သူရဲကောင်းဆိုရင် ငါတို့ကိုယ်၌က
ငုယင်ဗန်ထရွိင်းကို သတိရ
ကင်းဂျူနီယာကို သတိရ
ချေဂွေဗားရား
စပါတာကပ်ကို သတိရ
ချင်းအမျိုးသား
ဆလိုင်းတင်မောင်ဦးကိုတော့
မေ့နေကြလေရဲ့။
မှတ်ချက်***DVBသတင်းဝဘ်ဆိုဒ်မှကူးယူဖေါ်ပြထားပါသည်။
ဟုတ်ပါတယ်။
ကျနော်တို့ မေ့နေခဲ့ကြပါတယ်။ ပွင့်လင်းမြင်သာမှု မရှိအောင်
ပိတ်ပင်ထားတာရယ်၊ သူ့အကြောင်း တစွန်းတစ ပြောဆို ရေးသား ထုတ်ဝေ
ဖွင့်ဟမိသူတွေဆိုရင် ဖမ်းဆီးချုပ်နှောင်ခံရတတ်တာမို့ ဖုံးနေ ကွယ်နေ
ပျောက်နေ မေ့နေကြရတာပါ။ ဆလိုင်းတင်မောင်ဦးကို မဆိုထားနဲ့ တပ်မတော်ဖခင်၊
လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်နဲ့ ရင်ထိုးတွေ
ဝတ်ဆင်ထားမိရင်တောင် ပြဿနာတွေ တက်ခဲ့ကြတယ် မဟုတ်လား။ ဒါပေမယ့်
မမေ့နိုင်သေးသူတွေကတော့ တိုးတိုးတိတ်တိတ် ဖော်ထုတ်နေခဲ့ကြတာပါ။ အခုတော့
မေ့နေကြရာက သတိလည်လာခဲ့ကြပါပြီ။ ဆလိုင်းတင်မောင်ဦး အမှတ်တရပွဲတွေတောင်
တရားဝင် ပြောင်ပြောင်တင်းတင်း လုပ်နေနိုင်ကြပါပြီ။ ဒီကနေ့ ၂၀၁၅ ခုနှစ်၊
ဇွန် ၂၆ ရက်နေ့ဆိုရင် ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်
ချင်းအမျိုးသား ဆလိုင်း ကိုတင်မောင်ဦးကို ကြိုးပေး ကွပ်မျက်ခဲ့ကြတာ “၃၉
နှစ်” တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။
ဗြိတိသျှကိုလိုနီ အစ
ဒီမိုကရေစီနှစ်အနည်းငယ် အလယ်
စစ်အာဏာရှင်အဆုံး
တဦးတည်းသော ကြိုးပေးကွပ်မျက်ခံ
ကျောင်းသားခေါင်းဆောင်။
(လင်းခါး၏ ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း ကဗျာမှ)
လက်ရှိ သမ္မတကြီး
ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း) ဦးဆောင်တဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ စစ်တပိုင်းအစိုးရလက်ထက် ၂၀၁၅
ခုနှစ် မတ် ၁၀ ရက်နေ့က လက်ပံတန်း ကျောင်းသားသပိတ်ကို အ ကြမ်းဖက်
ဖြိုခွဲခဲ့သလိုပဲ သမ္မတကြီး ဦးနေ၀င်း (ဗိုလ်ချုပ်ကြီးဟောင်း) ဦးဆောင်တဲ့
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) စစ်တပိုင်းအစိုးရ လက်ထက် ၁၉၇၄ ခုနှစ်
ဒီဇင်ဘာ ၁၁ ရက်နေ့တုန်းကလည်း ဦးသန့်ဈာပန အရေးတော်ပုံကြီး အတွင်း
ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့ကြဖူးပါတယ်။
နောက်ပိုင်းမှာ ဦးသန့်အရေးတော်ပုံ ကျောင်းသားခေါင်းဆောင်
ဆလိုင်းတင်မောင်ဦးကို ဖမ်းဆီးလိုက်တယ်။ ၁၉၇၆ ခုနှစ် ဇွန် ၂၆ ရက်
စနေနေ့မှာတော့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေး
ကွပ်မျက်ခံခဲ့ရပါတယ်။ အခု ၂၀၁၅ ခုနှစ် ဇွန် ၂၆ ရက်မှာ သူကျဆုံးခဲ့တာ ၃၉
နှစ်ပြည့်ပါပြီ။ ဒါ ကြောင့်လည်း ဆလိုင်းတင်မောင်ဦးအကြောင်း ပြောရင်
ဦးသန့်ဈာပန အရေးတော်ပုံကြီးက စရမှာပါ။ ဒီစာကို ရေးနေရင်းကပဲ
ဦးသန့်အရေးတော်ပုံအကြောင်း ဂုဏ်ပြုစပ်ဆိုထားတဲ့ “ဦးသန့်သပိတ်”
သီချင်းကို နားဆင်နေမိတဲ့အခါ ဒီသီချင်း စာသားတွေကပဲ
ကျောင်းသားသပိတ်တိုက်ပွဲဝင် သမိုင်းကြောင်းကို ပြန်မြင်လာရပါတယ်။
( x
ဒို့ကျောင်းသားများ စောင့်မျှော်ခဲ့သည် x အခွင့်အရေးကို ရရှိခဲ့သည် x
တကမ္ဘာလုံးလေးစားရတဲ့ x ဦးသန့် ဈာပန အကြောင်းပြလို့အတည် x ၇၄ ဒီဇင်ဘာ
မဖြေသာအကြောင်းတရားက ဇာတ်လမ်း စလေပြီ x ငြိမ်းချမ်းရေးကို ဖက်တွယ်ခဲ့သူ x
စစ်အုပ်စုကို ဆန့်ကျင်ခဲ့သူ x ဦးသန့်လိုလူ ရာဇ၀င်ထူးလို့ အာဏာရူးတို့ ရန်စ
မီးပျိုး အငြိုးထားခဲ့သည် x ) (ဦးသန့်သပိတ်သီချင်းမှ)
ဦးသန့် ဈာပနအရေးတော်ပုံ
မြန်မာပြည်ရဲ့
ထူးချွန်ထင်ရှားတဲ့ တဦးတည်းသော ကမ္ဘာ့ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဟာ အသက် ၆၅ နှစ်အရွယ် ၁၉၇၄ ခုနှစ်
နိုဝင်ဘာ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံမှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရုပ်ကလာပ်ကို
မြန်မာပြည် ပြန်သယ်လာရာမှာ မဆလ တပါတီ အာဏာရှင်တွေက ထိုက်တန်စွာ
ဂုဏ်ပြုမပေးခဲ့တာမို့ ဆလိုင်းတင်မောင်ဦးနဲ့ ရန်ကုန်တက္ကသိုလ်
ကျောင်းသားတွေက ဦးဆောင်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဦးသန့်အလောင်းပါ
အခေါင်းတလားကို ကျိုက္ကဆံကွင်းကနေ ရန်ကုန်တက္ကသိုလ်ဆီ ယူငင်
သယ်ဆောင်သွားခဲ့ကြပါတယ်။ အဲ့သည်နောက် တက္ကသိုလ်မြေမှာ ကမ္ဘာ့
ခေါင်းဆောင်ကြီးကို လေးစားစွာ ဂူဗိမာန်ကြီး ပြုလုပ်ထည့်သွင်း ဈာပနပွဲ
ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။ ဒါကို မဆလစစ်တပ်က ဦးသန့်ဈာပနအတွက်
စီစဉ်နေကြတဲ့ ကျောင်းသားတွေနဲ့ ရဟန်းရှင်လူ ပြည်သူတွေကို ဒီဇင်ဘာ ၁၁
ရက်နေ့မှာ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်ပြီး ဖြိုခွင်းခဲ့ပါတယ်။ ကျောင်းသားတွေ၊
ရဟန်းတော်တွေနဲ့ ၀န်းရံပြည်သူတွေ သေခဲ့ကြတယ်။ မဆလ စစ်တပိုင်းအစိုးရကတောင်
၃၀ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ခဲ့ပါရဲ့။ နောက်ထပ် လူဦးရေ ထောင်နဲ့ချီ
ဖမ်းဆီးခံခဲ့ရပြီး နှစ်တို၊ နှစ်ရှည် ထောင်ချ ချုပ်နှောင်ထားခဲ့လို့
ပညာသင်ြ ကားမှု နှောင့်နှေးခဲ့ရပါတယ်။
ဦးသန့်ဈာပန အရေးတော်ပုံနဲ့ ဆလိုင်းတင်မောင်ဦး
ခရစ်ယာန်ဘာသာဝင်
အရှိုချင်းအမျိုးသားတဦးဖြစ်သူ ဆလိုင်းတင်မောင်ဦးကို ၁၉၅၁ ခုနှစ်
နိုဝင်ဘာလ ၉ ရက်မှာ အဖ ဦးလှဒင်၊ အမိ ဒေါ်နှင်းမြိုင်တို့က ပဲခူးတိုင်း
တောင်ငူမြို့မှာ မွေးဖွားခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့မိသားစုဟာ
ရန်ကုန်ကို ပြောင်းခဲ့ကြပြီး ၁၉၇၁ ခုနှစ်ကစ ရန်ကုန် ၀ိဇ္ဇာနဲ့
သိပ္ပံတက္ကသိုလ်မှာ သတ္တဗေဒ အဓိကနဲ့ ပညာသင်ကြားနေခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်၊
ဒီဇင်ဘာ ၅ ရက်မှာ ပထမအကြိမ် မြေအောက်ကျောင်းသားလှုပ်ရှားမှုနဲ့ သူ
အဖမ်းခံခဲ့ရတယ်။ ၁၉၇၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်မှာ ပြန်လွတ်ပြီိး ဒုတိယနှစ်
တက်ခဲ့တယ်။ ၁၉၇၄ ခုနှစ် ဇွန် ၆ အလုပ်သမား သပိတ်မှာလည်း
အလုပ်သမားတွေကို ပါဝင်ကူညီခဲ့ပြီး ဒီဇင်ဘာလ ဦးသန့်အရေးအခင်းမှာ
ဦးဆောင်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်၊
ဒီဇင်ဘာ
၁၁ ရက် ညမှာ စစ်တပ်က ဦးသန့်ဈာပနသပိတ်ကို ၀င်ရောက် ပစ်ခတ်ဖြိုခွဲခဲ့လို့
ကျောင်းသား၊ သံဃာနဲ့ ပြည်သူတွေ သေဆုံးခဲ့ပြီး ထောင်နဲ့ချီ အဖမ်းခံခဲ့ရတယ်။
အဲဒီနောက် ကိုတင်မောင်ဦးဟာ နယ်စပ်ကို တိမ်းရှောင်သွားပြီး ၁၉၇၆ ခုနှစ်
မတ်လ ၂၂ ရက်နေ့ကျမှ မှိုင်းရာပြည့်အရေးတော်ပုံအတွက် ပြင်ဆင်နေတုန်း
ပြန်အဖမ်းခံခဲ့ရတယ်။ ဇွန်လ ၂၆ ရက်နေ့မှာ ကြိုးပေး ကွပ်မျက်ခံခဲ့ရပါတယ်။
ဒါပေမယ့် ဆလိုင်းတင်မောင်ဦးဟာ တိုက်ပွဲဝင် ခွပ်ဒေါင်း
ကျောင်းသားခေါင်းဆောင် ပီသစွာ ကြိုးစင်ပေါ်မှာ စစ်အာဏာရှင်တွေကို
မကြောက်မရွံ့ ပြုမူပြောဆို ရင်ဆိုင်သွားခဲ့တယ်လို့
သူ့ရဲဘော်ကျောင်းသားဟောင်းတွေက ပြန်ပြောပြခဲ့ပါတယ်။
“မင်းတို့ ငါ့ရဲ့
ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်၊ ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့
ဘယ်တော့မှ သတ်လို့မရ၊ မင်းတို့ စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးထောက်မှာ
မဟုတ်ဘူးကွ။” လို့ ဆလိုင်းတင်မောင်ဦးက ပြောခဲ့တယ်လို့ ဆိုပါတယ်။
၁၉၇၄ ခုနှစ်
တိုက်ပွဲဝင် ကျောင်းသားဟောင်း ဦးဂါမဏိကတော့ “ကိုတင်မောင်ဦးရဲ့ အခန်းကဏ္ဍက
ချင်းတိုင်းရင်းသား ဖြစ်ပေမယ့် ချင်းလူမျိုးတွေ၊
ချင်းကျောင်းသားတွေအတွက်တင်မက ဗမာတပြည်လုံးရဲ့ ဒီမိုကရေစီရေးနဲ့
စစ်အာဏာရှင် ဆန့်ကျင်ရေးကို ဦးဆောင်သွားခဲ့တဲ့သူ ဖြစ်တယ်။ အဲ့သလို
အားလုံးအတွက်လုပ်တဲ့ စိတ်ဓာတ်ကို အားလုံးအတုယူရမယ်။” လို့ ဆိုပါတယ်။
ဆလိုင်းတင်မောင်ဦးဟာ ၁၉၇၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ချင်းစာပေနဲ့
ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။
“ဒီ ချင်းအမျိုးသားဟာ
တိုင်းရင်းသားလူငယ်တွေရဲ့
သန့်စင်သော မီးရှူးတန်ဆောင်ပါပဲ။
လောက်တဖွားဖွားခေတ်ထဲက
မကြောက်တရားပြသူ ယောက်ျားမြတ်ပါပဲ။
အာဏာရှင်ကုပ်ပိုးကို ပုတ်နှိုးလိုက်တဲ့
စူးစူးဝါးဝါး တောက်ပတဲ့ နေအလင်းရောင်ပါပဲ။”
(လင်းခါး၏ ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း ကဗျာမှ)
“သူဟာ
လူငယ်ကျောင်းသားတွေရဲ့ အိုင်ကွန်ပါ။ သင်္ကေတတခုပါ။ သူ့ရဲ့ ရဲရင့်မှုတွေ၊
သမိုင်းဂုဏ်ရောင်ပြောင်တဲ့ ဦးဆောင်ခဲ့မှုတွေက ကျနော်တို့အတွက် အတုယူစရာလည်း
ကောင်းပါတယ်။ အထူးသဖြင့် ကိုတင်မောင်ဦးရဲ့ စစ်အာဏာရှင်အပေါ် ဦးမညွှတ်
ဒူးမထောက် လက်မမြှောက်တဲ့ စိတ်ဓာတ်ပါပဲ။”
၁၉၇၄ ခုနှစ်
ဦးသန့်အရေးတော်ပုံ ကျောင်းသားဟောင်း ကဗျာဆရာ ဇော်ငြိမ်းလတ်ကတော့
“ဦးသန့်ဈာပန ဖြစ်လာတဲ့အခါ ကိုတင်မောင်ဦးက ဈာပနကို ခမ်းခမ်းနားနား
ဖြစ်စေချင်တယ်လို့ ခဏခဏ ပြောတယ်ဗျ။ ဈာပနကို ကြီးကြီးကျယ်ကျယ်လုပ်ဖို့
ကျောင်းသားထုထဲမှာ လှုံ့ဆော်တယ်။ ကျောင်းသားတွေကလည်း ထောက်ခံကြတယ်။
ကျောင်းသားကြီးတယောက်အနေနဲ့ လေးစားကြတယ်။ ဆိုလိုချင်တာက သူဟာ နဂိုတည်းက
နိုင်ငံတော်ပုန်ကန်တဲ့ ကျောင်းသားလည်း မဟုတ်ခဲ့ဘူး။ သူဟာ စာတော်တဲ့
ထူးချွန်ကျောင်းသားလည်း ဖြစ်တယ်။ ကျောင်းသားအရေးသက်သက် လုပ်ခဲ့တာဖြစ်တယ်။
မဆလ ထုံးစံအတိုင်း မနေနိုင်အောင် ကျောင်းသားတချို့ကို ထောင်ထဲထည့်မယ်။
တချို့ကို ပြည်တွင်းမှာ မနေနိုင်အောင် မောင်းထုတ်မယ်။ ပြီးမှ
သူပုန်ဆက်သွယ်မှုနဲ့ တရားဝင် သေဒဏ်ပေးမယ်။ ဒီလိုဖန်တီးပြီး
ကိုတင်မောင်ဦးကို သတ်ခဲ့တာ။” လို့ ပြောခဲ့ပါတယ်။
ဆလိုင်းတင်မောင်ဦးကို
အင်းစိန်ထောင်တွင်း စစ်ခုံရုံးက အကျဉ်းနည်းနဲ့ သေဒဏ်အမိန့် ချခဲ့တာပါ။
သူ့ကို သေဒဏ်ပေးရက်ကိုလည်း မိဘတွေကို အသိမပေးဘဲ စီရင်ခဲ့ပါတယ်။ တိတ်တဆိတ်
သတ်ခဲ့ကြတာပါ။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကတော့ “မြန်မာပြည်သူတရပ်လုံး သာယာဝပြောတဲ့ဘ၀ကို
ရရဖို့အတွက် ရည်ရွယ်ပြီး ဆလိုင်းတင်မောင်ဦးက စွန့်လွှတ် ပေးဆပ်သွားခဲ့တာ
ဖြစ်တယ်။” လို့ ၃၅ နှစ်မြောက် ဆလိုင်းတင်မောင်ဦး ဂုဏ်ပြု အခမ်းအနားမှာ
ပြောဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃၉ နှစ်
ဇွန် ၂၆ ရက် စနေနေ့မနက် ဆလိုင်းတင်မောင်ဦးကို သတ်ခဲ့တဲ့ ကြေကွဲစရာ၊
ခံပြင်းနာကြည်းစရာ အဖြစ်ဆိုးကိုတော့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့
ဦးသန့်အရေးတော်ပုံ ကျောင်းသားဟောင်း ဦးမောင်မောင်တိတ် (ကွယ်လွန်) က
အခုလို ပြောပြခဲ့ဖူးပါတယ်။
“အဲဒီ
ကြိုးပေးမယ့်မနက်မှာ ကျနော်တို့က ဒီ ရင်ကွဲတိုက်လို့ခေါ်တဲ့
ကြိုးတိုက်ပေါ့နော်။ အသံတွေ ကြားရတာ ထူးတယ်ဗျ။ ဟိုဗျာ အင်းစိန်ထောင်မှာ
တခုခုလုပ်တော့မယ်ဆိုရင် တွံတေးသိန်းတန် သီချင်းတွေ အကျယ်ကြီး ဖွင့်တတ်တယ်။
အဲ့ဒီနေ့က လော်စပီကာကြီးနဲ့ သီချင်းတွေ အကျယ်ကြီးဖွင့်တယ်ဗျ။
ကိုတင်မောင်ဦးကို ခေါ်ထုတ်လာချိန်မှာ သူက ရဲဘော်တို့ ငါ့ကို ခိုးသတ်ဖို့
ခေါ်ထုတ်လာပြီဆိုပြီး အော်တယ်။ ဒါကို သူ့အသံကိုဖုံးအောင် ထောင်ဝါဒါတွေက
ဟေးဟေးဟေးဟေးဆိုပြီး အုပ်စုလိုက် ၀ိုင်းအော်တယ်။ ဒါနဲ့ ကိုတင်မောင်ဦးအသံ
ပျောက်သွားပြန်တယ်။ သူထပ်အော်တဲ့ အသံကို မကြားနိုင်တော့ဘူး။ နောက်တခါ
ကိုတင်မောင်ဦးက ရဲဘော်တို့လို့ ထပ်အော်လိုက်တာနဲ့ ၀ါဒါတွေက
ဝိုင်းအော်ပြန်ရော။ သူ့အသံကို ဖုံးသွားအောင် ၀ိုင်းအော်ကြတာလေ။ နောက်တခါ
ဝေးသွားတဲ့အခါ ကြားလိုက်တာကတော့ ငါတော့သွားပြီ၊ မင်းတို့ဆက်တိုက်ကြ
ဆိုတာကို နောက်ဆုံး ကြားလိုက်ရတယ်။ နောက် မိနစ် ၂၀ လောက်မှာ ကြိုးပေးတဲ့
သံတံခါးကြီးပိတ်သံ ဂျိမ်းဆိုတဲ့ အသံကြီးကို ကြားလိုက်ရတယ်။”
“သူ့ညီမလေး မလှမြိုင်အတွက်
ဂုဏ်ယူသွားခဲ့တဲ့
ဆလိုင်းတင်မောင်ဦးတဲ့ဟေ့
ကမ္ဘာက သိစေ
ဆလိုင်းတင်မောင်ဦး တဲ့ဟေ့
ကမ္ဘာက ကြားစေ
သူရဲကောင်းတွေရဲ့ ကမ္ပည်းနံရံပေါ်
သူရဲကောင်းတွေရဲ့ မော်ကွန်းကျောက်သားပေါ်
သူ့ကို ထည့်မှတ်ကြ
သူ့နာမည်ကို ရေးထိုးကြ
စိတ်ဓာတ်ခွန်အားကသာ ရုပ်ကမ္ဘာကို ပြောင်းလဲစေတယ်
တရားမျှတမှု မေတ္တာ လူ့ဂုဏ်သိက္ခာ လွတ်လပ်မှု အကြောင်း
ဆလိုင်းတင်မောင်ဦး ပို့ချချက်
ကမ္ဘာသူ ကမ္ဘာသား အောက်မေ့ကြစေမယ်။
ဆလိုင်းတင်မောင်ဦး သေမယ်ထင်လို့
ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်
သတ်ဖြတ်ခဲ့တယ်
ငါတို့ နှလုံးသားထဲမှာတော့
ဆလိုင်းတင်မောင်ဦး
ဘယ်တော့မှ မသေ. . .။ ။ (လင်းခါး၏ ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း ကဗျာမှ)
ဒီနေ့ ၂၀၁၅ ခုနှစ်၊
ဇွန်လ ၂၆ ရက်ဆိုရင် ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်ခဲ့တာ ၃၉ နှစ်
ရှိခဲ့ပါပြီ။ ဒါပေမယ့် သူ မသေပါ။ အားလုံးရင်ထဲ သူရှိနေဆဲပါ။ “မင်းတို့
ငါ့ရဲ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်၊ ငါ့ရဲ့ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့
ဘယ်တော့မှ သတ်လို့မရ၊ မင်းတို့ စစ်ဖိနပ်အောက် ငါ ဘယ်တော့မှ ဒူးထောက်မှာ
မဟုတ်ဘူးကွ။” လို့ ဆလိုင်းတင်မောင်ဦးက ပြောခဲ့သလို သူဟာ ရှင်သန်နေဆဲပါ။
နှစ်စဉ် သူကွယ်လွန်ခဲ့တဲ့ ဇွန်လ ၂၆ ရက်တိုင်းမှာ အမှတ်တရ အခမ်းအနားတွေ
ကျင်းပကြမြဲပါ။ ၂၀၁၄ ခုနှစ် မနှစ်က ကျင်းပခဲ့တဲ့ ဆလိုင်းတင်မောင်ဦး
ကြိုးပေးခံခဲ့ရတဲ့ ၃၈ နှစ်မြောက် အောက်မေ့ဘွယ် အခမ်းအနားကစတင်ပြီး
ဆလိုင်းတင်မောင်ဦး စာပေဆုပေးပွဲ ပြုလုပ်ခဲ့ပါတယ်။ နှစ်စဉ်လည်း ဒီ ဆုပေးပွဲ
ကျင်းပသွားမှာပါ။ အထူးခြားဆုံးကတော့ ကျင်းပရေးကော်မတီက
ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းနေရင်း အသက်စွန့်ခဲ့တဲ့
ဆလိုင်းတင်မောင်ဦးကို အာဇာနည်အဖြစ် သတ်မှတ်ပြီး အာဇာနည် ဆလိုင်း
ဗိုလ်တင်မောင်ဦးလို့ ခေါ်တွင်ကြမှာဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
။
မောင်တူး
မူရင်းလင့်...
Rate this posting:
{[['
']]}
No comments:
Post a Comment