Warmly welcome from mgburmese8888 blog.
ကျွန်တော့်ရဲ့ဘလော့ဂ်လေးကိုအလည်လာတဲ့အတွက်မိတ်ဆွေတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ဖက်ဆစ်အာဏာရှင် နေဝင်းနှင့်ထောက်လှမ်းရေးချုပ်မျက်မှန်ကြီးတင်ဦးတို့၏နှိပ်စက်ညှင်းပမ်းမှု့တို့ ကြောင့်ရေ ကြည်အိုင်အကျဉ်းစခန်းတွင်အသက်စွန့်သွားရရှာသော ဖက်ဆစ်တော်လှန်ရေး သူရဲခေါင်း ဗိုလ်မှုးကြီးဗထူး၏သား ဗိုလ်ကြီးမြင့်ထူးအကြောင်း အပိုင်း(၁၊၂၊၃၊၄)



 မြန်မာ့နိုင်ငံရေးကိုစိတ်ဝင်စားကြသောစာရှု့သူမိတ်ဆွေအပေါင်းတို့ခင်ဗျာ...ဦးစွာကျွန်တော်ယ္ခုဖေါ်ပြမည့်    "ဆောင်းပါးရှင် မောင်စည်သာ"၏"သပြေတခက်ကြွေရက်ကယ်စော"ဟူသောကိုယ်တွေ့အဖြစ်အပြက်က
လေးကိုကျွန်တော်၏ဘလော့ဂ်တွင်ဖေါ်ပြပေးရခြင်းရည်ရွယ်ချက်ကိုပြောပါရစေ။စစ်အာဏာရှင်နေဝင်းအုပ်
ချုပ်ခဲ့သောကာလများကမြန်မာနိုင်ငံတွင်အပြစ်မဲ့ပြည်သူအမြောက်အများအာဏာရှင်၏လက်ချက်ကြောင့်အ
သက်ဆုံးရှုံခဲ့ကြရသည်ကိုယ္ခုအသက်(၄၀)ကျော်သောသူတိုင်းသိပြီးဖြစ်ပါလိမ့်မည်ခင်ဗျား။အဆိုပါအသက်


ဆုံးရှုံးသွားသူများစုမှာထိုအချိန်ကစစ်အာဏာရှင်နေဝင်း၏လက်ကိုင်ဒုတ်ဖြစ်ခဲ့သူထောက်လှမ်းရေးချုပ်တင်ဦး(မျက်မှန်ကြီး၊လောရှည်)၏ရက်ရက်စက်စက်လက်ချက်ကြောင့်မရှု့မလှတရားမျှတမှု့မရှိဘဲတတ်ဆိတ်စွာအသက်ဆုံးသွားကြရတယ်ဆိုတာအများသိနေမည်ထင်ပါသည်။တစ်းဦးချင်းတစ်ယောက်ခြင်း၏အမည်နာမကိုတော့သိကြမည်မဟုတ်ပါ။အဆိုပါမရှု့မလှဖြင့်စစ်အာဏာရှင်လက်တွင်းတတ်တဆိတ်အသက်စွန့်သွားရသူများထဲတွင်မြန်မာ့လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်း၏အားကိုးရသောလက်ရုံးတဆူဖြစ်ခဲ့သောဖက်ဆစ်ဂျပန်ကိုပထမဦးဆုံးစတင်တိုက်ခိုက်ခဲ့သောမြန်မာ့လွတ်လပ်ရေးတပ်မတော်၏တပ်မှုးတစ်ဦးဖြစ်ခဲ့သော"ဗိုလ်မှုးကြီးဗထူး"၏သားအရင်းဖြစ်သော"ဗိုလ်ကြီးမြင့်ထူး"သည်လဲတစ်ယောက်အပါအဝင်ဖြစ်ပါသည်။"ဗိုလ်ကြီးမြင့်ထူး"၏သတင်းကိုထိုအချိန်အသေးစိတ်သိခွင့်မရခဲ့သော်လည်းယ္ခုသိခွင့်ရသောကြောင့်အလွန်ပင်ကြေကွဲဝမ်းနည်းမိပါသည်။ကျွန်တော်ကဲ့သို့ပင်လူအတော်များများသိရှိခဲ့ကြမည်မထင်ပါ။"ဗိုလ်ကြီးမြင့်ထူး"သည်တိုင်းပြည်ကိုကောင်းအောင်ကြိုးစားရင်းနှင့်ဖက်ဆစ်အာဏာရှင်နေဝင်းနှင့်လက်ကိုင်ဒုတ်မျက်မှန်တင်ဦးတို့၏လက်ထဲတွင်ရက်စက်စွာမတရားအသတ်ခံခဲ့ရသည့်ဤအဖြစ်အပြက်သည်ကျွန်တော့်အားဖက်ဆစ်အာဏာရှင်စနစ်ကိုအလွန်ပင်စက်ဆုတ်ရွံရှာမိစေပါသည်။ဤဲ့သို့သောဖက်ဆစ်စစ်အာဏာရှင်စနစ်တည်ရှိနေခြင်းသည်ပြည်သူပြည်သားတို့၏အသက်အိုးအိမ်စည်စိမ်များ၏လုံခြုံရေးကိုအစဉ်အမြဲချိမ်းချောက်လျှက်ရှိနေပါသည်။ယ္ခုနှောင်းလူများကိုလည်းဤအဖြစ်အပြက်အားသိရှိစေ၍ဖက်ဆစ်စစ်အာဏာရှင်တို့၏ကြောက်မက်ဖွယ်ရာတို့ကိုသဘောပေါက်နားလည်ပြီးအဆိုပါဖက်ဆစ်စစ်အာဏာရှင်စနစ်ကိုလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှု့နောက်မှလိုက်၍တညီတညွတ်တည်းမြန်မာပြည်မှအပြီးအပိုင်တိုက်ထုတ်နိုင်ရန်ရည်ရွယ်၍လူသိများနိုင်သမျှများစေရန်စည်းလုံးခြင်းရဲ့အင်အားစာမျက်နှာမှကူးယူဖေါ်ပြလိုက်ရပါသည်ခင်ဗျား။
Mg Burmese

သပြေတခက် ကြွေရက်ကယ်စော- အခန်း (၁)
ဆောင်းပါးရှင် - မောင်စည်သာ (တပ်မတော် အရာရှိဟောင်း တစ်ဦး)
စာဖတ်ပရိသတ်များခင်ဗျား-
မြန်မာ့ လွတ်လပ်ရေး အတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်မှူးကြီး ဗထူးကို ကြားဖူး နား၀ ရှိခဲ့ကြပေမဲ့ သားဖြစ်သူ ဗိုလ်ကြီးမြင့်ထူးရဲ့ အကြောင်းကိုတော့ သိသူရှိ သလို မသိသူလည်း အများအပြား ရှိပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို ရွံ့မုန်းတဲ့ ဗိုလ်ကြီးမြင့်ထူးရဲ့ ရင်နင့်စဖွယ် ဖြစ်ရပ်မှန်ကို စာဖတ်ပရိသတ်များအား တင်ပြပေး လိုက်ပါတယ်။ တိုင်းပြည်အတွက် သားကောင်းတစ်ဦး ဖက်ဆစ် စစ်ဘီလူး တွေကြောင့် အသက်ပေးခဲ့ပုံ ဖြစ်ရပ်မှန် ကိုယ်တွေ့ ဆောင်းပါးကို နောင်လာ နောင်သား မျိုးဆက်သစ်များ သိရှိနိုင်ရန် ဖြစ်ပါ တယ်။ တဆက်တည်းမှာ ဒီမိုကရေစီ အရေးအတွက် အသက်ပေးသွားတဲ့ ကျောင်းသား ပြည်သူ ရဟန်းရှင် လူ တပ်မတော်သား တွေရဲ့ ဝိညာဉ်ကို ဦးညွှတ်ရင်း နိုင်ငံ့ အတွက် ကောင်းမြတ်သော စိတ်ထားဖြင့် စစ်အာဏာရှင်စနစ် ချူပ်ငြိမ်းရေး အောင်မြင်သည့်အထိ လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ ဆောင်းပါးတွဲ ပေးပို့ ဖေါ်ပြခွင့်ပြုတဲ့ တပ်မတော် အရာရှိဟောင်းများကို အထူး ကျေးဇူးတင် ရှိပါကြောင်း ကျွန်တော် ကိုဖိုးတရုတ်မှ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါတယ်ခင်ဗျား။

တပ်မှူး ဒုဗိုလ်မှူးကြီးတင်ဦး ကွပ်ကဲအုပ်ချုပ်သည့် မင်္ဂလာဒုံဗဟိုထောက်လှမ်းရေးတပ်ဝင်းထဲရှိ ‘ရေကြည်အိုင်’ အကျဉ်းထောင်သည် အရှေ့ဘက်တွင် ထောင်ဗူး၊ မြောက်ဘက် နှင့် တောင်ဘက်တွင် အုတ်ကြွပ်မိုး တစ်ထပ်အိမ် (၅) လုံးစီရှိကြ၏။ အိမ်တစ်လုံး နှင့် တစ်လုံး အကြား ပတ်လည်တွင် ပြင်ပအား အိမ်တွင်းမှ လွတ်လွတ်လပ်လပ် ကြည့် ရှုမရနိုင်စေရန် လူတရပ်ကျော် မြင့်သည့် သစ်သားဝင်းထရံဖြင့် ကာရံထား၏။

အနောက်ဘက်တွင် သွပ်မိုး၊ သစ်သားကာ အိမ် (၆) လုံးမှာလည်း အိမ်တစ်လုံး နှင့် တစ်လုံး အိမ်ပြင်ကို မမြင်ရလေ အောင် သစ်သားဝင်းထရံဖြင့်ပင် ကာရံထားလေ၏။

တောင်ဘက်မှ အုပ်ကြွပ်မိုးအိမ်တန်း နှင့် ကိုက် (၃၀) ခန့် အကွာတွင်၊ Cell ဟုခေါ်သည့် အချုပ်ဆောင် ရှိနေလေသည်။ Cell အခန်းတခန်းသည် အရှည် (၁၀) ပေ နှင့် အကျယ် (၅) ပေသာရှိ၍၊ Cell အချုပ်ဆောင်မှာ သွပ်မိုး၊ သစ်သားကာဖြစ်ပြီး၊ Cell အခန်းပေါင်း (၂၀) ခန့် ပါရှိလေသည်။

ဤ Cell အချုပ်ဆောင်၊ အနောက်ဘက် သွပ်မိုး (၆) အိမ်တန်း၊ မြောက်ဘက်အုပ်ကြွပ်မိုး (၅) အိမ်တန်း နှင့် ထောင်ဗူးဝတို့ လေးဘက်အကြားတွင် ပေ (၂၀၀) ကျော်ပတ်လည်ကျယ်သည့် ကွင်းပြင်ရှိနေ၏။

ဝန်ကြီးချုပ်ဦးနု၊ သမတကြီး မန်းဝင်းမောင်၊ ပထစ ခေါင်းဆောင်များဖြစ်သည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင် နှင့် ဗိုလ်မင်းခေါင်၊ ဦးဝင်း၊ ဦးသွင်၊ ဖဆပလ ခေါင်းဆောင်များဖြစ်ကြသည့် ဦးကျော်ငြိမ်း နှင့် ဦးဗဆွေ၊ တပ်မတော်မှ ဗိုလ်မှူးကြီးကျော်မြင့်၊ ဗိုလ်မှူးကြီးတင်မောင် (မြတ်ထန်)၊ မွန်ခေါင်းဆောင် နိုင်အောင်ထွန်း စသည့် ပုဂ္ဂိုလ် များ သည် ဤကွင်းပြင်တွင် လမ်းလျှောက်ကြ၏။ နံနက် (၅) နာရီမှစ၍ လမ်းလျှောက်လိုသူ တိုင်း (တစ်ကြိမ်လျှင်တစ် ်ဦး သာ) (၁၀) မိနစ်စီ လမ်းလျှောက်ခွင့် ရကြ၏။

ဤပုဂ္ဂိုလ်ကြီးများမှာ အိမ်များတွင် အကျဉ်းကျနေသူများဖြစ်၏။ Cell အခန်းတွင် အကျဉ်းကျ ခံနေရသူတို့၏ဘဝမှာမူ အရှင်လတ်လတ် ငရဲကျနေသည် နှင့် ဘာမျှမခြားပေ။

ဗဟိုထောက်လှမ်းရေးတပ်တွင် Cell အခန်းများ ပါရှိသည့် အချုပ်ဆောင် (ကျနော်သိသလောက်) နှစ်ခု ရှိပါသည်။ တခုမှာ အထက်တွင် ဖေါ်ပြခဲ့သည့် အချုပ်ဆောင်ဖြစ်ပြီး၊ နောက်တခုမှာ ရေကြည်အိုင်၏ အပြင်ဘက်၊ ဗဟိုထောက် လှမ်းရေးကင်းရုံ နှင့် တွဲထားသည့် အချုပ်ဆောင် ဖြစ်လေသည်။

Cell အခန်းတခုတွင် အမြင့်တွင် တပ်ဆင်ထားသည့် ပြတင်းပေါက် တစ်ခုသာရှိပြီး၊ နေ့တွင် နေရောင် ညတွင် (လ သာသည့်အခါ) လရောင်တို့ကို မြင်နိုင်ပါသည်။ အခန်း မျက်နှာကျက် တွင်ကား မှိန်ဖျော့ဖျော့ မီးသီးလေး တစ် လုံး အား အချိန်ပြည့်ဖွင့်ပေးထား၏။

အကျဉ်းသားတစ်ဦးသည် အခန်းချင်းကပ်ရက်အကျဉ်းသား နှင့် စကားခိုးပြောသည်ကို၊ အစောင့် စစ်သားက မိသွားလျှင် မအေနှမ ဆဲရေးကြိမ်းမောင်းခံရသည်သာမက၊ ကိုယ်ထိ လက်ရောက် စော်ကားခြင်း ခံကြရ၏။ ထိုမျှ နှင့် မရပ်သေး။ မသေရုံတမယ် ပေးကျွေးထားသည့် အစာရေစာ ကိုလည်း အပြစ်ပေးသည့်အနေနှင့် လျှော့ချခြင်း၊ ဖြတ်တောက်ခြင်းတို့လုပ်လိုက်သေး၏။ ဤထက် ဆိုးသည်ကား မိမိ နှင့် အခန်းချင်း ကပ်ရက် အကျဉ်းသားသည် စစ်ထောက်လှမ်းရေးမှ မြှုပ်နှံထားသူ (implant) ဖြစ်လျှင်၊ မိမိမှ ထိုသူအား ယုံပြီး (မိမိအားစစ်ဆေးစဉ်က) ဖုံးထားသော သတင်း အချက်အလက်များအား ပြောမိပါက၊ ထိုသတင်းများကိုနင်း၍ နောက်ထပ်လူမဆန်စွာ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ကာ စစ်ဆေးခြင်းပင်ဖြစ်၏။

ပုံမှန်အားဖြင့် Cell အချုပ်ဆောင်မှ အကျဉ်းသားတိုင်းသည် ကျင်ကြီး ကျင်ငယ်စွန့်ရန် ထန်းရေခံသည့် မြူအိုး (မြေအိုး) သေးသေးလေး တလုံးစီပေးထား၏။ အကျဉ်းသားတို့မှ မြူအိုးအား သုံးသည့် အကျင့်မရခင်၊ ထိုင်၍အပေါ့ အပါးသွားတိုင်း အိုးကကွဲတော့၏။ တခါတရံ ကျင်ငယ်တခြား၊ ကျင်ကြီးတလွဲလည်း ဖြစ်တတ်၏။ ထို့အတွက် Cell အခန်းတိုင်းသည် နံစော်နေတော့၏။
နံနက်စောစောတွင် အစောင့်စစ်သားက တံခါးလာဖွင့်ပြီး၊ သေနတ်မောင်းကိုတင်လိုက်ပြီ ဆိုလျှင်၊ မိမိအား Cell အခန်းမှထုတ်ပြီး၊ အိမ်သာဆီသို့ပို့တော့မည်ဟု ဆိုလို၏။
မိမိ၏မြူအိုးကို မိမိဆွဲပြီး၊ အချုပ်ဆောင် နှင့် မလှမ်းမကမ်းရှိ အိမ်သာတွင် ကျင်ကြီးကျင်ငယ် စွန့်ရ၏။ အနီးရှိရေ ဘုံဘိုင်တွင် ရေဆေး၊ သန့်ရှင်းရေး လုပ်ရ၏။
တနေ့ တစ်ကြိမ်သာ ရေချိုးခွင့် ရ၏။ တစ်ဦးလျှင် ရေချိုးရန် ခွင့်ပြုချိန်မှာ သုံးမိနစ်သာ ဖြစ်၏။ ရေချိုးခွင့် မရသော အကျဉ်းသားများမှလည်း ဒု နှင့် ဒေး။
ည (၁၁) နာရီကျော်၍ သန်းခေါင်ယံ နီးပြီဆိုလျှင် အကျဉ်းသားတိုင်းသည် သွေးလေခြောက်ခြား စိုးရိမ်စိတ် ကြီးမားစွာဖြင့် “ဒီည ဘယ်သူ့အလှည့်လဲ” ဆိုသည်ကို ရင်ဖိုနေကြရ၏။
အဘယ်ကြောင့်ဆိုသော် မိမိ၏ အခန်းတံခါးကိုလာခေါက်ပါက၊ မိမိအလှည့် ဖြစ်သည်ဟု သိရသောကြောင့် ဖြစ်၏။ တံခါးခေါက်ခံရသော အကျဉ်းသားအား အကြပ်တစ်ဦး နှင့်အစောင့် စစ်သားတစ်ဦးတို့မှ လက်ထိပ်ခတ်၊ ခေါင်းကို မျက်နှာသုတ်ပုဝါအုပ်ကာ ‘စစ်ဆေးရေး’ (Interrogation) လုပ်မည့်နေရာသို့ဆွဲခေါ်သွား၏။
စစ်ဆေးသည့် နေရာတွင် ချိုချိုသာသာ စစ်ဆေးမေးမြန်းပြီး၊ သူတို့လိုချင်သည့် အဖြေကို မရလျှင်တော့၊ ထုံးစံ အတိုင်း ရက်စက်မှုအပေါင်း သရဖူဆောင်းသည့် သေလုမျောပါး ခံရသော စစ်ဆေးရေးနည်းများဖြင့် နှိပ်စက် ညှင်းပန်း လေတော့၏။
စိတ်ဓါတ် အလွန်ခိုင်မာသည့် အကျဉ်းသားဆိုလျှင် ရေရေလည်လည် ပို၍ ခံရတော့၏။ စိတ်ဓါတ် ခိုင်မာလေ၊ ခိုင်မာသော စိတ်ဓါတ်ကို ရိုက်ချိုးရန် ပို၍ ရက်ရက်စက်စက် နှိပ်စက်ညှင်းပန်းလေ ဖြစ်၏။
ထိုသို့လူမဆန်သည့်နည်းများဖြင့် အစစ်ဆေးခံရန် ခေါ်ထုတ်သွားသည့် အကျဉ်းသားများအား နံနက်လင်းအား ကြီး (၄) နာရီခန့်တွင် ထိုအကျဉ်းသားတို့၏ Cell အခန်းများထဲသို့ လာပြန်ပို့၏။
Cell အခန်းထဲသို့ ပြန်မပို့ပဲ ကျား၊ ခြင်္သေ့တို့ကို ဆပ်ကပ်ပွဲစင်ပေါ်တွင် ထည့်လှောင်သည့် လှောင်အိမ်မျိုး များတွင် ထည့်ထားကာ၊ နေ့ရောညပါ ညှင်းဆဲနည်းပေါင်း စုံသုံးပြီး၊ နေ့စဉ် ရက်ဆက် ရက်စက်စွာ အစစ်ဆေးခံ နေရသည့် အကျဉ်းသားများလည်း ရှိ၏။ Cell အခန်းထဲသို့ ပြန်ရောက်မလာတော့ပဲ စုပ်စမြုပ်စ ပျောက်သွားသည့် အကျဉ်းသားများလည်း များစွာ ရှိခဲ့လေသည်။
အကျဉ်းသားထံမှ သူတို့လိုချင်သောအဖြေကိုရပြီဆိုလျှင်၊ အကျဉ်းသား ပါဝင်ပတ်သက်နေသည့် နိုင်ငံရေး အမှု ပေါ်မူတည်ပြီး တစ်ဦးတည်း လူခွဲ၍ချုပ်နှောင်ထားခြင်း (Solitary Confinement) သော်လည်းကောင်း၊ လေးငါး ဦးတွဲ၍ နေရာပြောင်း ချုပ်နှောင်ခြင်းကို လည်းကောင်း၊ ဆက်လက် လုပ်ဆောင်ကြပြန်၏။
အကျဉ်းသားများအား သုံးလေးလ တစ်ကြိမ်နေရာ ပြောင်းလေ့လည်း ရှိ၏။
Cell အချုပ်ခန်းထဲတွင် ချုပ်နှောင်ထားသူများတွင် ကုတင်၊ စောင်၊ ခေါင်းအုံး ရသူများလည်း ရှိ၏။ ဘာမျှမရပဲ သံမံ တလင်းပေါ်တွင် ဒီအတိုင်း အိပ်ရသူများလည်း ရှိ၏။ အခွင့်အရေးချင်း မတူကြပါပေ။
နိုင်ငံရေးအကျဉ်းသား အားလုံးကို လေ့လာလိုက်လျှင် ရဟန်း၊ ရှေ့နေ၊ ကုန်သည်၊ ကျောင်းဆရာ၊ စစ်ဗိုလ်စစ်သား၊ နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းစာဆရာ၊ ခရစ်ယန်ဘုန်းတော်ကြီး၊ ကျောင်းသား၊ အစိုးရ ဝန်ထမ်း၊ တိုင်းရင်းသား လူမျိုးနွယ်စုများ၊ လက်နက်ကိုင် တော်လှန်ရေး သမားများ စသည်ဖြင့် လူ့အလွှာ အသီးသီးကို ကိုယ်စားပြုနေသည့်လူပေါင်း စုံလှ၏။
သံဃာများကိုသာ ‘ထိုင်ကမုတ်’ ပေးထားပြီး၊ ကျန်လူအားလုံးမှာ ‘မြူအိုး’ ကိုသာ အားကိုးကြရ၏။

သပြေတခက် ကြွေရက်ကယ်စော- အခန်း (၂)
အချိန်အခါ သမယသည် ဆောင်းနှောင်းရာသီ၊ ၁၉၆၇ ခုနှစ်၏ နှစ်ဆန်းပိုင်း ဖြစ်လေသည်။  ညဉ့်နက်ပိုင်း နှင့် နံနက် စောစောပိုင်းတို့တွင် အလွန်အမင်းကြီး မအေးတော့ပါ။

ကျနော့်အား ချုပ်ထားသည့် အိမ်မှာမြောက်ဘက်အိမ် (၅) လုံးတန်းတွင် ညာဘက်မှ ပထမအိမ် ဖြစ်၏။ ထောင်ဗူး၀ နှင့် လည်း အနီးဆုံးဖြစ်၏။

Cell အခန်းများရှိရာ မြောက်ဘက်ရှိ Cell အချုပ်ဆောင် နှင့် အနောက်ဘက်ရှိ (၆) လုံးတန်းအိမ်တို့အား ခိုးကြည့်လျှင်ကောင်းစွာ မြင်နိုင်စွမ်းရှိသည့် ‘အကဲကြည့်နေရာ’ OP (Observation Post) ကလေးမှာ ကျနော်တို့ အိမ်၏ သစ်သားဝင်းထရံမှ အက်ကွဲနေသော နေရာလေးပင် ဖြစ်လေတော့သည်။

ထောင်ဗူးဝမှ တံခါးဖွင့်သံ၊ ပိတ်သံ၊ သော့ခလောက် ခတ်သံ၊ ဖွင့်သံများ ကြားလေတိုင်း၊ မကြာခဏ ခိုးကြည့်ကြသည်မှာ တစ်အိမ်ထဲနေ အကျဉ်းသားတိုင်း မပျက်မကွက် လုပ်ဆောင်ကြသည့် နေ့စဉ် တာဝန်ဝတ္တရား တစ်ခုပ မာ ဖြစ်လာ တော့၏။

ထောင်ထဲသို့ သွင်းလာသူ၊ ထုတ်သွားသူတို့၏ ခေါင်းများပေါ်တွင် မျက်နှာသုတ်ပုဝါများနှင့် အုပ်စီးပြီးမှ အသွင်း အထုတ် လုပ်သည်ဖြစ်ရာ၊ ထိုအကျဉ်းသားသည် မည်သူမည်ဝါ ဖြစ်သည်ကို တပ်အပ်မပြောနိုင်သော်လည်း၊ မည်သည့်အဆောင်မှ အကျဉ်းသားကို ထုတ်သွားသည်၊ သွင်းလာသူ အကျဉ်းသားအား မည်သည့် အဆောင်သို့ ခေါ်သွားသည်တို့ကိုမူ ကျနော်တို့ တွေ့ကြရသည်၊ မြင်ကြရသည်။

ထို့နောက် ကျနော်တို့အကျဉ်းသား အချင်းချင်း သဘောထား အမြင်ဖလှယ်ကြပြီး၊ မည်သူမည်ဝါ ဖြစ်နိုင်သည်၊ မည်သည့် အရေးအခင်း၊ မည်သည့် နိုင်ငံရေးအမှု နှင့် ပတ်သက်နိုင်သည် တို့ကိုလည်း ထင်မြင်ချက် ပေးလေ့ ရှိ ကြသည်။

ကျနော်တို့၏ ထင်မြင်ယူဆချက်များမှာ မှန်သည်လည်း ရှိ၏။ မှားသည်လည်း ရှိ၏။

အချုပ်အကျဉ်းထောင်ပင် ဖြစ်လင့်ကစား၊ ပန်းသတင်း လေညှင်းဆောင် လူသတင်း လူချင်း ဆောင်ကာ ကျနော် တို့၏ ထင်မြင်ယူဆချက် မှန်၏၊ မှား၏ များကိုသိကြရ၏။ သတင်းများသည် ငှက်များပမာ ကျနော်တ့ို အကျဉ်းသား များအကြား အမြဲလို ပျံဝဲလျှက် ရှိလေသည်။

ကျနော် နှင့် အတူ တစ်အိမ်ထဲအကျဉ်းကျနေသူများမှာ ဧရာဝတီတိုင်း မင်းကြီးဟောင်း ဦးကဲရော့၊ ရေတပ်မှ ဗိုလ်မှူး ဘသော် (ဆရာမောင်သော်က)၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရုံးမှ ဗိုလ်မှူး တင်မောင်ထွန်း (CIA) သူလျှိုဖြစ်သည်ဟု စွပ်စွဲခံံရသူ ဗိုလ်ကြီး ကျော်စွာမြင့် အမှု နှင့် ပတ်သက်သူ)၊ ဗဟိုလုံခြုံရေး နှင့် အုပ်ချုပ်မှု ကော်မီတီ (ယနေ့ခေတ် နအဖ ရုံးကဲ့သို့ တော်လှန်ရေး ကောင်စီခေတ် အမြင့်ဆုံး အာဏာပိုင်ရုံး) ရုံးမှ ဦးလှရွှေ၊ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ အတွင်းဝန် (ယနေ့ခေတ် ညွှန်ချုပ်ရာထူး) ဦးစိန်ကြည် တို့ဖြစ်ကြပါသည်။
ထိုတစ်ညကိုတော့ ဘယ်တော့မှ ကျနော် မေ့ပျောက်နိုင်တော့မည် မဟုတ်ပါ။
အချိန်အားဖြင့် ည (၈) နာရီခွဲသာသာခန့်သာ ရှိပါလိမ့်ဦးမည်။ လပြည့်ခါနီး လဆန်း (၁၁) ရက် (၁၂) ရက်ခန့် ဖြစ် သဖြင့် အိမ်ပြင်ဘက်တွင် လရောင်က ရွှန်းပလျှက်ရှိနေဆဲ။ အသက်အရွယ် ကြီးရင့်ကြပြီ ဖြစ်သည့် ဦးကဲရော့၊ ဦးလှရွှေ၊ ဦးစိန်ကြည်တိုကား အိပ်ယာသို့ စောစောဝင် သွားကြလေပြီ။ ဗိုလ်မှူးတင်မောင်ထွန်းမှာ မအိပ်သေး သော်လည်း၊ အိပ်ယာပေါ်တွင် လဲလျောင်း အနားယူ နေလေသည်။
ဗိုလ်မှူးဘသော် နှင့် ကျနော်တို့ နှစ်ဦးသာ အတွေးကိုယ်စီဖြင့် အိမ်ဝိုင်းအတွင်း လရောင် အောက်တွင် ဖြည်းဖြည်း ချင်း လမ်းလျှောက် နေကြပါသည်။
မကြာမီအချိန်လေးတွင် တောင်ဘက်ဆီမှ လူတဦးပြေးလာသည့် အသံကို ကျနော်တို့ နှစ်ဦး ကြားလိုက်ကြရလေသည်။ ကျနော်တို့၏ ကိုယ်စီကိုယ်စီ အတွေးနယ်ချဲ့ နေမှုမှာလည်း ချုပ်ငြိမ်း သွားပြီး၊ ကျနော်တို့အား ကျနော်တို့၏ ခြေထောက်များက ကျနော်တို့၏ ‘အကဲကြည့်’ နေရာ OP ကလေးသို့ အလိုအလျောက် ခေါ်ဆောင်သွား ကြပါတော့သည်။
ဗိုလ်မှူးဘသော်မှ တိုးတိုးလေးဆို၏ “ ဟိုမှာ…ဗိုလ်ကြီး မြင်ရဲ့လား”
“မြင်ပါတယ် ဗိုလ်မှူး၊ အစောင့်စစ်သား တစ်ယောက် တောင်ဘက် Cell အချုပ်ဆောင် ကနေ ထောင်ဗူးဝကို အ လော သုံးဆယ် ပြေးသွားနေတယ်။”
“ဟုတ်တယ် ဗိုလ်ကြီး၊ တခုခုတော့ တခုခုပဲဗျ။ ကျုပ်တို့ ဆက်ပြီး observe (အကဲကြည့်) လုပ်ဖို့ လိုလိမ့်မယ်”
“ဟုတ်ကဲ့ ဗိုလ်မှူး၊ ညဦးပိုင်းမှာ ဒီလိုဖြစ်တာမျိုး တခါမှမကြုံဖူးဘူး။ စစ်ဖို့ ဆေးဖို့ဆိုရင်လဲ အစောင့် စစ်သားဟာ ပြေးလွှားနေစရာမလိုဘူး”
“ဟော ဟော၊ ထောင်ဗူး၀ တံခါးပွင့်ပြီ၊ အစောင့်နဲ့in charge (တာဝန်ခံ) နဲ့စကားပြောနေကြပြီ”
“ဟုတ်တယ် ဗိုလ်မှူး၊ သူတို့ဟာက သုတ်သီးသုတ်ပြာပဲ။ အကျဉ်းသား တစ်ယောက်ယောက် သေကြောင်းကြံလို့လား။ ဒါမှမဟုတ် တစ်ယောက်ယောက် အသဲအသန် နေမကောင်းတခုခု ဖြစ်လို့ ပဲလားမသိ”
“ဖြစ်နိုင်တယ် ဗိုလ်ကြီး၊ ဒီတခါတော့ ကျုပ်တို့ရဲ့OP ကလေးကကျုပ်တို့ကို သတင်းထူး ပေးတော့မယ်နဲ့ တူတယ်။ ဒီတော့ ထုံးစံအတိုင်း သည်းခံပြီး observe လုပ်ကြရအောင်”
“ကောင်းပါတယ် ဗိုလ်မှူး။ လုပ်ကြရအောင်”
ဤသို့ ကျနော်တို့ နှစ်ဦးသား နှစ်ကိုယ်ကြား လေသံလေးဖြင့် ပြောဆိုနေကြစဉ်တွင်၊ ထောင်ဗူး၀ အပြင်ဘက်၌ ကား တစီး ထိုးဆိုက်သံ ကြားလိုက်ရပါသည်။ စစ်သားရဲဘော် လေးငါးဦး ထမ်းစင် တစ်ခု ပါယူလာ၍ ထောင်ထဲသ့ို ဝင်လာကြလေသည်။ သူတို့ အားလုံး တောင်ဘက် Cell အချုပ်ဆောင်ဆီသို့ အလျင်အမြန် သွားနေကြလေသည်။

သူတို့ ထောင်ဗူးဘက်သို့ ပြန်ထွက်လာကြသောအခါ ထမ်းစင်ပေါ်တွင် တစ်စုံတယောက်အား အဝတ်ဖြင့် မျက်နှာကိုပါ ဖုံးလွှမ်းပြီး ထမ်းထုတ် လာကြသည်ကို ကျနော်တို့ မြင်တွေ့ ကြရပြန်သည်။

သူတို့ထောင်ဗူးဝအပြင်သို့ရောက်သွားပြီး မကြာမီပင် ကားတရှိန်ထိုး မောင်းထွက် သွားသံကိုပါ ကျနော်တို့ကြား လိုက်ကြရပါသည်။
ထမ်းစင်ဖြင့်ခေါ်ထုတ်သွားခြင်းခံရသူ အကျဉ်းသားသည် မည်သူနည်း???
မိမိကိုယ်ကို သေကြောင်းကြံသူလား၊ အသည်းအသန် နာမကျန်းဖြစ်နေသူလား၊ Cell အချုပ်ဆောင်တွင် အကျဉ်း ကျနေစဉ် ဤအကျဉ်းသားအား မည်သည့်အခြေအနေဆိုးများက ဤ အခြေအနေသို့ ရောက်အောင် တွန်းပို့လိုက် သနည်း၊ ထမ်းစင်ပေါ်မှာ ပါသွားစဉ် အသက်မှ ရှိသေးရဲ့လား၊ အသက်ရှင်နေ သေးလျှင်လည်း ဆေးကုသ၍ နဂိုအခြေအနေသို့ ပြန်ရောက်နိုင် ပါ့မလား???
ကျနော်၏ အမေးအတွေးများကား ပြေးလွှား နေလေတော့သည်။
ဗဟိုထောက်လှမ်းရေးတပ်၏ ရေကြည်အိုင် အကျဉ်းထောင်အား တိတ်ဆိတ်မှုက ပြန်လည် စိုးမိုးသွားလေပြီ။ မင်္ဂလာဒုံ ဆောင်းက ချမ်းမြမြ။ ငွေလသော်တာရောင်က ဝင်းပပ နှင့် အိမ်အပြင်တွင် ပက်ဖျန်းရွှန်းစိုနေဆဲ…။
သို့သော် ကျနော့်ရင်ထဲတွင် အဖြေရှာမရသော မေးခွန်းများဖြင့် ပြည့်လျှမ်း တင်းကြပ် တစ်ဆို့ နာကျင်နေကြဆဲ။
ကျနော်သည် ထိုညက အတော်ကြီး ညဉ့်နက်သည် အထိ အိပ်၍မရပါ။
နောက်ဆုံးတွင် ပန်းသတင်း လေညှင်းဆောင်၊ လူသတင်း လူချင်းဆောင်ကာ၊ ထမ်းစင်ပေါ်က လူ နှင့် ပတ်သက်ပြီး သတင်း ငှက်ကလေးသည် မကြာမီ ကျနော်တို့ထံ ပျံဝဲ ရောက်ရှိ လာလိမ့်မည်ဟု တွေးတော ဆင်ခြင်မိတော့မှ၊ အတော်အသင့် စိတ်သက်သာရာ ရသွားပြီး၊ မှေးစက် ပျော်သွား မိပါသတည်း။

သပြေတခက် ကြွေရက်ကယ်စော- အခန်း (၃)

 ကျနော်တို့နှင့်အတူ အချုပ်ခံနေရသော ပုဂ္ဂိုလ်များသည် အစ ပထမပိုင်းတွင် ဤကိစ္စနှင့် ပတ်သက်၍ စိတ်ဝင်စား ကြသော်လည်း၊ ဗိုလ်မှူးဘသော် နှင့် ကျနော်တို့ကို မမှီပါချေ။ အကြောင်းသော် ကျနော်တို့ နှစ်ဦးမှာ စာရေးစာဖတ် ဘက်တွင် ဝါသနာသန်သူများဖြစ်သည့်ပြင်၊ ထိုည၏ မြင်ကွင်းအား ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ကြရသူများ ဖြစ်နေခြင်းကြောင့်ပင်တည်း။ ဤအချက်က ကျနော်တို့၏ တွေးတောစူးစမ်း လိုစိတ်အား အမြဲနှိုးဆွ ပေးနေလေသည်။

သို့ပါသော်လည်း ကံက ခေလွန်းလှ၏။ အနီးကပ်ဆုံး အချုပ်အိမ်များသို့လျှို့ဝှက် ဆက်သွယ်ပြီး၊ ဤသတင်း နှင့် ပတ်သက်၍ အနံ့ခံကြသော်လည်း ထူးထူးခြားခြား ဘာမှ ထွက်ပေါ်လာခြင်း မရှိပါချေ။

ရေကြည်အိုင်ထောင် အတွင်းရှိ အချုပ်အိမ်ကလေးများတွင် အချို့အိမ်များသည် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာကို ဖတ်ခွင့်ရ၏။ အချို့အိမ်များကား ဖတ်ရှုခွင့်မရ။ Cell အချုပ်ခန်းများတွင်ကား သတင်းစာ ဖတ်ခြင်းကို လုံး၀ ခွင့်မပြု။ အခွင့်အရေးပေးမှု မတူခြင်းအား ဖေါ်ပြ နေပေသည်။

ကျနော်တို့အိမ်တွင် ရှိသူတို့ကား လုပ်သားပြည်သူ့နေ့စဉ်ကို ဖတ်ခွင့်ရကြ၏။ သို့သော် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့အပြင် တရားရုံးတော်၌ စစ်ဆေးစီရင်နေသည့် ပြစ်မှုများအနက် ရေကြည်အိုင် အချုပ်သားတို့ မသိ သင့် မသိထိုက်သောသတင်းများ ပါဝင်နေပါက၊ အမြဲတမ်းလို ဘလိတ်ဓါး ပါးပါးဖြင့် ဆင်ဆာ ဖြတ်တောက်ထား သည် ကို မကြာခဏတွေ့ကြုံ ရဘူး၏။

ထိုညက မြင်ကွင်းကို တွေ့လိုက်ရပြီး နှစ်ရက်သုံးရက်ခန့် အကြာတွင် လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာ၊ နာရေး ကော်လံ၌ ပုဂ္ဂိုလ်တစ်ဦး၏ နာရေး ကြော်ငြာအား ဘလိတ်ဓါးဖြင့် တိတိရိရိ ဖြတ်တောက်ကာ ဆင်ဆာလုပ်ထားသည်ကို ကျနော်တို့ အမှတ်မထင် တွေ့လိုက် ရပါတော့သည်။

ကွယ်လွန်သွားသည့် ပုဂ္ဂိုလ်သည် ဤရေကြည်အိုင် အချုပ်ခန်းရှိ အချုပ်သားများ နှင့် သော်လည်းကောင်း၊ အချုပ်သားတို့၏ မိဘဆွေမျိုးသားချင်းများ နှင့် သော်လည်းကောင်း၊ တနည်းမဟုတ် တနည်း ပတ်သက်နေသည်မှာ မြေကြီး လက်ခတ်မလွဲ ဖြစ်ပေမည်ဟု ကျနော်တို့ မှတ်ချက် ချလိုက ်ပါတော့သည်။

သို့သော် ကွယ်လွန်သူသည် မည်သူမည်ဝါ၊ မည်သည့် အချုပ်သား နှင့် ပတ်သက်နေသည် စသည်တို့ကား၊ ကျွန် တော်တို့ တွေးတော စဉ်းစားမရခဲ့ပေ။

ထိုမှ တပတ်ကျော်ခန့်ကာလတွင် သတင်းအစအန ပြန့်လွင့်လာပါတော့သည်။ ကွယ်လွန်သူသည် ရေကြည်အိုင် Cell အချုပ်ခန်းတွင်းမှ လက်နက်ကိုင် တော်လှန်ရေးသမား ဟူ၍လည်းကောင်း၊ စစ်အစိုးရအား ဆန့်ကျင်သည့် တပ်မတော် အတွင်းမှ စစ်ဗိုလ်တစ်ဦး ဟူ၍တဖုံ၊ ဗိုလ်ကြီး ကျော်စွာမြင့် အမှုတွင် ပါဝင် ပတ်သက်နေသည့် အရေးကြီး ဖေါ်ကောင်တစ်ဦး ဟူ၍တမျိုး၊ ကြိုးကြားကြိုးကြား သတင်းပြန့်လွင့်နေလေသည်။ သတင်း အတိအကျမရပဲ၊ အဖြစ်မှန် ကို မဖေါ်ထုတ်နိုင်ကြသဖြင့် ကျနော်တို့အားလုံး အားမလိုအားမရ မကျေမနပ် ဖြစ်မှု နှင့် သာ နိဂုံးချုပ် နေကြရ၏။

နေအဝင် တိမ်အတောက် လွမ်းစရာ့ တစ်ညနေတွင် ဗိုလ်မှူးဘသော်နှင့် ကျနော်တို့ နှစ်ဦးသည် ကျနော်တို့ အိမ်ဝင်း ကလေးအတွင်း အတွေးကိုယ်စီဖြင့် ဖြည်းဆေးစွာ လမ်းလျှောက်နေ ကြလေသည်။ လမ်းလျှောက် နေရင်းမှ ဗိုလ်မှူးဘသော်၏ အတွေးသည် ထိုညက အဖြစ်အပျက် ဆီသို့ ပြန်ရောက်သွားပြန်လေသည်။ စိတ်ဓါတ်ခိုင်မြဲပြီး ဆုံးဖြတ်ချက်ချ ရာတွင်၊ မည်သည့်အခါမှ စိတ်ဒွိဟမရှိ ရဲရင့် ပြတ်သားသည့် ဗိုလ်မှူးဘသော်မှ ပြောခဲ့သည်မှာ

“ဗိုလ်ကြီး ဒီကောင်တွေကို ပီကင်းရေဒီယိုက အော်နေသလို ‘မင်းတို့ဘယ်တော့မှ ဇာတ်သိမ်း ကောင်းမှာ မဟုတ်ဘူး’ လို့ ကျုပ် အော်ချင်တယ်။ နောက်ပြီး ဗိုလ်ကြီး၊ ကျုပ်တို့သံန္နိဌာန် တစ်ခုတော့ ချကြရအောင်။ ကျုပ်တို့ အသက်ရှင် နေသရွေ့ဘယ်မှာပဲနေနေ ဘာပဲလုပ်လုပ်၊ ‘လသာည’ ရဲ့အဖြစ်အပျက်မှန်ကို ကျုပ်တို့ ခြေရာခံပြီး သင့်တော်တဲ့ တစ်နေ့မှာ ပြည်သူနဲ့ တိုင်းပြည်ကို တင်ပြကြရအောင်”

“စိတ်ချပါ ဗိုလ်မှူး၊ ကုန်ကုန်ပြောမယ် ဗိုလ်မှူး၊ ကိုယ့်အသက်နဲ့ကိုယ် အိုးစားမကွဲသရွေ့ကျနော်တို့ အဖြေရှာကြမယ်လို့သံန္နိဌာန်ချပါတယ် ဗိုလ်မှူး”

“ဟုတ်တယ်၊ ကမ္ဘာကုန် ကျယ်သရွေ့ ကျုပ်တို့အဖြေရှာကြမယ် ဗိုလ်ကြီး”

ကျနော်တို့နှစ်ယောက်၏ လေသံတိုးတိုးလေးသည် လောကတခွင်သို့ ငလျင်တော်လဲသံကြီး ကဲ့သို့ ရိုက်ခတ် သွားသယောင် စိတ်တွင်ခံစားလိုက်ရ၏။

ဆည်းဆာအချိန်၏ ဆောင်းနှောင်းလေနုအေးသည် ကျနော်တို့ နှစ်ဦး၏ သန္နိဌာန်အား ကမ္ဘာကုန် ကျယ်သရွေ့ သယ်ဆောင်သွားလေပြီဟု ကျနော် ရိပ်စားမိလိုက်ပါတော့သည်။

သပြေတခက် ကြွေရက်ကယ်စော- အခန်း (၄)

ကျနော်တို့၏အချုပ်သား အကျဉ်းသား ဘဝသည် ရေကြည်အိုင် အချုပ်ထောင်ထဲတွင် ဝဲဂယက်ပမာ လည်ပတ် နေပါသည်။ နံနက်စောစော ရောင်နီသမ်းလာလျှင် ကျနော်တို့၏ တစ်နေ့တာ အချုပ်သား ဘဝစပြီး၊ နေလုံး ကြီး ပျောက်ကွယ်ချိန်၌ ထိုတစ်နေ့တာ ဘ၀ ချုပ်ငြိမ်း ပြန်လေသည်။ ရှေ့တွင် ဘာတွေဖြစ်လာမည်ကို မည်သူမှ မမှန်း ဆရဲ။ မည်သူမှမသိ။ အကြောင်းသော်ကား ကျနော်တို့ အားလုံးသည် ကိုယ့်ဘဝကိုယ် မပိုင်သည့် ဗိုလ်ချုပ်ကြီး နေဝင်း နှင့် ထောက်လှမ်းရေး မျက်မှန်ကြီး ဒုဗိုလ်မှူးကြီးတင်ဦးတို့၏ အချုပ်သားများ ဖြစ်နေခြင်း ကြောင့်ပင် တည်း။

သို့သော် ‘အချိန် နှင့် ဒီရေသည် လူကိုမစောင့်’ ဟူသော အမှန်တရား အဆိုအမိန့်သည် လူသားအားလုံး အပေါ်၌ လွှမ်းခြုံစိုးမိုး လျက်ရှိနေသည် ဆိုသည်ကို ကျနော်တို့ အချုပ်သား အားလုံး ကောင်းစွာ သဘောပေါက်မိ ကြပါသည်။

နေ့ကို လစား၊ လကို နှစ်စားကာ၊ အချိန်တို့သည် တရွေ့ရွေ့ကုန်ဆုံး လွင့်စင် ကွယ်ပျောက် ကြကုန်၏။ အသစ် အသစ်တို့သည် အဟောင်း ဖြစ်လာကြပြီး၊ အဆုံးစွန်၌ ချုပ်ငြိမ်း ပျက်စီး ကြပြန်၏။ သင်္ခါရ နှင့် အနိစ္စတရား တ့ိုသည်လည်း လူသားတို့၏ ဘဝများအား အစဉ် လွှမ်းမိုး ချုပ်ကိုင် ထားကြသည်ပင်။

၁၉၆၇ ခုနှစ်၊ နှစ်လယ်တွင်ဝန်ကြီးချုပ်ဦးနုကို လည်းကောင်း၊ ၁၉၆၈ ခုနှစ် မတ်လခန့်တွင် သမ္မတကြီး မန်းဝင်း မောင် နှင့် ပထစဝန်ကြီးများ ဖြစ်ကြသည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်၊ ဗိုလ်မင်းခေါင်၊ ဦးဝင်း၊ ဦးသွင်၊ မွန် ခေါင်းဆောင် နိုင်အောင်ထွန်း၊ တည်မြဲဖဆပလ ခေါင်းဆောင်များ ဖြစ်သည့် ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ တပ်မတော်မှ ဗိုလ်မှူးကြီးကျော်မြင့်၊ ဗိုလ်မှူးကြီး တင်မောင် (မြတ်ထန်)၊ ဒုဗိုလ်မှူးကြီး ချာလီသိန်းရွှေ (ထောက်လှမ်းရေး) (ဇင်းမယ်တွင် စစ်သံဖြစ်နေစဉ် ဗိုလ်ကြီး ကျော်စွာမြင့် အမှု နှင့် အဖမ်းခံရသူ)၊ အချုပ်အိမ် တအိမ်ထဲ အတူ နေ ခဲ့ရသည့် ဗိုလ်မှူးဘသော်၊ ဗိုလ်မှူးတင်မောင်ထွန်း၊ ဦးကဲရော့၊ ဦးစိန်ကြည်၊ ဦးလှရွှေ တို့အပြင် ဗိုလ်ကြီးတင်မြင့် (လွှတ်ခါနီး နှစ်လခန့် အလိုတွင် ကျနော် နှင့် အတူ လာထားသည့် ကုန်သွယ်ရေးအထူးအရာရှိ) တို့အပြင် စာရေး ဆရာမကြီး ဂျာနယ်ကျော်မမလေး အစရှိသောပုဂ္ဂိုလ်များ၊ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည့် ဗိုလ်မှူးချုပ် အောင်ကြီး နှင့် အခြား စစ်ဘက်နယ်ဘက် နှင့် နိုင်ငံရေး ပါတီအသီးသီးမှ ပုဂ္ဂိိုလ်များအား ဗိုလ်ချုပ်ကြီးနေဝင်း နှင့် မျက်မှန်ကြီး တင်ဦးတို့မှ ညှိနှိုင်းဆုံးဖြတ်ကြကာ အသီးသီး ပြန်လွှတ် ပေးလိုက်ပါတော့သည်။

ရေကြည်အိုင်တွင် ကျနော် ကျန်ရစ်ခဲ့သော်လည်း၊ လွတ်မြောက် သွားကြသူများအတွက် သူတို့ မိသားစု၊ ဆွေမျိုး သားချင်းများ နှင့် အတူ ဝမ်းသာပီတိ ကြည်နူးမှု ဖြစ်ခဲ့မိပါသည်။ မည်သူက အချုပ်ထောင် အချုပ်ခန်းထဲတွင် မွေ့လျော်၍ တသက်လုံး နေချင်ပါအံ့နည်း။

လွတ်လပ်စွာ မွေးဖွားလာကြသူ လူသားများ ဖြစ်ကြသည့်အလျောက် လွတ်လပ်မှုကို မြတ်နိုး တွယ်တာ ကြသည် မှာလည်း သဘာဝတရား တစ်ခုပင် ဖြစ်၏။

ကျနော် မလွတ်သေးပဲ ဘာကြောင့်ကျန်နေခဲ့ပါသနည်း။ လွတ်မြောက်သွားသူများအား မလွှတ်ခင် သုံးလခန့် အလို တွင် ကျနော်သည် အချုပ်အိမ်ထဲ၌ ကျနော် ရေးသားသည့် “မြန်မာပြည်၏ ထွက်ရပ်လမ်း” စာတမ်းအား မျက်မှန် ကြီး ဒုဗိုလ်မှူးကြီးတင်ဦးမှ တဆင့် အာဏာသိမ်းထားသည့် တော်လှန်ရေးကောင်စီသို့တင်သွင်းခဲ့၏။

ထိုစာတမ်းကြောင့် ကျနော့်အား မလွှတ်ပဲ၊ ချန်ထားခြင်းဖြစ်မည်ဟု ကျနော်တွေးမိပါသည် (ဤစာတမ်း နှင့် ပတ်သက်၍ သီးခြားစာတပုဒ်ရေးသားပါမည်)။

အတူနေခဲ့ဘူးသည့် သူများအား လွှတ်လိုက်သည့်နေ့မှာပင်၊ ပထမဆုံးကျနော့်အား ရေကြည်အိုင် ထောင်သို့ ခေါ်လာစဉ်က ချုပ်ထားခဲ့သည့် အိမ်ကလေးသို့ ပြန်လည် ပြောင်းရွှေ့ လိုက်ကာ တစ်ဦးတည်း ဧကစာရီ (solitary confinement) ချုပ်ထားလိုက်ပါသည်။

ကျနော်သည် စိတ်ဓါတ်ကြံ့ကြံ့ခိုင်ခိုင်၊ ဇွဲ နှင့် ရပ်တည်ရမည့် အချိန်ရောက်လာပြီကို နားလည် နှလုံးပိုက်ထားလိုက်ပါသည်။ ထို့ကြောင့် ကျနော်သည် အချုပ်အိမ်တွင်း၌ အချိန်ကို ကောင်းစွာ အသုံးချ၏။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်၏။ နေ့စဉ် (၉) ပါးသီလ ဆောက်တည်ကာ၊ တရားထိုင်၏၊ စာရေးစာဖတ် လုပ်၏။ တနေ့တော့ လွတ်ကို လွတ်ရမည်ဟု စိတ်ဓါတ်ကို မြှင့်တင်ထား၏။ တနေ့တလံ ပုဂံ ဘယ်ပြေးလိမ့်မလဲ။

ကျနော့်အား ချုပ်ထားသည်မှာ သုံးနှစ် နှင့် ငါးလကျော်လာပြီးနောက်၊ ၁၉၆၈ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့ကို ကျနော် ဘယ်တော့မှ မမေ့နိုင်ပါ။ ကျနော့်ဘဝခရီးတွင် ထူးခြားစွာ ကမ္ဗည်းထိုး ပေးလိုက်သည့်နေ့ပင်တည်း။

နေ့ခင်း (၁) နာရီကျော်ခန့်တွင် ကျနော့်ဦးခေါင်းအား မျက်နှာသုတ်ပုဝါ ရစ်ပတ်၍ အုပ်ပြီး၊ ကျနော့်အား လာခေါ် သွားခဲ့ကြပါသည်။ အတန်ကြာ အဆောက်အဦး တခုထဲသို့ ရောက်မှ အုပ်ထားသော မျက်နှာသုတ်ပုဝါကို ဖယ်ရှား လိုက်ရာ၊ ကျနော်သည် ဗဟိုထောက်လှမ်းရေးတပ်၏ ရုံးခန်းတခု အတွင်းသို့ ရောက်နေသည်ကို သိရှိလိုက် ရပါသည်။

ထို့နောက် ဗဟို ထောက်လှမ်းရေး ဒု-တပ်မှူးမှ ကျနော့်အား ယနေ့မှစ၍ သက်ဆိုင်ရာမှ လွှတ်ပေး လိုက်ပြီ ဖြစ်ကြောင်း၊ စာတမ်းတင်ခြင်း နှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီးနေဝင်း နှင့် ဒုဗိုလ်မှူးကြီး တင်ဦးတို့မှ အထူး မကျေမနပ် ဖြစ်ကာ ယခုကဲ့သို့ သူများထက် နောက်ကျ၍ လွှတ်ပေးခြင်း ဖြစ်ကြောင်း၊ နောင်တွင် နိုင်ငံတော်အစိုးရ နှင့် တပ်မတော်အား ဆန့်ကျင်သည့် အရေးအသား၊ အပြောအဆို၊ လုပ်ရပ်များကို ရှောင်ကြဉ်ရန် လိုကြောင်း စသည်ဖြင့် မိန့်ချွေပြီး ကျနော့်အား အိမ်တိုင်ယာရောက် လိုက်ပို့ ပေးလေသည်။ လူ့ဘဝသက်တမ်း တခုအတွင်း အပျော်ရွှင်ဆုံး သုံးနေ့တွင် တစ်နေ့ အပါအဝင်ဖြစ်သည့် “ထောင်မှလွတ်သည့်နေ့” ကို ကျနော် ဘယ်တော့မှ မေ့တော့မည် မဟုတ်ပါ။

ထိုနေ့ကို မမေ့သလို “သူ့” ကိုလည်း ကျနော်ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပါ။ “သူ” ဆိုသည်မှာ ကျနော် နှင့် လူချင်း ရင်းနှီးခင်မင်လှသည့် အပြင် နိုင်ငံရေးအမြင်၊ တပ်မတော်အပေါ် အမြင်တို့တွင် တူညီကြကာ၊ တူညီသော ယုံကြည်ချက် ရှိကြသည့် ‘ဗိုလ်ကြီး မြင့်ထူး’ ဖြစ်ပါသည်။

ဗိုလ်ကြီးမြင့်ထူးသည် ထိုစဉ်က ခလရ (၂၅) မှ တပ်ခွဲမှူးတစ်ဦး ဖြစ်ပြီး၊ ဖက်ဆစ် တော်လှန်ရေး အထက် ဗမာပြည် စစ်ရေးတာဝန်ခံ (ငှက်ဖျားရောဂါနှင့် ကွယ်လွန်သူ) မြန်မာ့သူရဲကောင်း အာဇာနည် ဗိုလ်မှူးကြီး ဗထူး၏ သား ဖြစ်ပါသည်။

ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးကြီးကြည်မောင် (ထိုစဉ်က အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း၊ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဟောင်း) တို့မှ ဦးတင်မောင်ဝင်းတ့ို၏ ကျောင်းသားအုပ်စုများ နှင့် ဆက်သွယ်မှုရှိခဲ့ပြီး၊ တော်လှန်ရေး ကောင်စီအား တပ်တွင်းမှ လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြုတ်ချရန် ကြံစည်ခြင်း အမှု နှင့် ပတ်သက်၍ ဗိုလ်ကြီးမြင့်ထူး နှင့် ကျနော့်အား ၁၉၆၅ ဇွန်လ ပထမပတ်ထဲတွင် အတူတကွ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါသည်။ ကျနော်တို့ နှစ်ယောက်အား ရေကြည်အိုင်တွင် နေရာခွဲ၍ ချုပ်ထားခဲ့ပါသည်။ ကျနော် လွတ်လာပြီး နောက်တနေ့တွင် ထိန်းသိမ်း ထားသူများအား ပြန်လွှတ်လိုက်ခြင်းကို မျက်နှာဖုံးသတင်း အဖြစ် သတင်းစာများတွင် တခမ်းတနား ဖေါ်ပြထားသည်ကို တွေ့ရှိရပါသည်။ လွတ်မြောက် လာသူ များ၏ အမည်များ ထဲ တွင် “သူ့” အမည်ကိုရှာဖွေကြည့်ရာ မတွေ့ရပေ။

အပိုင်း (၅) တွင်ဆက်လက်၍ဖတ်ရှု့ပါရန်***

မှတ်ချက်*** "စည်းလုံးခြင်းရဲ့အင်အား"ဘလော့ဂ်မှကူးယူဖေါ်ပြထားပါသည်။

မူရင်းဆောင်းပါးလင့်***   http://photayokeking.blogspot.com/2009/02/blog-post_15.html
 




Rate this posting:
{[['']]}

No comments:

Post a Comment