေ့တပ်မတော်မှာ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ မျိုးချစ်တပ်မှူးများကို လက်ကမ်းကြိုဆိုပြီး သူတို့ရဲ့ နည်းဗျူဟာများနဲ့ စစ်အာဏာရှင်တွေရဲ့ ပျော့ကွက်များကို ဖော်ထုတ်အသုံးချနိုင်မယ်ဆိုရင်  ဒီမိုကရေစီပန်းတိုင် သို့ အနှေးနဲ့အမြန် ရောက်ကြမှာ မလွဲဧကန် ဖြစ်ပါတယ်။ တဆက်တည်းမှာ စစ်အာဏာရှင်တွေရဲ့ ဖေါက်ပြန်မှုကို အနီးကပ်ဆုံး နေတဲ့သူက ပိုမိုသိရှိတယ် ဆိုတာလည်း တင်ပြလိုက်ရပါတယ်။

တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ စစ်ဆင်ရေး အရာရှိတစ်ဦးဖြစ်သော ဗိုလ်ကြီးကျော်စွာမြင့် မှာ ဗိုလ်နေဝင်း၏ ပြည်တွင်းပြည်ပ ခရီးစဉ်များတွင် အမြဲလိုလို လိုက်ခဲ့ရသူ ဖြစ်ပါသည်။ ဗိုလ်ကြီးကျော်စွာမြင့်သည် ခရစ်ယာန်ဘာသာ ရိုမင်ကက်သလစ် ဂိုဏ်းဝင် ဖြစ်ပြီး၊ ဘာသာရေး အယူသည်းသူ တစ်ဦး ဖြစ်သဖြင့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ကို မကျေမနပ်ဖြစ်ကာ တောခိုခဲ့ပါသည်။

ဤအဖြစ်မျိုးမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်သဖြင့်၊ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူးကြီး လွင်နှင့် ဂျီတူး ဗိုလ်မှူးချာလီတို့မှာ ဘာလုပ်ရမှန်းမသိ ပူပန်သောက ဖြစ်ခဲ့ပုံရပါသည်။ ၎င်းတို့ အနေနှင့် ကြိတ်၍ ရှာဖွေကြပုံရပါသည်။ ထိုအချိန်မှာပင် ပဲခူးရိုးမ တနေရာတွင် ထားရှိသော ဗိုလ်မှူးတင်ဦး (မျက်မှန်တင်ဦး)၏ ထောက်လှမ်းရေး ပိုက်ကွန်နှင့် ဗိုလ်ကြီးကျော်စွာမြင့် ဆုံတွေ့ရပြီး သတင်းတက်လာခဲ့ပါသည်။ ဗိုလ်မှူးတင်ဦး (မျက်မှန်တင်ဦး) က စစ်ရုံးသို့ ဗိုလ်ကြီးကျော်စွာမြင့် ဘာဖြစ်လို့ ပဲခူးရိုးမ ဘက်သွားတာလဲဟု မေးရာ ထိုအချိန်က ဗိုလ်ကြီးတစ်ဦးအနေနှင့် စစ်ရုံးတွင် ဝင်ဆန့်ခြင်း မရှိခဲ့သေးသဖြင့် ခပ်ပေ့ါပေါ့ပင် ပြန်ဖြေခဲ့ပုံရပါသည်။ ယင်းအဖြစ်အပျက် နှင့်ဆက်စပ်၍ ဗိုလ်မှူးကြီးလွင်နှင့် ဗိုလ်မှူးချာလီသိန်းရွှေတို့မှာ ဗိုလ်နေဝင်းက အထင်မှားခြင်း ကို ခံခဲ့ရပါသည်။ ဗိုလ်မှူးချာလီအား စစ်သံမှူးနှင့် ယိုးဒယားသို့ ပို့ပြီး ဗိုလ်မှူးကြီးလွင်အားလည်း တာဝန်မပေးဘဲ ထားခဲ့ပုံရပါသည်။ ထိုအချိန်က ဗိုလ်မှူးကြီးလွင်သည် ဗဟိုထောက်လှမ်းရေးတပ်၌သာ အနေများခဲ့ပါသည်။

ဗိုလ်ကြီးကျော်စွာမြင့် နှင့်ပတ်သက်ပြီး ဗိုလ်နေဝင်းက ထောက်လှမ်းရေး အရာရှိများကို ခေါ်ယူတွေ့ဆုံ၍ ရှင်းလင်းပြောပြခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ဗိုလ်နေဝင်းက ထောက်လှမ်းရေးဆိုတာ လူကြီးတွေရဲ့ နားမျက်စိ ဖြစ်ကြောင်း၊ ဘာသတင်းမဆို အရေးကြီး မကြီး ကို ဆုံးဖြတ်တာမျိုး မလုပ်ဘဲ အထက်လူကြီးများထံသို့ အမြန်ဆုံး ရောက်ရှိအောင် တင်ပြဖို့လိုကြောင်း ထောက်လှမ်းရေး အရာရှိများသည် အရေးပါသောတာဝန်ကို ထမ်းဆောင်ကြရသဖြင့် အကြောင်းတခုခုကြောင့် အကြပ်ကိုင်ခံရခြင်းမျိုး ဖြစ်တတ်ကြောင်း၊ ထိုသို့ ခံရလျှင်ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာ အခက်အခဲ ရှိလျှင် ဖြစ်စေ ဖုံးထားခြင်းမရှိဘဲ လူကြီးများထံသို့ အမြန်ဆုံး တင်ပြကြစေလိုကြောင်း၊ ယင်းသို့ တင်ပြခဲ့သဖြင့် လူကြီးများက ဖြေရှင်းပေးခဲ့သည့် အစဉ်အလာများ ရှိခဲ့ကြောင်းများကို အတွေ့အကြုံများနှင့်တကွ စည်းရုံးရှင်းပြခဲ့ပါသည်။ ထိုရှင်းလင်းပွဲ၌ ဗိုလ်နေဝင်းနှင့်အတူ တော်လှန်ရေးကောင်စီဝင်များ အားလုံး ပါဝင်ကြပါသည်။

ဗိုလ်နေဝင်းအနေနှင့် လုပ်ဖော်ကိုင်ဖက်များဖြစ်သော တော်လှန်ရေးကောင်စီဝင်များအား အရေးကြီးကိစ္စများကို လုပ်ဆောင်ရာတွင် အသိပေးသည့် အနေမျိုးနှင့်ဖြစ်စေ လေ့ကျင့်ပေးသည့်အနေနှင့် ဖြစ်စေ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆပါသည်။ ထောက်လှမ်းရေးအရာရှိများအား တွေ့ဆုံရာတွင် သင်ခန်းစာ ယူစရာများစွာ ရှိခဲ့ပါသည်။ ဗိုလ်ကြီးကျော်စွာမြင့်နှင့်ပတ်သက်၍ ဗိုလ်နေဝင်းက ဆက်လက်ရှင်းပြရာတွင် ဗိုလ်ကြီးကျော်စွာမြင့် အား သားသမီးကဲ့သို့ လည်းကောင်း၊ ညီအစ်ကိုကဲ့သို့ လည်းကောင်း သဘောထားခဲ့ကြောင်း၊ ကရင် အမျိုးသား ဖြစ်ပြီး သွက်လက်ဖြတ်လတ်သူ ဖြစ်သဖြင့် တော်တော် သဘောကျခဲ့ကြောင်း၊ ထိုကိစ္စတွင် ၎င်းမှာလည်း တာဝန်ရှိတယ်လို့ ဆိုနိုင်ကြောင်း ရှင်းလင်းတင်ပြသင့်တာကို ရှင်းမပြတာဟာ မလိုလားအပ်တာတွေ ဖြစ်ဖို့ အကြောင်းဆိုတာကို သင်ခန်းစာ ယူရမည်ဖြစ်ကြောင်း ရှေ့ကို ဘာကိစ္စဘဲ ဖြစ်ဖြစ် ပြောသင့်တာကို ပြောကြစေ လိုကြောင်း၊ အခုကိစ္စမှာ သူက ငါနဲ့ အမြဲလိုလို အနီးကပ်နေတာဆိုတော့ ငါသိသလို သိမှာပဲလို့ ထင်ခဲ့တာလည်း တစ်ကြောင်း စသဖြင့် ဖြစ်စဉ်များကို ရှင်းပြခဲ့ပါသည်။ ဗိုလ်ကြီးကျော်စွာမြင့်မှာ ဗိုလ်နေဝင်းရဲ့ ဇနီး ဒေါ်ခင်မေသန်းရဲ့အချစ်တော် အိမ်ပီအေ(PA) အိမ်တော်ကြီးအထိ ဝင်ထွက်ခွင့် ရှိသူဖြစ်ရာ ဗိုလ်နေဝင်းရဲ့ အတွင်းသတင်းများကို ရယူနိုင်သောကြောင့် စစ်ရုံးတခုလုံး တုန်လှုပ်ချောက်ချား ခဲ့ရပါသည်။ ဗိုလ်ကြီးကျော်စွာမြင့် မှာ ခြေလုံလက်လုံ ပီသစွာဖြင့်နယ်စပ်ကိုဖြတ်ကျော်ကာ တတိယနိုင်ငံကို ထွက်ပြေးသွား နိုင်တာဟာဖြင့် မဆလ စစ်အာဏာရှင်များ အံ့သြခဲ့ရပါသည်။ ဗိုလ်နေဝင်း နေရာမှာ တခြားလူသာ ဖြစ်ခဲ့မည်ဆိုပါက ထိုလူကို ပြင်းပြင်းထန်ထန် အရေးယူကာ အမှုန့်ကြိတ် ပစ်မည်ဖြစ်ပြီး အမှန်တကယ် တာဝန်ရှိသူ ဗိုလ်နေဝင်းအနေနဲ့ အလိုက်သိသိ ရာထူးမှ ထွက်ပေးရမည် ဖြစ်ပါသည်။ လက်တွေ့မှာတော့ ဗိုလ်နေဝင်းဟာ အာဏာကို လက်မလွတ်ချင်၍ ဆင်ဝှေ့ရန်ရှောင် စကားလုံးများဖြင့် သူ့ကိုသူ ကာကွယ်သွားခြင်းသာ ဖြစ်ပါသည်။

ဗိုလ်ကြီးကျော်စွာမြင့် ကိစ္စကို အကြောင်းပြု၍ ဗိုလ်မှူးတင်ဦး (မျက်မှန်တင်ဦး) အား တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးကိုပါ တာဝန်ယူ လုပ်ဆောင်ရန်အတွက် ဗိုလ်နေဝင်းက တာဝန်ပေး ခဲ့ပါသည်။ ဗိုလ်မှူးတင်ဦး (မျက်မှန်တင်ဦး) မှာ ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောတတ်ခြင်း၊ မကျေနပ်မှုများ ရှိလျှင်လည်း မြိုသိပ်မထားတတ်ဘဲ ပွင့်လင်းစွာ ပြောတတ်ခြင်းတို့ကြောင်း စစ်ရုံးတွင် ဝင်ဆန့်မှု မရှိသလောက် ဖြစ်ခဲ့ရသည်။ ဗိုလ်နေဝင်းက တာဝန်ပေးခဲ့ရာတွင် အမိန့်စာ မထွက်ပဲ လုပ်နေခဲ့ရသဖြင့် စစ်ရုံးမှ အရာရှိအချို့၏ ပညာပြမှုကိုလည်း အမျိုးမျိုး ခံခဲ့ရပါသည်။ သူ့အား တိုက်ရိုက်မပြောရဲသည်များကို ဗဟို ထောက်လှမ်းရေးတပ်မှ အရာရှိများအား ပြောခဲ့ခြင်းများလည်း ရှိပါသည်။ ခင်ဗျားတို့ ဆရာကို ဘယ်သူက ခန့်လို့ ကကလှမ်းမှာ လာလုပ်နေတာလဲ ဟူ၍ပင် မေးမြန်းခဲ့ကြပါသည်။

ဗိုလ်မှူးတင်ဦးမှာ အလုပ်ကိုသာ နေ့မအား ညမအား စူးစိုက်လုပ်နေခဲ့သဖြင့်၊ အသေးအဖွဲ ကိစ္စများ မရှိခဲ့ပါ။ အထောက်အကူ ပစ္စည်းနည်းပါးစွာဖြင့် ၎င်းအတွက် အဓိက လုပ်ပေးကြသော ဗဟိုထောက်လှမ်းရေး မှ အရာရှိများမှာ ဒုက္ခ အမျိုးမျိုးနှင့် တွေ့ကြုံခဲ့ကြရပါသည်။ သို့သော်လည်း ထောက်လှမ်းရေးလုပ်ငန်းများမှာ အထူးပင် အောင်မြင်မှု ရရှိခဲ့ပါသည်။ ဗမာပြည်မှ ထောက်လှမ်းရေး တပ်ဖွဲ့ရဲ့ လုပ်ဆောင်မှု အရည်အသွေးကို နိုင်ငံတကာမှ အသိအမှတ်ပြု ရသည့်အထိ တိုးတက်လာပါသည်။ ကမ္ဘာမှာ ထောက်လှမ်းရေး အဆင့်အမြင့်ဆုံး အဖွဲ့တွေအနက် နံပါတ်(၁) စီအိုင်အေ (အမေရိကန်)၊ နံပါတ်(၂) မော့ဆက် (အစ္စရေး)၊ နံပါတ်(၃) အမ်အိုင်(၆) (အင်္ဂလန်) ပြီးရင် ဗမာထောက်လှမ်းရေးက စတုတ္ထနေရာတွင် ရှိကြောင်း သိရပါသည်။ ပစ္စည်းကိရိယာ အဆင့်မြင့် အတတ်ပညာ ငွေကြေးသုံးစွဲမှု အားနည်း၍သာ အဆင့်နိမ့်နေခြင်းဖြစ်ပြီး ဉာဏ်ရည်မြင့်မားမှု၊ တွေးခေါ်မြော်မြင်မှု၊ အပင်ပန်းခံနိုင်မှု ၊ဆင်းရဲဒဏ် ခံ နိုင်မှု၊ လုံလဝိရိယ ရှိမှု တို့တွင် သာလွန်ကြောင်း သိရပါသည်။ ဗကပ ထဲတွင် ဖြစ်စေ၊ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေထဲမှာ ဖြစ်စေ နှစ်ရှည်လများ မြှပ်နှံကာ ထောက်လှမ်းရေးမှန်း မသိအောင် ဇာတိနှင့် အသွင်လက္ခဏာ ဖျောက်ပြီး ထိုးဖောက်နိုင်စွမ်း ရှိခဲ့ပါသည်။ နောက်တက်လာတဲ့ ဗိုလ်ချုပ်ခင်ညွှန့်၏ ထောက်လှမ်းရေးအဖွဲ့ လုပ်ရည်ကိုင်ရည်တောင် မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦးရဲ့ ထောက်လှမ်းရေးအဖွဲ့ကို အဆင့်မမှီသေးတာ တွေ့ရှိရပါသည်။ နမူနာ ပြရရင် ထောက်လှမ်းရေးမှာ အဓိက အသက်ဖြစ်တဲ့ လှမ်း(၁) ဌာနဟာ အဓိကဦးဆောင်ပြီး တိုက်ပွဲထောက်လှမ်းရေး၊ ပြည်တွင်းလက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များရဲ့ ရှေ့တန်း စစ်မြေပြင် သတင်းများကို ရယူ ထောက်လှမ်းနိုင်မှုတွင် ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ထောက်လှမ်းရေး အဖွဲ့က ဖော်ထုတ်တင်ပြနိုင်ခြင်း နည်းပါး တာကြောင့် တိုင်းမှူးများနှင့် နယ်မြေခံ တပ်မှူးများက ဝေဖန် သုံးသပ်လျက် ရှိပါသည်။ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦးရဲ့အိမ် ဗုံးပေါက်ကွဲမှုနှင့် စွယ်တော်မြတ် ဗုံး ပေါက်ကွဲမှု ကိစ္စတွေမှာ လည်းဖော်ထုတ် နိုင်စွမ်း မရှိတာကို တွေ့ရှိရမှာ ဖြစ်ပါသည်။

ဆက်လက်တင်ပြရလျှင် တော်လှန်ရေးအစိုးရမှ ဖဆပလ အစိုးရအဖွဲ့ဝင် အပါအဝင် နိုင်ငံရေးသမားများအား ထိန်းသိမ်းခဲ့ရာတွင် ထိုသူများသည် နိုင်ငံရေး အတွေ့အကြုံ သော်လည်းကောင်း၊ စစ်ရေး အတွေ့အကြုံ သော်လည်းကောင်း အထူးရင့်ကျက်သူများ ဖြစ်သည်ကို တွေ့ရှိရပါသည်။ ၎င်းတို့အား ယာယီစခန်းတွင် ထိန်းသိမ်းထားစဉ်က ဗိုလ်မှူးတင်ဦးနှင့်တကွ တာဝန်ပေးထားသော အရာရှိများက နေ့စဉ်လိုလို သွားရောက် တွေ့ဆုံကြပြီး လိုအပ်သည်များကို တတ်နိုင်သမျှ အကူအညီပေးခဲ့ကြပါသည်။ ထိုသို့ သွားရောက်တွေ့ဆုံရင်း ရင်းနှီးစွာ စကားပြောဆို ဆွေးနွေးကြရင်း တော်လှန်ရေးအစိုးရ၏ စေတနာ၊ ဗိုလ်နေဝင်း၏ အရည်အချင်း ပြည့်ဝပုံ စသည်များကို အလျဉ်းသင့်တိုင်း စည်းရုံးပြောဆို ဆွေးနွေးခဲ့ကြပါသည်။ ယင်းသို့ ဆွေးနွေးရာတွင် ထိုပုဂ္ဂိုလ်များ၏ ပြန်လည်ဆွေးနွေးချက်များမှာ ထိုစဉ်က သက်သက်မခံချင်အောင် ပြောသည်ဟု ယူဆခဲ့ကြသော်လည်း ဗိုလ်နေဝင်း၏ အားနည်းချက်များကို ပြန်လည်ထောက်ပြပုံများမှာ အလွန်စဉ်းစားစရာများ ဖြစ်ကြောင်း နောင်တွင် သိလာရပါသည်။ စကားပရိယာယ် ကြွယ်ဝပြီး ဘုန်းကြီးစာချ ရှုံးလောက်သည့် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုကို မည်သူမျှ စကားအရာမှာ ယှဉ်၍ ပြောမရကြောင်း တွေ့ကြုံရပါသည်။ ထောက်လှမ်းရေး၏ နည်းပညာအရ “လူနု၊ လူပျော့၊ လူမာ” လူသုံးမျိုးရှိသည့်အနက် ကိုင်တွယ်ရခက်သည့် “လူနု” အမျိုးအစားထဲတွင် ဦးနုပါရှိကြောင်း ထောက်လှမ်းရေးနည်းပြများက အမြဲတစေ သင်တန်းသားများအား ပြောဆိုလေ့ ရှိကြပါတယ်။ အေးအေးဆေးဆေးနှင့် ဆွေးနွေးသူများမှာ တည်မြဲ ဖဆပလမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်း တို့ဖြစ်ကြပါသည်။ ပျက်ရယ်ပြုသကဲ့သို့ ပြန်လည်မေးခွန်းထုတ်ခြင်း၊ ဆွေးနွေးခြင်း ပြုသူများတွင် ယခင် သမ္မတဟောင်း ဦးဝင်းမောင်၊ ဦးဝင်း၊ ဦးရှာရှစ်၊ ဗိုလ်မင်းခေါင် စသူတို့မှာ ရှေ့ဆုံးမှ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဗိုလ်နေဝင်း အပေါ်တွင် ဆရာစန်းမြင့် (ဗိုလ်မှူးစန်းမြင့်)၊ ဆရာကြင်သိန်း (ဗိုလ်မှူးကြင်သိန်း)၊ ဗိုလ်ကြီးစိန်မြင့် တို့မှစ၍ ရဲဘော်ဟောင်းများက သစ္စာရှိပုံ အနွံအတာခံပုံ စသည်များကို အလျဉ်းသင့်၍ ပြောပြသည့် အခါများတွင် ဦးဝင်းက မကြာခဏ ပြန်မေးတတ်သော မေးခွန်းမှာ “ခင်ဗျားတို့ တတွေက ဗိုလ်နေဝင်း အတွက်ဆိုရင် အသက်ပေးပြီး သစ္စာရှိကြမယ်ဆိုတာကို ယုံကြည်ပါတယ်ဗျာ၊ ကျွန်တော်တစ်ခု စဉ်းစားမိလို့ မေးပါရစေဗျာ၊ ကပ်သီး ကပ်သပ်မေးတယ်လို့တော့ မအောက်မေ့ပါနဲ့နော်၊ ခင်ဗျားတို့ ဗိုလ်ချုပ်ကြီးကို အကြောင်းတခုခုကြောင့် ပြည်သူလူထုက မကျေနပ်ကြတော့ဘူး ဆိုပါတော့ဗျာ၊ အဲဒီအခါမှာ ခင်ဗျားတို့က  ပြည်သူလူထု ဘယ်လောက်မှန်မှန် ဗိုလ်နေဝင်းကိုဘဲ သစ္စာ ရှိနေကြမှာပဲ လို့ထင်တယ်၊ ကျွန်တော့် အထင်များမှားမလား မသိဘူး” ဟူ၍ မေးတတ်ပါသည်။ ဗိုလ်မှူးတင်ဦး (မျက်မှန်တင်ဦး) ကိုကား မေးခဲ့ခြင်း မရှိကြောင်း သိရပါသည်။ အခြား အရာရှိများကိုမူ မကြာခဏ မေးတတ်ကြောင်း သိရပါသည်။ အရာရှိများက လိမ္မာစွာဖြင့်ပင် “ဒီအဖြစ်မျိုးတော့ မရှိနိုင်ပါဘူးခင်ဗျာ၊ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်နေဝင်းတို့က တပ်မတော်သားတွေကို မိန့်ကြားပေးထားတာ ရှိပါတယ်။ တပ်မတော်ဟာ ပြည်သူတွေအတွက် ဖြစ်တယ်၊ ပြည်သူတွေဟာ တပ်မတော်အတွက် မဟုတ်ဘူးလို့ အတိအလင်း မိန့်ကြားထားခဲ့ပါတယ်။ ဒါကို ကြည့်ရင် ကျွန်တော်တို့ တပ်မတော်သားတွေဟာ ပြည်သူကိုပဲ ဦးစားပေးရမယ်လို့ အဓိပ္ပာယ်ရှိပါတယ်ခင်ဗျား” ဟူ၍ ဖြေကြားခဲ့ကြ ပါသည်။

ဗိုလ်မှူးချုပ် တင်ဦး နေရာရလာခြင်းနဲ့ ဦးနေဝင်းရဲ့ လူကောင်းလူတော်

********************************************************************

ဦးနေဝင်းရဲ့ လူကောင်းလူတော် မူဝါဒ ရိုက်သွင်းမှုကြောင့် တပ်မတော်အတွင်းမှာ “လူတော်” များ ဖယ်ရှားခံရပုံကို တင်ပြထားပါတယ်။ ထူးချွန်ထက်မြက်တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် လိုမျိုး ပုဂ္ဂိုလ်တွေကို ဦးနေဝင်းဟာ မနာလို ဝန်တိုမှု ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနတွေမှာ ရှိတဲ့ အတတ်ပညာရှင် အသိပညာရှင်များ၊ ပါမောက္ခများ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများ စတဲ့ ထူးချွန်သော ပညာရှင်များကို နေရာမပေးဘဲ နှိမ့်ချမှုကြောင့် ဦးနှောက် ယိုစီးမှုဖြစ်ပေါ်ကာ ပညာရှင်တွေ ပြည်ပနိုင်ငံများသို့ ပြောင်းရွေ့ သွားကြလို့ နိုင်ငံရဲ့လူသား အရင်းအမြစ်များ ဆုံးရှုံးခဲ့ရပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်

*****************************************************

ကျွန်တော် ကိုဖိုးတရုတ် အနေနဲ့ စစ်ဖက်နီးစပ်သူများနဲ့ တိုင်ပင်ဆွေးနွေးချက် အရ ဒုဗိုလ်မှူးကြီး ကြည်ဆွေရဲ့ စာအုပ်ပါ အကြောင်းအရာများအပြင် ဖယ်ရှားခံ ရတဲ့ တပ်မတော်က လူတော်များဖြစ်ကြတဲ့ ဗိုလ်မှူးချုပ် ကျော်ဇော၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းရီ နဲ့ ဗိုလ်ချုပ် လှဦးတို့ဟာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) မဖြစ်ဘဲ ချောင်ထိုးခံရတာကို ဖြည့်စွက် ဖောြ်ပလိုက်ပါတယ်။ ဦးနေဝင်းရဲ့ အရိုးစွဲ တစ်ယူသန် လူကောင်းလူတော်ဝါဒဟာ ယနေ့ ဗိုလ်သန်းရွှေ လက်ထက်တိုင် ဆက်လက် ရှင်သန်ကျင့်သုံးနေကြောင်း တေ့ွရှိရပြီး တပ်မတော် ထိပ်ပိုင်း ရာထူးများတွင် စစ်ရေးစစ်ရာအရ ထူးချွန်သူများ ဖြစ်ကြတဲ့ ဒုဗိုလ်ချုပ်ကြီး မောင်လှ၊ ဗိုလ်ချုပ် ဉာဏ်လင်းတို့မှာ လည်း ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ်ဆက်လက် နေရာပေးခြင်း မခံရဘဲ ဖယ်ရှားခံရကြောင်း ထပ်မံ ဖြည့်စွက် တင်ပြလိုက်ရပါတယ်။

ဗိုလ်မှူးချုပ် တင်ဦးဟာ ဗဟိုထောက်လှမ်းရေးတပ်တွင် တာဝန်ထမ်းဆောင်နေစဉ်မှာပင် ဗိုလ်ကြီးကျော်စွာမြင့် ကိစ္စပေါ်ပေါက်လာခဲ့ပြီးနောက် ကကလှမ်းမှာပါ တာဝန်ကို ပူးတွဲထမ်းဆောင်လာရပါတယ်။ မျက်မှန်ကြီးတင်ဦး ဟာ ဗိုလ်ကြီးကျော်စွာမြင့် ကောင်းမှုကြောင့် ဗိုလ်နေဝင်းရဲ့ အတွင်းစည်းသို့ စတင် ဝင်ရောက်ခွင့် ရလာပြီ ဖြစ်ပါတယ်။ ထိုစဉ်မှာပင် ဗိုလ်နေဝင်းရဲ့ ညွှန်ကြားချက်အရ အလုံလမ်းရှိ အိမ်တော် လုံခြုံရေးနှင့်ပတ်သက်ပြီး လုံခြုံမှု လေ့လာဆန်းစစ်ခြင်း (Security Survey) ပြုလုပ်ရန် တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ ဗဟိုထောက်လှမ်းရေးတပ်မှ အရာရှိများ စစ်သည်များကို အခြေခံပြီး လုံခြုံမှု လေ့လာစစ်ဆေးခြင်းကို ပြုလုပ်ခဲ့ပါတယ်။ လုံခြုံမှု လေ့လာ စစ်ဆေးခြင်းမှာ အရေးကြီးသော ဌာနများ၊ အဆောက်အဦးများ စက်ရုံအလုပ်ရုံများအတွက် လုံခြုံရေးအန္တရာယ်များကို ကာကွယ်နိုင်ရန် ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်ထားပြီးနောက် အခါအားလျော်စွာဖြစ်စေ၊ အခြေအနေအရ ဖြစ်စေ၊ (Security Inspection) ခေါ် လုံခြုံမှု စစ်ဆေးခြင်းများကို ပြုလုပ်သွားခြင်းအားဖြင့် လုံခြုံမှုအတွက် အလွန်ကောင်းမွန်အောင် ပြုလုပ်သွားနိုင်ပါတယ်။

ဗိုလ်နေဝင်းနှင့် မိသားစုဟာ ထိုစဉ်က အလုံအိမ်တော်အတွင်းတွင် နေထိုင်ဆဲ ဖြစ်ပါတယ်။ လုံခြုံမှု လေ့လာ ဆန်းစစ်ခြင်းမှာ အလွန်အသေးစိတ်ပြုလုပ်ရသဖြင့် အခြေအနေ အရပ်ရပ်ကို အမှန်အတိုင်း သိရှိနိုင်ခွင့် ရှိခဲ့ပါတယ်။ အပေါ်ယံ အခြေအနေအရ အလွန်စိတ်ချရသော နေရာဌာနကြီးဟု ယူဆရသော်လည်း ဆန်းစစ်လေ့လာပြီးသောအခါတွင် အလွန်စိုးရိမ်စရာ အခြေအနေများကို တေ့ွရှိရပါတယ်။ အိမ်တော်ဝန်ထမ်းများ အတွင်းမှာ မြန်မာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် အဆက်အသွယ် ရှိသူ ရာဇဝတ်မှု အမျိုးမျိုးမှ တိမ်းရှောင်နေသူ စသည်များကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ အများစုမှာ ဗိုလ်နေဝင်းရဲ့ ဇနီးဒေါ်ခင်မေသန်းရဲ့ သဘောတူညီချက်အရ ခန့်ထားသူများ ဖြစ်ကြပါတယ်။ အိမ်တော်အသုံးစရိတ်မှာလည်း နေ့စဉ်သောင်းဂဏန်း ကျော်နေခဲ့ပါတယ်။ အခြေအနေ အမျိုးမျိုးကို သိရှိခဲ့တော့ ဗိုလ်နေဝင်းဟာ အလွန် ဒေါပွခဲ့ပါတယ်။

ဗိုလ်နေဝင်းက တိုင်းပြည်အတွက် လူတော်များထက် လူကောင်းများကို ပိုမိုလိုအပ်ကြောင်း အတိအလင်း ထုတ်ဖော်မိန့်ကြားခဲ့ပါတယ်။ လူတော်များကို လူကောင်းများ ဖြစ်လာအောင် လုပ်ဖို့ မလွယ်ကူပေမဲ့ လူကောင်းများကို လူတော်များ ဖြစ်အောင် လုပ်ယူလို့ ရနိုင်ကြောင်း၊ လူကောင်းဆိုရာမှာ တိုင်းပြည်နှင့် လူမျိုးအပေါ်တွင် သစ္စာရှိသူ၊ အကြီးအကဲ များနှင့် အဖွဲ့အစည်း အပေါ်မှာ သစ္စာရှိသူများကို ဆိုလိုကြောင်း သူ့ရဲ့ မိန့်ခွန်းများ အရ ပေါ်လွင်အောင် ပြောကြားခဲ့ပါတယ်။ ဆိုရှယ်လစ်စနစ် ထူထောင်တဲ့ နိုင်ငံကြီးများမှ ခေါင်းဆောင်ကြီးများဟာ တိုင်းပြည်အတွက် ပညာတတ်များ ဖြစ်တဲ့ အတတ်ပညာရှင် အသိပညာရှင်များ ၊များစွာ လိုအပ်ကြောင်း၊ ဒါပေမဲ့ တစ်ကိုယ်ကောင်း ဆန်တတ်သော ပညာတတ် ညဉ်ရှိသူများကိုတော့ ဖယ်ရှားရမည် ဖြစ်ကြောင်းများကို အတိအလင်း ဟောကြားပြောဆိုခဲ့ကြပါတယ်။သူတို့ရဲ့ အဲဒီလို ပြောဆိုချက်တွေဟာ ဗိုလ်နေဝင်းရဲ့ လူကောင်းများ လိုအပ်တယ်ဆိုတဲ့ စကားနဲ့ အဓိပ္ပါယ် တူသယောင် ရှိတာကို တွေ့ရပါတယ်။

တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဗိုလ်နေဝင်းနဲ့ နီးစပ်စွာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ လူကြီးများရဲ့ ပြောကြားချက်အရ “ဗိုလ်နေဝင်းက လူကောင်းလူတော်ကို ခုမှ ခွဲခြားပြောတာ မဟုတ်ဘူး၊ ကျွန်တော်တို့ တပ်မတော်မှာ တာဝန်ယူခဲ့စဉ်က မကြာခဏ ပြောတတ်တဲ့ စကား ဖြစ်တယ်၊ တော်တဲ့ ကောင်တွေကို ကြပ်ကြပ် သတိထား၊ မင်းတို့ကို ခွစီးသွားလိမ့်မယ် ဆရာမွေးသလို ဖြစ်လိမ့်မယ်” လို့ အမြဲပြောခဲ့တယ်။ သစ္စာရှိတဲ့ကောင် ကောင်းတဲ့ ကောင်တွေကို မွေး၊ နောက်မှ တော်အောင်လုပ်ယူ၊ အဲဒါ အန္တရာယ်ကင်းတယ်” လို့ အမြဲ ပြောခဲ့ကြောင်းများကို သိရပါတယ်။ ဗိုလ်နေဝင်းဟာ လူတော်များကို မကြိုက်တာက သူ့ရဲ့ ဗီဇ ဖြစ်ပုံရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးဖြစ်ခဲ့တဲ့ ဦးသန့်နဲ့ပတ်သက်လို့ နိုင်ငံတကာမှ ရေးသားကြတဲ့ ပညာရှင်များရဲ့ရေးသားချက်များကို ဖတ်ရှုကြရတဲ့အခါ ဦးသန့်ဟာ အလွန်တော်သူဖြစ်ကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးဖြစ်လာသူများဟာ လူတော်များဖြစ်မည်မှာ သံသယ ဖြစ်ဖွယ် မရှိကြောင်း၊အဲဒီလို ဖြစ်လာသူများအထဲမှာ ဦးသန့်က ပိုပြီး ထူးခြားမှု ရှိကြောင်း၊ အနောက်အုပ်စု အရှေ့အုပ်စုမှစပြီး ကြားနေနိုင်ငံများ အားလုံးက အလွန်လေးစားခြင်းကို ခံရသူ ဖြစ်ကြောင်းများကို ဖတ်ရှုမှတ်သား ကြရပါတယ်။ ဆောင်းပါးရှင်တစ်ဦးက မှတ်ချက်ပြုရာမှာ ဦးသန့်ဟာ မြန်မာနိုင်ငံမှာ နေရပါက သူရဲ့အရည်အချင်းများကို ကမ္ဘာက သိခွင့်ရရှိခဲ့မှာ မဟုတ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂသို့ ရောက်ရှိလာ၍သာ သူ့ရဲ့အရည်အချင်းများကို နိုင်ငံတကာက သိရှိခွင့်ရရှိခဲ့ကြောင်း၊ အရည်အချင်း ကောင်းမွန်ရုံတင်မဟုတ်ဘဲ စိတ်ထားလည်း အလွန်မွန်မြတ်ကောင်းမွန်သူ တစ်ဦးဖြစ်ကြောင်းကို သူနဲ့ ဆက်သွယ်ခွင့်ရရှိသူတိုင်းက ထုတ်ဖော်ပြောကြားခဲ့ကြကြောင်းများကို ရေးသားထားခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဦးသန့်ဟာ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် သူရဲ့မိခင်ကို ကန်တော့ရန် မိခင်တိုင်းပြည် ်မြန်မာပြည် သို့ ပြန်ခဲ့ဖူးပါတယ်။ တော်လှန်ရေး ကောင်စီ လက်ထက်တွင် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ရောက်လျှင်ရောက်ချင်း နိုင်ငံရဲ့ အကြီးအကဲဖြစ်သော ဗိုလ်နေဝင်းအား ဂါရဝပြု နှုတ်ဆက်လိုကြောင်း  ပြောကြားပြီး၊ စီစဉ်ပေးရန် မေတ္တာရပ်ခံခဲ့ပါတယ်။ ဗိုလ်နေဝင်းအား တင်ပြရာတွင် မတွေ့လိုကြောင်း ပြောကြားခဲ့ကာ ငပလီသို့ ထွက်ခွာသွားခဲ့ပါတယ်။ ဦးသန့်က ခေါင်းဆောင်ကြီးများရဲ့ မူလ အစီအစဉ်အရ သွားခြင်းဖြစ်မည်ဆိုကာ သူကိုယ်တိုင် လိုက်၍ နှုတ်ဆက်ပါမည်ဆိုပြီး ငပလီသို့ လိုက်သွားခဲ့ပါတယ်။ ငပလီတွင် တွေ့ရန် ကြိုးစားစဉ် မတွေ့ရပဲ ဗိုလ်နေဝင်းဟာ နောက်နေ့စောစောတွင် ပြန်ပြီး ထွက်ခွာသွားခဲ့ပါတယ်။

အဲဒီအချိန်က ဦးသန့်နဲ့သွားရောက် တွေ့ဆုံခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦး (ကာကွယ်ရေးဦးစီးချုပ်ဟောင်း) က မိတ်ဆွေများနဲ့ စကားစပ်မိပြီး ပြောကြားရာမှာ “ဗိုလ်နေဝင်းက ဘာဖြစ်လို့လဲ မသိပါဘူးဗျာ၊ မအားလို့ မတွေ့နိုင်ကြောင်းပြောပြီး၊ မြန်မြန်ပြန်ခဲ့ဆိုလု့ိ ကျွန်တော်က သွားတွေ့ရတယ်၊ ဟိုရောက်တော့ ဦးသန့်က အလ္လာပ သလ္လာပ ပြောပြီး စကားကောင်းနေတော့ ရုတ်တရက် စကားမဖြတ်နိုင်ဘူးပေါ့ဗျာ၊ ဦးသန့်ကို အနီးကပ် တွေ့ရပြီး သူစကားပြောတာ နားထောင်ရတာနဲ့တကယ့် သူတော်ကောင်း လူတော်ကြီးတစ်ယောက်ဆိုတာကို ကျွန်တော် အကဲခတ်မိတယ်။ ဒီတော့ စကားဖြတ်ရမှာ အားနာပြီး နားထောင်ခဲ့ရတာပေါ့ဗျာ၊ ကျွန်တော်လည်း ပြန်ရောက်ရော၊ ဗိုလ်နေဝင်းက ဘာလို့ ဒီလောက်ကြာနေရတာလည်းကွ ဆိုပြီး ဆူတော့တာပဲ၊ နောက်နေ့ မနက်စောစော ပြန်မယ်ဆိုပြီး ပြန်တော့တာပါဘဲဗျာ” လို့ ပြောပြတတ်ပါတယ်။ “ဦးသန့်ကို နိုင်ငံတကာက လူတွေက ချီးကျူးကြတာလည်း မပြောနဲ့ဗျ၊ ကျွန်တော် ခဏတွေ့ရတာတောင် တော်တော်ကို လေးစားပြီး ကြည်ညိုမှု ဖြစ်ခဲ့ပါတယ်ဗျာ” လို့လည်း ပြောတတ်ပါတယ်။

အချို့က ထင်မြင်ချက်ပေးသည်မှာ “ဦးသန့်က ဦးနုနဲ့ နီးစပ်တယ်ဗျ၊ ဒါကြောင့် ဗိုလ်နေဝင်းက မတွေ့ချင်တာ ဖြစ်မယ်” လို့ ထင်မြင်ချက် ပေးသလို “ဦးသန့်တော်တဲ့ အကြောင်းက ကမ္ဘာမှာတောင် နာမည်ကြီးနေတော့ လူတော် မကြိုက်တဲ့ ဗိုလ်ချုပ်ကြီးနဲ့ ဘယ်တွေ့လို့ ရပါ့မလဲ” လို့လည်း ထင်မြင်ချက်ပေးကြပါတယ်။ ဟုတ် မဟုတ်မှာ ကာယကံရှင်သာ သိနိုင်သော အချက် ဖြစ်ပါတယ်။

ဗိုလ်နေဝင်း တက်လာပြီးတဲ့နောက် အရေးယူခံရသူတွေ လက်တွဲဖြုတ်ခံရသူတွေ တော်တော်များများ ရှိခဲ့ပါတယ်။ လူကြီးပိုင်းမှ ပါဝင်သကဲ့သို့ လူလတ်ပိုင်းမှလည်း ပါဝင်ပါတယ်။ ထူးခြားတာက အဲဒီ အရေးယူခံရသူ လက်တွဲဖြုတ်ခံရသူများဟာ တာဝန်ထမ်းဆောင်ကြစဉ်အတွင်း လူတော်များအနေနဲ့ ထင်ပေါ်လာသူများသာ ဖြစ်ကြောင်းကို တွေ့ရပါတယ်။ လူတော်များဟာ တနေ့နေ့မှာ ခြေရာတိုင်းလာနိုင်တယ်လို့ ယူဆလို့များ အရေးယူခံခဲ့ရတာလား၊ အများထက်တော်လို့ ထင်ပေါ်လာသဖြင့် မနာလို ဖြစ်ကြပြီး၊ တွန်းကြတိုက်ကြလို့ပင် ဖြစ်တာလားဆိုတာ စဉ်းစားဖွယ်ရာ ဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လူတော်များအနေနဲ့ နိုင်ငံအတွက် လုပ်ပိုင်ခွင့် ဆုံးရှုံးကြရခြင်းဟာ မလိုလားအပ်တဲ့ ကိစ္စတစ်ရပ်သာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦးဟာ အလွန်ကြိုးစားသူတစ်ဦးဟု နာမည်ရသူ ဖြစ်ပါတယ်။ “ဗိုလ်နေဝင်းရဲ့သား” လို့ အများက သတ်မှတ်ခဲ့ကြပါတယ်။ ဗိုလ်နေဝင်းအား ဘုရားကဲ့သို့ ကိုးကွယ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဗိုလ်နေဝင်းကဲ့သို့ပင် မှတ်ဉာဏ်အလွန်ကောင်းပြီး ဂျပန်ခေတ်ရဲဘော်ဟောင်းများအား အမည်နှင့်တကွ မှတ်မိသူ ဖြစ်တယ်။ အလေးပြုပုံမှ အစ ဗိုလ်နေဝင်းနှင့် တူအောင် ကြိုးစားခဲ့သူ ဖြစ်တယ်လို့ နီးစပ်သူများက ပြောခဲ့ကြပါတယ်။ စစ်ဆင်ရေး ပြောင်မြောက်သူ တစ်ဦး အဖြစ်လည်း ကျော်ကြားခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက်မှာ တပ်မတော် အရာရှိကြီးများအတွင်း တီးတိုးထင်မြင်ချက် ပေးလာခဲ့ကြပါတယ်။ “ဒို့ဆရာကြီးတော့ စိုးရိမ်ရတဲ့ အပိုင်းရောက်လာပြီ” လို့ ပြောလာခဲ့ကြပါတယ်။ အဲဒီလို ပြောကြတဲ့ အချိန်မှာဘဲ အရေးယူ ခံခဲ့ရတာဖြစ်ပါတယ်။
Rate this posting:
{[['']]}

No comments:

Post a Comment