Warmly welcome from mgburmese8888 blog.
ကျွန်တော့်ရဲ့ဘလော့ဂ်လေးကိုအလည်လာတဲ့အတွက်မိတ်ဆွေတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ဖက်ဆစ်အာဏာရှင် နေဝင်းနှင့်ထောက်လှမ်းရေးချုပ်မျက်မှန်ကြီးတင်ဦးတို့၏နှိပ်စက်ညှင်းပမ်းမှု့တို့ ကြောင့်ရေ ကြည်အိုင်အကျဉ်းစခန်းတွင်အသက်စွန့်သွားရရှာသော ဖက်ဆစ်တော်လှန်ရေး သူရဲခေါင်း ဗိုလ်မှုးကြီးဗထူး၏သား ဗိုလ်ကြီးမြင့်ထူးအကြောင်း အပိုင်း(၅၊၆၊၇၊၈)



   ဖက်ဆစ်အာဏာရှင်နေဝင်း၏ထောက်လှမ်းရေးမှုးချုပ်မျက်မှန်တင်ဦး
သပြေတခက် ကြွေရက်ကယ်စော- အခန်း (၅) 

ဆောင်းပါးရှင် - မောင်စည်သာ (တပ်မတော် အရာရှိဟောင်း တစ်ဦး)

ထို့နောက် ၁၉၆၇ ခုနှစ် နှစ်လယ်ပိုင်းတွင် လွတ်မြောက် လာသူများ ထဲတွင်လည်း “သူ” ပါမလာခဲ့ပေ။ “သူ” ပျောက်နေသည်မှာ သေချာနေလေပြီ။ ရေကြည်အိုင်တွင် ရှိစဉ်က သတင်းစာမှ နာရေးကြော်ငြာစာ တခုအား ဆင်ဆာလုပ် ဘလိတ်ဓါး နှင့် ဖြတ်တောက်ထားခြင်းကို ကျနော် သတိရနေမိ၏။ မဟုတ်ပါစေ နှင့်  ၊ မဖြစ်ပါစေ နှင့်  ဟု ကျနော် အကြိမ်ကြိမ် ဆုတောင်း နေမိ၏။

ကျနော်၏ဆုတောင်း မပြည့်ခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် ရေကြည်အိုင်တွင် “သူ့” အား
ချုပ်နှောင်ထားစဉ် နေထိုင်မကောင်းဖြစ်သဖြင့် မင်္ဂလာဒုံ စစ်ဆေးရုံကြီးသို့”သူ့” အားတင်ပို့ကုသ ခဲ့သော်လည်း၊ “သူ” ကွယ်လွန် သွားခဲ့သည် ဟူသောသတင်းစကားများကို တဆင့်စကားများဖြင့် ကြားသိ လာခဲ့ရခြင်းကြောင့် ဖြစ်ပါသည်။
“သူ” သည် ဤကမ္ဘာလောကကြီး၌ မရှိရှာတော့သည်မှာ သေချာလေပြီ ဟူသောအသိတရားက ကျနော့်အား အကြီးအကျယ် တုန်လှုပ် ချောက်ချားစေ ခဲ့လေသည် သာမက၊ ခံပြင်းခြင်း၊ နာကြည်းခြင်း၊ ဆောက်တည်ရာ မရခြင်း တို့က ကျနော်၏ စိတ် နှင့် ခန္ဓာအား ဖိစီးလေတော့၏။
ကျနော်လွတ်လာပြီးနောက် တစ်နှစ်ကျော်ခန့်အကြာ တစ်ရက်တွင်၊ ရေကြည်အိုင်မှာ ဘဝတူ အချုပ်သား ဖြစ်ခဲ့ရသည့် ဦးကျော်ရှင်း (အမည်ရင်းမဟုတ်ပါ) နှင့် အမှတ်မထင် ပြန်လည်ဆုံစည်း ကြပြီး၊ သူ၏ သားသမီးများ အတွက် ရှင်ပြုနားသ မင်္ဂလာပွဲကို မပျက်မကွက် လာရောက်ရန် ဖိတ်ကြားခဲ့သဖြင့်၊ ဦးကျော်ရှင်း၏ အလှူနေ့တွင် ကျနော် ရောက်ရှိသွားခဲ့၏။
ကျနော့်ကို မြင်လျင်မြင်ချင်း ဦးကျော်ရှင်းးသည် အခြားပုဂ္ဂိုလ်များ နှင့် ဧည့်ခံ စကားပြောနေရာမှ ထလာခဲ့ပြီး၊ ကျနော့် အား ခရီးဦးကြိုပြုကာ သင့်တင့်သော နေရာတွင် နေရာချပေး၍၊ အနီးရှိ လူငယ်တဦး နှင့် ပါ မိတ်ဆက် ပေးလေသည်။ လူငယ်သည်အသက် (၂၅) နှစ်ခန့်သာရှိကာ မဖြူ မညို မပိန်မ၀ အရပ် (၅) ပေ (၂) လက္မ ခန့်ရှိ စူးရှသည့် မျက်လုံး အစုံ နှင့် ကျနော့်အား ကြည့်ရှုလေသည်။
“ဗိုလ်ကြီး၊ ဒါက ကိုအောင်သူ (နံမည်ရင်းမဟုတ်ပါ) တဲ့။ ကိုအောင်သူ၊ ဒါက ဗိုလ်ကြီးစည်သူတဲ့။ ကျနော်တ့ို အားလုံး ရေကြည်အိုင်ပြန်တွေချည်းပဲ။ ကဲ ခင်ဗျားတို့ချင်း စကားပြောကြအုံး” ဟု ပြောပြောဆိုဆို နှင့် ဦးကျော်ရှင်းသည် ကျနော်တို့နားမှ ထွက်ခွာသွားခဲ့၏။
ကျနော့်အား စူးစိုက်ကြည့်နေသည့် ကိုအောင်သူ၏ မျက်နှာပေါ်တွင် (ဦးကျော်ရှင်းမှ ဗိုလ်ကြီး ဟုမိတ်ဆက် ပေးသွားမှုကြောင့်) စိုးရိမ်ပူပန်မှုကို အထင်းသား တွေ့နေရ၏။ သူ စိတ်သက်သာ စေရန် ရည်ရွယ်ပြီး ကျနော်မှ စကားဆို လိုက်ရ၏။
“ဗိုလ်ကြီးဆိုလို့ အထင်မလွဲလိုက်ပါနဲ့ ကိုအောင်သူ၊ ကျနော် အခု ဗိုလ်ကြီးလဲမဟုတ်တော့ပါဘူး။ ကျနော်လဲရေ ကြည်အိုင်မှာ သုံးနှစ်ခွဲလောက် အချုပ်ခံခဲ့ရပါတယ်။ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးကြီး ကြည်မောင်တို့နဲ့ ပတ်သက်လို့ပါပဲ။”
“ သြော် ဗိုလ်ကြီးက တပ်မှူးကြီးတွေနဲ့ပတ်သက်တဲ့ ကိစ္စကိုး။ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ”
“ ကိုအောင်သူရယ်၊ ဗိုလ်ကြီးတွေဘာတွေ မလုပ်ပါနဲ့၊ အကိုလို့ခေါ်ရင် တော်ပါပြီ”
“ဟုတ်ကဲ့ အကို၊ ကျနော်က မြေအောက်လှုပ်ရှားမှုတွေမှာ ပါခဲ့လို့ပါပဲ။ ရေကြည်အိုင်မှာ လေးနှစ် သာသာ ငရဲခံ ခဲ့ပါတယ်။ ပထမ နှစ်နှစ်က ရေကြည်အိုင် ထောင်အပြင်က Cell အချုပ်ခန်း၊ နောက် နှစ်နှစ်သာသာက ရေကြည်အိုင်ထောင်ထဲက Cell အချုပ်ခန်းမှာပါ။ ၁၉၆၉ ကုန်ခါနီးမှ လွတ်ပါတယ်”
“ရေကြည်အိုင်ထောင်ထဲက Cell အချုပ်ခန်း၊ ရေကြည်အိုင်ထောင်ထဲက Cell အချုပ်ခန်း” ဟု ကျနော် တိုးတိုးလေး ရေရွတ်လိုက်မိပါသည်။
“အကိုလဲ နည်းပေါင်းစုံ နှင့် စစ်ဆေးခံရပြီးစက အပြင်က Cell အချုပ်ခန်းမှာ နှစ်ပတ်လောက် နေလိုက်ရသေးတယ်။ ပြီးတော့မှ ရက်ရက်စက်စက်စစ်တဲ့ အခါကျ အထဲက ကျားလှောင်အိမ်၊ ခြင်္သေ့ လှောင်အိမ်တွေထဲ ပြန် ရောက်သွားပြီး၊ အပြင် Cell ကိုပြန်မရောက်တော့ဘူး”
“အကိုအပြင် Cell ကို ရောက်လာတဲ့ အချိန်မှာ၊ ကျနော်နဲ့ အခန်းချင်းဝေးတယ်နဲ့ တူတယ်။ ဒါကြောင့် မသိကြတာ။ အခန်းချင်း နီးရင် သိကိုသိကြရမှာ”
“ဖြစ်နိုင်တယ် ကိုအောင်သူ၊ အကိုက Cell မှာ နှစ်ပတ်ကျော် လောက်ပဲကြာတော့၊ သိဖို့ ကျွမ်းဖို့ အချိန်တိုနေတယ်”
ကျနော်တို့ စကားကောင်းနေစဉ် အလှူပွဲလာ ဧည့်ပရိသတ်များ တစတစများလာသည့် အပြင်၊ အလှူမင်္ဂလာ အစီ အစဉ်များလည်း စတင်နေပြီ ဖြစ်သဖြင့်၊ ကျနော်တို့ စကားပြတ်သွားကြ၏။ အနီးတွင် ဧည့်သည်များ ရှိနေပြီ ဖြစ်သဖြင့် အလ္လာပ သလ္လာပ သာပြောနေကြပြီး၊ ကျနော်တို့ နှစ်ယောက်ရေကြည်အိုင်အကြောင်း မဆက်နိုင်ကြတော့။
ဦးကျော်ရှင်းအား နှုတ်ဆက်ပြီး အလှူပွဲမှအပြန် ကျနော်နှင့် ကိုအောင်သူတ့ို နှစ်ယောက် ဘတ်စကား မှတ်တိုင်ဆီသို့ စကားပြောရင်း အတူ လမ်းလျှောက် လာခဲ့ကြ၏။ မှတ်တိုင်တွင် ဘတ်စကားကြဲနေပြီး၊ ကား စောင့်သူလည်း သိပ်မရှိသဖြင့် ကျနော်တို့ လွတ်လွတ်လပ်လပ် စကားဆက်ကြပြန်၏။
“ကိုအောင်သူ ကျနော့်ကိုယုံယုံကြည်ကြည်ဆက်ဆံနိုင်ပါတယ်။ ခင်ဗျားနဲ့ စကားပြောရတာ အားမရသေးဘူး။ ထပ်တွေ့ပြီး စကားပြောချင်တယ်။ ခင်ဗျားဆီက သိချင်တာလေးတွေလဲ ရှိတယ်”
“ရပါတယ် အကို၊ အကိုနဲ့စကားပြောကြည့်ပြီး အကို့အပေါ်မှာ ကျနော်ယုံပါတယ်။ ဒါနဲ့ အကိုက ရန်ကုန်မှာ အမြဲနေလား။ ကျနော်တော့ အခြေအနေပေါ် မူတည်ပြီး၊ ခရီးသွားနေတာများတယ်။ ဒါပေမယ့် အကိုနဲ့ကျနော် ပြန်ဆုံ ကြအုံးမယ်လို့ကျနော်ယုံတယ်”
“အကို့ဇနီးသည်က ရန်ကုန်မှာပါ။ အကိုလဲ တပ်ကနေ အပြင်ရောက်ပြီး ကတည်းက မေမြို့ အနီးစခန်း စည်သာ ချောင်းနံဘေးမှာ ခြံသွားလုပ်နေတယ်၊ နှစ်လ သုံးလနေရင် ရန်ကုန်ကို တခေါက်လောက် ဆင်းလာလိုက်၊ ရန်ကုန်မှာ တလကိုး သီတင်းလောက်နေလိုက်၊ အနီးစခန်း စည်သာခြံကို ပြန်တက်လိုက်ပေါ့”
“သြော် အကိုက မေမြို့အနီး စခန်းကကိုး၊ ကျနော်လဲ အဖမ်းမခံရခင်က ကျောင်းသားနဲ့ ဘုန်းကြီး လှုပ်ရှားမှုတွေအတွက် အထက်မြန်မာပြည် ပခုက္ကူ၊ မန္တလေးဘက် ခဏခဏ ရောက်ပေမဲ့ သာယာလှတဲ့ မေမြို့နဲ့တော့ နီးရက်နဲ့ ဝေး မရောက်ဖူးသေးဘူး ဖြစ်နေတယ်”
“ဒီလိုဆို ဒီလိုလုပ်ပါလား၊ တချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ကိုအောင်သူ့ကို အကို့ဆီ လာလည်ဖို့ ဖိတ်ခေါ်ပါရစေ။ ကိုအောင်သူ အနားယူတဲ့ အနေနဲ့ အကို့ ခြံထဲတပတ်လောက် လာနေပါလို့။ မြန်မာပြည် အခြေအနေလဲ ဆွေးနွေးရင်း၊ အကို အင်မတန်မှ သိချင်နေတဲ့ ရေကြည်အိုင်က အဖြစ်အပျက် တခုကိုလဲ ကိုအောင်သူ သိသလောက် ပြောပြနိုင်မလားလို့ မေးကြည့်ချင်တာလဲ ပါတယ်”
“ဘာအဖြစ်အပျက်လဲအကို၊ ကျနော်သိတာဆိုရင် သိတဲ့အတိုင်း အကို့ကို အကုန် ပြောပြမယ် ဆိုတာ ယုံပါ”
“ယုံပါတယ်ဗျာ၊ သိချင်တာက ဗိုလ်မှူးကြီးဗထူးရဲ့သား ဗိုလ်ကြီးမြင့်ထူး ဘာဖြစ်ခဲ့သလဲဆိုတာပဲ”
ကိုအောင်သူသည် ကျနော့်အား တအံ့တသြ စိတ်ဝင်တစား လှမ်းကြည့်လိုက်ပြီး၊ ခေါင်းကို ဖြည်းညှင်းစွာ တချက် ညှိတ်လိုက်ရင်း……
“ကောင်းပြီ အကို၊ ကျနော် အခြေအနေပေးတာနဲ့ အကို့ ခြံကိုတက်လာခဲ့မယ်။ မလာခင် အကိုခြံထဲမှာ ရှိမရှိသေ ချာအောင် စုံစမ်းပြီးမှ လာချင်တယ်”
“ကျေးဇူးပဲ ကိုအောင်သူ၊ စည်သာခြံဟာ အနီးစခန်းမှာ ကိုအောင်သူကို အမြဲတမ်း စောင့်ကြိုနေတယ်”
ကျနော့်အား ဆက်သွယ်နိုင်သည့် တယ်လီဖုံးနံပါတ်၊ လိပ်စာများကို ကိုအောင်သူအား ကျနော်မှ ပေးသကဲ့သို့ ကျနော့်အားလည်း ကိုအောင်သူမှ သူ၏လိပ်စာ၊ ဖုံးနံပါတ်တို့ကို ပေးလေသည်။
ထို့နောက် မှတ်တိုင်သို့ ဘတ်စကားများ ဆိုက်ရောက် လာသဖြင့် ကျနော်တို့ နှစ်ယောက် နှုတ်ဆက်ကာ၊ ဆိုင်ရာ ဘတ်စကားများပေါ်သို့တက်လိုက်ကြပြီး လူစုခွဲလိုက်ကြပါသည်။

သပြေတခက် ကြွေရက်ကယ်စော- အခန်း (၆)
ကျနော်သည် ကိုအောင်သူ နှင့် ခွဲခွာပြီးနောက်၊ ၁၉၇၀ ခုနှစ် ဖေဖေါ်ဝါရီလ ဆောင်းနှောင်း ရာသီပိုင်းတွင်၊ မေမြို့ အနီးစခန်းရှိ “သစ္စာနွယ်” ခြံသို့ ထွက်လာခဲ့၏။ ရန်ကုန်မှ မထွက်ခွာမီ တစ်ရက်နှစ်ရက် အလိုတွင် ကိုအောင်သူ နှင့် ဖုံးအဆက်အသွယ် လုပ်ပြီး၊ ကျနော် အနီးစခန်းသို့ သွားတော့မည်ကို ကြိုတင် အသိပေးခဲ့၏။ သူကလည်း အခြေအနေပေးလျှင် ပေးသလို လိုက်လာ ခဲ့ပါမည်ဟု ကတိပြု၏။
ကျနော် “သစ္စာနွယ်” သို့ ပြန်ရောက်ပြီး ကတည်းက ခြံလုပ်ငန်းတွင် အလုပ် နှင့် လက် မပြတ်သည့် အခြေအနေ မှာ ရှိနေပါသည်။ ထို့နောက် သုံးပတ်ခန့် အကြာတွင် ကိုအောင်သူထံမှ စာတိုလေး တစ်စောင် လက်ခံ ရရှိခဲ့ပါသည်။ စာထဲတွင် ခြံထဲ၌ ကျနော်ရှိမရှိ အကြောင်းပြန်ပါရန် ရေးထားသဖြင့်၊ ချက်ချင်းပင် အနီးစခန်းမှကိုအောင် သူထံသို့ ဆက်သွယ်ရာ ကျနော်ရှိနေလျှင် သူမကြာမီ ကျနော့်ထံ လာမည်ဟု အကြောင်းပြန်လေသည်။
ဖုံးဆက်ပြီး၊ သုံးရက်မြောက်နေ့ နံနက် (၉) နာရီသာသာ ခန့်တွင်၊ ကိုအောင်သူ တယောက် “သစ္စာနွယ်” သ့ို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေသည်။
ကိုအောင်သူ၏ အဆိုအရ ရွှေဘိုဘက်သို့ခရီးသွားရန် အခြေအနေဖန်တီးလာသဖြင့် ရန်ကုန်မှ ထွက်လာခဲ့ပြီး၊ ရွှေဘိုသို့ခရီးမဆက်မီ ကျနော့်ထံ အရင် ဝင်လာခဲ့ကြောင်း၊ သို့သော်နှစ်ညခန့်သာ ကျနော့်ထံတွင် နေနိုင်မည် ဖြစ်ကြောင်း သိရပါသည်။
ကိုအောင်သူအား လှိုက်လှဲစွာကြိုဆိုရင်း စည်သာချောင်းနှင့် မနီးမဝေးတွင်ရှိသည့် ကျနော်၏ အိမ်သို့ ခေါ်သွား ခဲ့ပြီး အခန်းတခန်းတွင် နေရာချပေးခဲ့ပါသည်။
ခြံအလုပ်သမားများဖြင့် ပျားပန်းခတ် အလုပ်များ နေသဖြင့် တနေကုန် ခြံလုပ်ငန်း အကြောင်းကိုသာ ကိုအောင်သူအား ရှင်းလင်းပြောပြနေပြီး၊ သူမှလည်း စိတ်ဝင်စားကာ ဗမာပြည် အေးချမ်း သာယာသွားသည့် တနေ့တွင် ခြံ လုပ်ငန်းကို လုပ်ကိုင်လိုကြောင်း ပြောဆိုခဲ့လေသည်။
“သစ္စာနွယ်” သည် မန္တလေး-မေမြို့ကားလမ်းမကြီးမှ ကိုက်တထောင်ခန့် အကွာ အတွင်းပိုင်း နေရာတွင် ရှိနေပြီး ထိုအချိန်က လျှပ်စစ်မီး မရရှိသေးပါ။ ညတွင် မှန်အိမ် သို့မဟုတ် ရေနံဆီ မီးခွက် ကိုသော် လည်းကောင်း၊ အောက်လင်းဓါတ်မီးကို သော်လည်းကောင်း လိုအပ်သလို အသုံးပြုရပါသည်။
အိမ်အလည် ဧည့်ဆောင်တွင် အေးမြသော မိုးရာသီ နှင့် အလွန် အေးချမ်းလှသော ဆောင်းရာသီတို့တွင် အတူ စုထိုင် ဝိုင်းဖွဲ့စကားပြောနိုင်ရန် ထားရှိသော မီးဖိုကြီး ပတ်လည်၌ ခြံလုပ်သားများ ရှင်းသွားသည့် ည (၇) နာရီ ခန့်တွင် ကိုအောင်သူ နှင့် ကျနော်တို့ အရေးကြီးသည့် စကားဝိုင်း ဖွဲ့ရန် ထိုင်လိုက်ကြ၏။ အညာစာများဖြစ်သည့် နှမ်းပြစ်၊ မြေပဲဆားလှော်တို့ နှင့် ရေနွေးကြမ်းတို့ စားရင်းသောက်ရင်း ကျနော်တို့နှစ်ဦး၏ စိတ်သဏ္ဍာန်များမှာ ရေကြည်အိုင် ထောင်သို့ပြန်လည် ပြေးလွှားသွားနေကြပြီ ဖြစ်၏။
“ကဲ ကိုအောင်သူ၊ ဒီမှာ ခင်ဗျားနဲ့ ကျနော်နဲ့ နှစ်ယောက်ပဲ ရှိတော့တယ်။ နံရံနဲ့ မျက်နှာကျက် တွေမှာ မမြင်နိုင်တဲ့ နားနဲ့ မျက်စိတွေရှိတယ် ဆိုတာ ရေကြည်အိုင်မှာ ကျန်ခဲ့ပြီ။ ဒီမှာ ခင်ဗျားရဲ့ ရင်ထဲ စိတ်ထဲ ရှိသမျှ အားရအောင် ပြောပေတော့။ ကျနော်လဲ ခင်ဗျား ပြောပြမှာတွေ ကြားချင်လွန်းလို့စောင့်နေတာ ကြာလှပြီ။ ဒါထက် ကိုအောင်သူ ကျနော့်ကို ယုံပါတယ်နော်”
“ကျနော် အကို့ကို ယုံပါတယ်ဗျာ။ မယုံရင် ဒီကိုဘာလို့ လာခဲ့ရမှာလဲ။ နောက်ပြီး ကျနော့်မှာ အကို့ကို ယုံလို့ရတဲ့ အချက်ကြီးတခု ရှိနေတယ်”
“ဘာများလဲ၊ ကိုအောင်သူ”
“ဗိုလ်ကြီးမြင့်ထူးက အကို့နံမည် ပြောပြသွားခဲ့တယ်။ အကိုနဲ့ သူနဲ့ဟာ တပ်မတော်ထဲမှာ ယုံကြည်ချက်ချင်း အမြင်သဘောထားချင်း တူညီတဲ့သူတွေတဲ့”
“အော်၊ သူ ဒီလို ပြောသွားခဲ့တယ်လား။ ကိုအောင်သူနဲ့ ဗိုလ်ကြီးမြင့်ထူးနဲ့ အထဲမှာ ဘယ်လို တွေ့ခဲ့ကြလဲ ဆိုတာရော၊ အဲဒီတုံးက အခြေအနေတွေကိုရော ပြောပြစမ်းပါဗျာ” ဟု မီးဖိုကြီးထဲသို့ ထင်းတချောင်း ထိုးထည့်လိုက် ရင်း ကျနော်မှ စိတ်အားထက်သန်စွာ မေးလိုက်ပါသည်။
ကိုအောင်သူသည် အရှိန်ရလာသော မီးဖိုတွင်းမှ မီးတောက်မီးလျှံများကို ခေတ္တ စိုက်ကြည့်နေ လိုက်ပြီး၊ စကားကို ဆက်လေသည်။
“ရေကြည်အိုင် Cell အချုပ်ထဲမှာ တခြား အချုပ်သားတွေနဲ့ကျနော်နဲ့ကွာတာကတော့ ကျနော့် အချုပ်ခန်းဟာ အစွန်ဆုံး အဝင်၀ အခန်းဖြစ်နေတာပါပဲ။ ကျနော့်ရဲ့ ညာဘက်ဘေးနှစ်ခန်းကို အခန်းလွတ်တွေပဲလုပ်ထားတယ်။ ကျနော့်ကို တခြား အချုပ်သားနဲ့ မဆက်သွယ်နိုင်အောင်ပေါ့။ မျက်မှန်တင်ဦးကြီးက ကျနော့်ကိုစိတ်ဓါတ် ပြင်းပြီး အင်မတန် ခေါင်းမာတဲ့ကောင်လို့သတ်မှတ်လို့ ကျနော့်စိတ်ဓါတ်ကို ရိုက်ချိုးဖို့ လုပ်ထားတာပါပဲ။ ဒါပေမဲ့ တခါတလေ ညသန်းခေါင်တွေမှာ ဘေးအခန်းလွတ်တွေထဲ အချုပ်သား တယောက်နှစ်ယောက် လာသွင်းထားတတ် တယ်။ နှစ်ရက် သုံးရက်လောက်ကြာရင် အဲဒီအချုပ်သားတွေ ပျောက်သွားပြန်ရော”
တကယ် အချုပ်သား စစ်စစ်ပဲလား၊ ဒါမှမဟုတ် ထောက်လှမ်းရေးတွေပဲလား၊ ကျနော် မဝေခွဲနိုင်ဘူး။ ကျနော် သိတာကတော့ အဲဒီအခန်းလွတ်နှစ်ခုမှာ လာထားတဲ့ လူတွေဟာမမြဲဘူး။ အချုပ်ဆောင်တခုလုံး Cell အခန်းကျဉ်းလေးတွေ (၂၄) ခန်းရှိမယ်ထင်တယ်။ တဘက်ကို (၁၂) ခန်းစီနဲ့ အလယ်မှာ သုံးပေသာသာ ကျယ်တဲ့ စင်္ကြန်လမ်းရှိတယ်။ အချုပ်ဆောင်တခုလုံးရဲ့အ ပြင်ဘက် (၁၂) ပေပတ်လည်မှာတော့ Cell ထဲကအချုပ် သားတွေ အပြင်ကို မမြင်ရအောင်ရယ်၊ အပြင် အချုပ်ဆောင်က အချုပ်သားတွေလဲ Cell ထဲကလူတွေကို မမြင်ရအောင်ရယ် ရှစ်ပေ မြင့်တဲ့ သစ်သား ဝင်းထရံမြင့်မြင့်ကို ပတ်လည်ကာထားပါတယ်”
“နေပါဦး၊ အဲဒီလိုဆိုမျက်နှာသစ်ရေချိုး၊ ထုတ်တဲ့လူတွေကို Cell ခန်းထဲက ချောင်းကြည့်လို့ မမြင်ရဘူးလား ကိုအောင်သူ”
“ရပါတယ် အကို၊ Cell ခန်းတိုင်းရဲ့အဝင်တံခါး လူတရပ်လောက် အမြင့်မှာ ခြောက်လက္မ ပတ်လည် အပေါက်က လေးတခုစီရှိတယ်။ အဲဒီအပေါက်ကနေ အစောင့်ရဲ့အလစ်မှာ ပိပိရိရိ ချောင်းကြည့်တတ်ရင်တော့ အချုပ်သားတွေရဲ့ မျက်နှာနဲ့ကိုယ်လုံးကိုယ်ပေါက်ကို မြင်နိုင်ပါတယ်။ အစောင့် မိသွားရင်တော့ မသက်သာဘူး အကို။ အစာလျှော့ ရေလျှော့တာကအစ ထိုးကြိတ် ကန်ကျောက်တာ အထိ ခံရတယ်”
ကျနော်မှ ကိုအောင်သူ၏ ပန်းကန်လုံးထဲသို့ ရေနွေးကြမ်း ထပ်ဖြည့်ကာ၊ နှမ်းပြစ်ပန်းကန်ကို ကိုအောင်သူ ရှေ့သို့ တိုးပေးလိုက်ရင်း “Cell ထဲ ကနေ အပြင်ကိုကြည့်ရင် အဝေးကိုနဲနဲ မမြင်ရဘူးလား ကိုအောင်သူ”
“မရဘူးအကို၊ ဘာလို့လဲဆိုတော့ Cell ခန်း ပြူတင်းပေါက်က လူတရပ်ထက်မြင့်ပြီး၊ အချုပ်ဆောင် ပတ်လည်က ဝင်းထရံကလည်း သိပ်မြင့်နေလို့ပဲ၊ ပြူတင်းပေါက်ကို မော့ကြည့်လို့ မြင်နိုင်တာကတော့ နေ့ဆိုရင် နေရောင်၊ လသာတဲ့ညဆို လရောင်၊ ဒါပဲရှိတယ်”
 “ဒါနဲ့ ကိုအောင်သူ အချုပ်ခံနေရတုံးမှာ အတူ အချုပ်ကျနေတဲ့ လူတွေ ဘယ်သူတွေလဲ မသိခဲ့ရဘူးလား”
“ဗိုလ်ချုပ်နေဝင်းရဲ့ကိုယ်ရေးလက်ထောက် ဗိုလ်ကြီးကျော်စွာမြင့် ယိုးဒယားကို ထွက်ပြေးတာ ကူညီခဲ့တဲ့ပြင်သစ် ကက်သလစ် ဘုန်းကြီးတပါး၊ သခင်သာခင်ရဲ့ မြေအောက် လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဗမာဗုဒ္ဓဘာသာ ဘုန်းကြီးတပါး၊ နိုင်ငံခြားသူလျှိုဆိုပြီး ဖမ်းထားတဲ့ ရှမ်းတရုတ်တွေ၊ ပဲခူးရိုးမ ဗကပ စစ်ဆင်ရေးမှာ ဖမ်းမိခဲ့တဲ့ ဗကပ ပါတီဝင် တချို့နဲ့ တရုတ်ကုလား စီးပွားရေးသမား တချို့တို့ကို၊ ကျနော့်ကို ချုပ်ထားတဲ့ Cell အချုပ်ဆောင်မှာပဲ ချုပ်ထား တာကို သိခဲ့ ရတယ် အကို”
“ဒါနဲ့ ကိုမြင့်ထူးက ဘယ်လိုလုပ်ပြီး ကိုအောင်သူတို့Cell အချုပ်ထဲကိုရောက်လာတာလဲ”
“တညမှာ ကျနော်အိပ်ပျော်နေတုံး၊ မနက်တနာရီလောက် ကျနော့်ဘေးက အခန်းလွတ် Cell ခန်းကို လာဖွင့်သံကြောင့် ကျနော်နိုးလာတော့၊ အစောင့်တွေ အချုပ်သားတယောက် အဲဒီ အခန်းထဲ လာသွင်းပြီး တံခါးကို ဝုန်းကနဲပိတ် သော့ပိတ်သွားတာကို ကြားလိုက်ရတယ်။ အဲဒီ အချုပ်သားဟာ အချိန်အတော်ကြာအောင် ဘိနပ်သံ တဖျတ်ဖျတ်နဲ့ လမ်းလျှောက်ရင်း ခဏခဏ တောက်ခေါက်နေသံကို ကြားနေရတယ်။ ကျနော်လည်း အဲဒီ အချုပ်သားကို အရဲစွန့်ပြီး ဆက်သွယ်ချင်ပေမဲ့ သူ့အကြောင်းဘာမှ မသိရသေးတော့ မဆက်သွယ်ရဲဘူး။ အဲ သူ ကလဲ၊ ကျနော့်လို ပဲခံစားချက်ရှိဟန် တူပါတယ်။ အဲဒီညမှာ သူလဲ ကျနော့်ကို မဆက်သွယ်ဘူး”
ကိုအောင်သူ ပြောသမျှကို ကျနော်မှ စိတ်ဝင်တစား အသက်ပင်မရှုမိပဲ နားစိုက် ထောင်နေ မိပါသည်။ ကိုအောင်သူမှ စကားကိုဆက်ပါသည်။
နောက်တနေ့ မိုးအလင်းမှာ အစောင့်တွေက အချုပ်သားအသစ်ကို မျက်နှာသစ်၊ သန့်ရှင်းရေး လုပ်ဖို့ လာထုတ်ကြမှာပဲလို့ဆိုပြီး၊ ကျနော်ချောင်းနေပေမဲ့လဲ၊ သူ့ကို အဲဒီမနက်ပိုင်းမှာ လုံး၀ မထုတ်ကြဘူး။ ဒါနဲ့ ကျနော်လည်း အချုပ်သားချင်း အချက်ပေးတဲ့ အန္တရယ် ကင်းပြီလို့ အဓိပ္ပါယ်ရတဲ့ လေချွန်သံရှည် တချက် မနက် (၁၀) နာရီ လောက်မှာ ပေါ်လာမှ သူ့အခန်းနဲ့ ကျနော့် အခန်းကြား ကျနော့် ကုတင်နဲ့ ကပ်ရက် သစ်သားကွဲအက် နေတဲ့ နံရံကြားလေးကနေ သူ့ကို ချောင်းကြည့်လိုက်ပါတယ်။
“သူရောက်ပြီး နှစ်ရက်မြောက်တဲ့ ညနေခင်း၊ အစောင့်လစ်တဲ့ အချိန်မှာ၊ ကျနော့်အခန်းနံရံကို ဇွန်းနဲ့ သုံးကြိမ် အသာ အယာခေါက်ပြီး သူအဆက်အသွယ် လုပ်ပါတယ်။ ကျနော်ကလည်း အခြေအနေကို လေ့လာပြီး ကျနော့်ကုတင်နဲ့ နံရံကြား ဝပ်လို့ ရတဲ့နေရာကို အမြန်သွားပြီး သုံးချက်ပြန် ခေါက်လိုက်ပါတယ်။ သစ်သား နံရံ အက်ကွဲနေတဲ့အပေါက် ကြားက တယောက်ကို တယောက် ချောင်းကြည့်ရင်း သူကစပြီး ထားဝယ်သံဝဲ၀ဲနဲ့ မိတ်ဆက်ပါတယ်”
ကိုအောင်သူမှ သူနှင့် ဗိုလ်ကြီးမြင့်ထူးတို့ ပထမဦးဆုံးအကြိမ် ဆက်သွယ်ခဲ့ကြပုံ အချီအချ စကားပြောပုံ တို့ကို ကျနော့်အား စိတ်လှုပ်ရှားစွာ ပြောပြနေပါသည်။
“ကျနော်ဗိုလ်ကြီးမြင့်ထူးပါ။ ခြေလျင်တပ်ရင်း (၂၅) သာယာဝတီက ဖြစ်ပါတယ် - လို့ ကျနော့်ကို မိတ်ဆက်ပါတယ်၊ သူ့ကို တပ်မတော်ထဲမှာ ဒီမိုကရေစီ အတွေးအခေါ်ရှိသူ၊ မဆလ စနစ်အား မကြိုက်သူ၊ ဗိုလ်မှူးချုပ် အောင်ကြီး၊ ဗိုလ်မှူးကြီးကြည်မောင် တို့ နှင့် ပတ်သက်ပြီး တပ်တွင်းမှာ ပုန်ကန်လိမ့်မယ်လို့ ယူဆပြီး၊ တပ်မတော်ထဲက တခြားအရာရှိတချို့နဲ့အတူ အဖမ်းခံခဲ့ရတယ်လို့ ပြောပြပါတယ်၊ ကျနော်ကလဲ ကျနော် အဖမ်းခံခဲ့ရတဲ့ အကြောင်းကို ပြောပြပြီး မိတ်ဆက်လိုက် ပါတယ်၊ ကျနော်က ဒီမိုကရေစီရေးအတွက် စစ်တပ်ထဲက အဖမ်းခံခဲ့ရတဲ့ ဗိုလ်ကြီး တစ်ယောက်ကို ကျနော့်ဘဝမှာ ပထမဆုံးအကြိမ် တွေ့ခွင့်ရတာမို့ ဂုဏ်ယူလေးစား ချီးကျူး တဲ့အကြောင်း ပြောပြတဲ့ အခါ သူက -
“ကျေးဇူးတင်ပါတယ် ကိုအောင်သူ၊ ကိုယ့်ယုံကြည်ချက်ကြောင့် ဒီလိုဘဝမျိုးရောက်လာတာ ကျနော် ဝမ်းမနည်း ပါဘူး။ ဒါပေမဲ့ဗျာ ကျနော်မချိတင် ကဲ ဖြစ်ရတာကတော့ MI တွေဟာ တပ်မတော်ပြန်တမ်းဝင်အရာရှိချင်း၊ ယူနီ ဖေါင်း ဝတ်ချင်း အတူတူကို ပိုပြီးရက်စက်ကြတယ်ဗျာ။ လူမဆန်တဲ့ နည်းပေါင်းစုံနဲ့ နှိပ်စက်ညှင်းဆဲကြတယ်ဗျာ။ ဒီမိုကရေ စီဘက်တော်သားတွေ MI တွေရဲ့ ငရဲခန်းတွေမှာ ဘယ်လို ဘဝမျိုးတွေနဲ့ ရင်ဆိုင်ရုန်းကန် တိုက်ပွဲဝင် ခဲ့ကြရတယ် ဆိုတာ နောင်လာမယ့်မျိုးဆက်တွေ သိနားလည် သဘောပေါက်ပြီး၊ စစ်အာဏာရှင်စနစ်ဆိုးကြီး ဗမာပြည်မှာ ထပ်မပေါ်အောင် တိုက်ပွဲဝင်ကြဘို့အရေးကြီးတယ်ဆိုတာ ကျနော် မှတ်တမ်းတင် ထားချင်တယ် - လို့ ကျနော့်ကို ပြောခဲ့တယ်၊”

သပြေတခက် ကြွေရက်ကယ်စော- အခန်း (၇)

“သြော် ဗိုလ်ကြီးလည်း တော်တော်ညှင်းဆဲခံလိုက်ရတာကိုး၊ ရေကြည်အိုင် ရောက်လာတဲ့ အချုပ်သားတိုင်း မျက်မှန်ကြီးနဲ့ လက်မရွံ့ အာဏာသားတွေရဲ့ ညှင်းပန်းနှိပ်စက်မှု အမျိုးမျိုးကို ခံကြရတဲ့ သူတို့ရဲ့ စစ်ဆေးနည်း အသစ်တွေကို အစမ်းသပ်ခံ သတ္တဝါတွေ ဖြစ်ကြရတာပါပဲ ဗိုလ်ကြီးလို့ သူ့ကိုဖြေသိမ့်တော့၊ သူက-“
“သိပ်ဟုတ်တာပေါ့ ကိုအောင်သူ၊ ကျနော် ဒီနေ့အထိ အသက်နဲ့ ကိုယ်အိုးစား မကွဲသေးတာ ကတော့ စစ်ပညာကို ကြမ်းကြမ်းတမ်းတမ်း သင်ယူခဲ့တဲ့ သင်တန်း အတွေ့အကြုံ၊ ငယ်ငယ်တုံးက အားကစားဘက်မှာ သန်ခဲ့တာတွေ ကြောင့်ပဲ။ ဒါတောင် သူတို့ လူမဆန်အောင် နှိပ်စက်လွန်းလို့ ကျနော့် ကိုယ်ဟာ တော်တော်ချိနေပြီ။ ကျနော့်ကို ဖမ်းခါစက စစ်ဆေးရေးမစခင် တရက်နှစ်ရက် အလိုမှာ မျက်မှန်ကြီးကိုယ်တိုင် ပါးရိုက်နားရိုက်၊ လက်သီးနဲ့ ထိုး၊ စစ်ဘိနပ်နဲ့ ကန်၊ မအေနှမနဲ့ မိုးမွှန်အောင်ဆဲပြီး၊ လက်သံပြောင်ထားတော့၊ သူတပည့်တွေက ပိုပြီး ကျနော့်ကို နှိပ်ကွပ်လိုက် ကြတာပေါ့၊ ကိုအောင်သူ စဉ်းစားသာ ကြည့်ပေတော့ - လို့ ကျနော့်ကို ပြောခဲ့တယ်၊ အဲဒီအချိန်မှာ အနောက်ဘက် ကပ်ရက်အချုပ်ခန်းက လေချွန်သံအတို နှစ်ချက်ထွက်လာတယ်၊ ဒါဟာ ဘဝတူ အချုပ်သားချင်း အခြေအနေကို ဂရုစိုက်ဖို့ သတိပေးတဲ့ အကြောင်း ဗိုလ်ကြီးမြင့်ထူးကို ရှင်းပြပြီး၊ ကျနော်တို့ရဲ့ပထမဆုံးအကြိမ် အဆက်အသွယ်လုပ်တာကို ရပ်ခဲ့ကြတယ်”

ကိုအောင်သူသည် အချိန်အတော်ကြာအောင် မရပ်မနား ကျနော့်အား ပြောပြနေရသဖြင့် မောသွားပုံ ရပြီး၊ သူ့ရှေ့မှ လ္ဘက်ရည်ကြမ်း ပန်းကန်ကို တရှိန်ထိုး မော့သောက်လိုက်ပါသည်။ ကျနော် ကလည်း အလိုက်သိစွာ သူ၏ ရေနွေး ကြမ်းပန်းကန်ထဲသို့ ရေနွေးကြမ်း ထပ်ထည့် ပေးလိုက်ပါသည်။ ကိုအောင်သူမှ ရေနွေးကြမ်းကို နောက်တကြိုက် ကြိုက်လိုက်ပြီး စကားဆက် ပြန်ပါသည်။
“အဲဒီနေ့၊ အဲဒီအချိန်ကစပြီး ကျနော်နဲ့ ဗိုလ်ကြီးမြင့်ထူးတို့ အရမ်း ရင်းနှီးသွားကြတယ်။ အကို သိတဲ့အတိုင်း ရေကြည်အိုင် Cell အချုပ်ခန်းထဲမှာ တနေ့တာ အချိန်ကုန်လွန်ရေးဟာ နေ့တိုင်း ဖြေရှင်းနေရတဲ့ ပြဿနာကြီး တခု မဟုတ်လား”
“ဟုတ်တယ် ကိုအောင်သူ၊ အကိုလဲ တဦးထဲ အချုပ်ခန်း solitary confinement ထဲမှာ အတော်ကြာနေခဲ့ရလို့ ကိုအောင်သူ ပြောတာကို ပိုပြီး သဘောပေါက်ပါတယ်။ ဘယ်သူနဲ့မှ စကားပြောဖို့ အခြေအနေ မပေးတဲ့ အချိန်တွေမှာဆို အချုပ်ခန်းထဲ တွေ့ရတဲ့ ပုရွက်ဆိတ်၊ အိမ်မြှောင်၊ ပင့်ကူတွေရဲ့ လှုပ်ရှားမှုတွေကို အသေးစိပ် ကြည့်ရင်းနဲ့ပဲ အချိန်ကုန်အောင် လုပ်နေရတယ်။ ဒါနဲ့ဆက်ပါဦး ကိုအောင်သူ”
“နောက်ပိုင်းမှာတော့ ကျနော်တို့ နှစ်ယောက်ဟာ အစောင့်အနေအထား၊ ရာသီဥတုနဲ့ ပတ်ဝန်းကျင် အခြေအနေတွေပေါ် လေ့လာသုံးသပ်ပြီး၊ အခွင့်အရေး ရရင်ရသလို စကားခိုး ပြောကြတယ်။ ကျနော်တို့ နှစ်ယောက် ပိုပြီး သံယောဇဉ် ဖြစ်လာခဲ့ကြတယ်။ သူဟာ ဂျပန် တော်လှန်ရေး အထက်ဗမာပြည် တိုင်းမှူး ဗိုလ်မှူးကြီး ဗထူးရဲ့ သားဖြစ်ပြီး၊ သူ့မှာ မိခင် ဒေါ်သိန်းတင်၊ ညီတစ်ယောက်၊ ညီမတစ်ယောက်တို့ ရှိတဲ့အကြောင်း၊ ထားဝယ်မှာ နေထိုင်ကြတဲ့ အကြောင်း ကျနော်တို့ နှစ်ယောက် သိပ်ရင်းနှီးလာတဲ့အချိန်ကျမှ သူကျနော့်ကို ထုတ်ပြော ခဲ့ပါတယ်။ ကျနော်သ့ူကို သိပ်လေးစားသွားပြီး၊ သူ့ကို ကျနော် ဘယ်တော့မှ မမေ့နိုင်တော့ဘူး။ သူကလဲ သူ့မှာ ကျနော်နဲ့ ရင်းနှီးခင်မင်ရတဲ့ အတွက် ဆိုးတိုင်ပင် ကောင်းတိုင်ပင် တစ်ယောက် ရသလို အားတက်ရတဲ့အကြောင်း ကျနော့်ကို ခဏခဏ ပြောပါတယ်”
ကိုအောင်သူသည် ဗိုလ်ကြီးမြင့်ထူး အကြောင်းကို ဆက်ပြန်ပါသည်။
“ဗိုလ်ကြီးမြင့်ထူးဟာ သူ့ဖခင်လိုပဲ ရှေ့တန်း စစ်ဆင်ရေးတာဝန်ကျတုံးမှာ ငှက်ဖျားရောဂါ ရခဲ့ပါတယ်။ ရေကြည်အိုင် ရောက်လာတဲ့အခါမှာလည်း ငှက်ဖျားဟာ ရှင်းရှင်း မပျောက်သေး ပါဘူး။ မျက်မှန်ကြီးနဲ့ တပည့်အပေါင်းရဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေနဲ့ ပေါင်းလိုက်တဲ့အခါ ဗိုလ်ကြီးမြင့်ထူးဟာ အကြောအချဉ် ကိုက်တာ၊ ဆီးအောင့်တာ၊ မျက်စေ့တို့ နားတို့ မကောင်း တော့တာ၊ ထုံတာကျဉ်တာ၊ အားကစားသမား ခန္ဓာကိုယ်ဟာ ချိနဲ့ပြီး ပါးလှပ်လှပ်လေး ဖြစ်လာခဲ့ပါတယ်။ ဒါတွေခံစားနေရတာကြောင့် သူဟာ ရေပိုငတ်ပါတယ်။ သူရတဲ့ရေဟာ သူ့ရောဂါတွေကြောင့် သူ့အတွက် မလောက်ပါဘူး။ ကျနော်က မြောင်းပါတဲ့ ဒန်ဇွန်း အမြီးရင်းကို နံရံ အပေါက်သေးသေးလေး ကြားကနေ သူ့ဘက်ကိုရအောင်သွင်း၊ ကျနော့်ဘက်က ဇွန်းပြား ပေါ်မှာ ရေကို ဖြည်းဖြည်းလေး လောင်း၊ ရေကမြောင်းအတိုင်း ဇွန်းရဲ့အမြီးရင်း ကိုစီးသွားတဲ့အခါ၊ သူက ဇွန်း အမြီးအောက်မှာ ပါးစပ်ခံထားပြီး သောက်ရတဲ့နည်းနဲ့၊ ကျနော်က သူ့ကို ခဏခဏ ရေခိုးတိုက်ခဲ့ပါတယ်”
ဗိုလ်ကြီးမြင့်ထူး၏ အဖြစ်ကို ကျနော့် မျက်စိထဲတွင် မြင်ယောင်လာပြီး ရင်ထဲတွင် ဆို့နင့် လာပါသည်။ ကိုအောင်သူလည်း ပြောရင်းနှင့် မျက်ရည်ဝဲကာ အံတကြိတ်ကြိတ် ဖြစ်နေပါသည်။
“ကျနော်က ဗိုလ်ကြီးမြင့်ထူးကို မျက်မှန်တင်ဦးကြီးတို့က ဘာလို့ ရက်ရက်စက်စက် နှိပ်စက်ရ သလဲလို့ မေးတော့၊ သူက-”
“ကိုအောင်သူ၊ ကျုပ်တို့လို တပ်မတော်ထဲက ဒီမိုကရေစီ လိုလားတဲ့လူတွေဟာ သူတို့ မဆလ စစ်အာဏာရှင်စနစ် အတွက် အရပ်သား ဒီမိုကရေစီ ဘက်တော်သားတွေထက် ပိုပြီး အန္တရာယ်ကြီးတယ်၊ ကျုပ်တို့လို လူမျိုးတွေဟာ တပ်ထဲကနေ ပြန်ပြီး ပုန်ကန်ကြမယ့် လူတွေလို့ သူ့အဖေကြီး ဗိုလ်ချုပ်နေဝင်း မြင်အောင် ထင်အောင် သဘောပေါက်လာအောင် လုပ်ပေးနိုင်မှ မျက်မှန်တင်ဦးကြီးဟာ ဗိုလ်ချုပ်နေဝင်းရဲ့ ယုံကြည်ကိုးစားမှု ရသည်ထက် ရလာပြီး၊ တိုင်းပြည်မှာ ပိုပိုပြီး အာဏာရှိလာမှာ မဟုတ်လား။ အဲဒီလိုလုပ်နိုင်မှ အခုလက်ရှိ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး နှုတ်ခမ်းမွှေး ဗိုလ်မှူးကြီးမောင်လွင်၊ ဒုညွှန်မှူး ဗိုလ်မှူးကြီးချစ်ခင် (လေ) တို့ကို ကျော်လွှားပြီး ရေကြည်အိုင်တပ်မှူး မျက်မှန်တင်ဦးကြီးဟာ နေရာရမှာ မဟုတ်လား။ သူ့အဖေကြီး ကလည်း တိုင်းပြည်ကို အုပ်ချုပ်ရာ နေရာမှာရော၊ တပ်ကိုထိန်းတဲ့ နေရာမှာရော၊ စစ်ထောက်လှမ်းရေးကို အဓိက ဒေါက်တိုင်ကြီးအဖြစ် သုံးနေတော့၊ ခုအချိန်မှာ မျက်မှန် တင်ဦးကြီး အတွက် ခင်ဗျားတို့ ကျုပ်တို့အမှုတွေဟာ သူ့အဖေကြီးဆီမှာ အမှတ်ပြည့်ရယူရေး အသုံံးချခံ ပစ္စည်းတွေ ဖြစ်လာတာ ပေါ့ဗျာ။ မျက်မှန်တင်ဦးကြီးရဲ့အဆင့်၊ သြဇာ၊ အာဏာ မြင့်တက်ရေးအတွက် ခင်ဗျားတို့ ကျုပ်တို့ဟာ အနှိပ်စက်ခံ အညှင်းပန်းခံ သတ္တဝါတွေ ဖြစ်လာရတယ် မဟုတ်လား - လို့ပြောခဲ့တယ်”
ကိုအောင်သူသည် ပြောရင်းမှ စိတ်မကောင်း ဖြစ်လာပုံရပြီး ကျနော့်အား မေးပါသည်။
“အကို၊ ဗိုလ်ကြီးမြင့်ထူးက ကျနော့်ကို အကုန် ပြောပြခဲ့တာတွေ အကို့ကို ဆက်ပြောပြရင်၊ အကို စိတ်ကောင်းမှာ မဟုတ်ဘူး။ အကို ဆက်ပြီး နားထောင်ချင်သေးရဲ့လား”
“ဆက်ပါ ကိုအောင်သူရယ်။ ကျနော် သူ့အကြောင်းကို တခုမကျန် ခင်ဗျားဆီကကြားချင်ပါတယ်”
“ဗိုလ်ကြီးမြင့်ထူးက တနေ့မှာ ကျနော့်ကို ရင်းနှီးယုံကြည်လို့ ဖွင့်ပြောတဲ့သဘောနဲ့ သူအညှင်းပန်း ခံရပုံကို အိတ်သွန်ဖာမှောက် ပြောပြခဲ့တယ်။ သူက-
“ကိုအောင်သူ၊ ခင်ဗျားမို့လို့ ပြောရဦးမယ်။ ကျနော့်ကို မျက်မှန်ကြီး ကိုယ်တိုင် ရိုက်နှက်ထိုးကြိတ် ပြီးတဲ့နောက်၊ သူ့တပည့် ထောက်လှမ်းရေး အရာရှိတွေက ကျနော့်ကိုဆက်ပြီး လူမဆန်တဲ့ နည်းတွေနဲ့ နှိပ်စက်လာကြတော့ ကျနော်က ရှင်းရှင်းနဲ့ဘွင်းဘွင်းပဲ ပြောလိုက်တယ်။
‘ကျနော် မဆလ စနစ်ကိုရော၊ စစ်အာဏာရှင်စနစ်ကိုရော မယုံကြည်ဘူး။ ဒီစနစ် တွေဟာလည်း တိုင်းပြည်ကို ဘယ်တော့မှ အကျိုးမပြုနိုင်ဘူး။ ဗမာပြည်အတွက် ထွက်ရပ် လမ်းဟာ တစ်လမ်းပဲ ရှိတယ်။ အဲဒါဟာ အများပြည်သူ နှစ်သက် လက်ခံမြတ်နိုးတဲ့ ဒီမိုကရေစီစနစ်နဲ့ကျင့်စဉ်ပဲ’ လို့ ပြောလိုက်တော့၊ မျက်မှန်ကြီးက သူကြားချင်တာ ဒါမဟုတ်ဘူး။ တပ်ထဲကနေ ဘယ်လို စည်းရုံးပြီး၊ ဘယ်လိုပုန် ကန်ကြမယ်၊ ဘယ်သူတွေပါတယ်၊ ဘယ်သူတွေဦးဆောင်တယ်၊ ဘယ်လို အစီအစဉ်တွေ ရှိတယ် ဆိုတာပဲ ဆိုပြီး၊ ရိုက်လိုက် ထိုးလိုက် ကန်လိုက်နဲ့ မရမက မေးနေတာပဲ။ ပထမပိုင်းတော့ အစားအသောက် ကောင်းကောင်းပေးမယ်၊ နေရာ ကောင်းကောင်းမှာ ထားမယ်၊ စာဖတ်ခွင့်ရမယ်၊ အစိုးရသက်သေ ဖြစ်စေရမယ်၊ ဆိုတာတွေနဲ့ မျှား၊ သူတို့လိုချင်တဲ့အဖြေမရတော့ ဒေါသူပုန်ထပြီး ရမ်းတော့တာပဲ၊ ဖမ်းခါစမှာ ကောင်းကောင်း မွန်မွန် ထားပြီး၊ သူတို့  လိုချင်တာမရတော့၊ ကျားတို့ ခြင်္သေ့တို့ ထည့်တဲ့ သံလှောင်အိမ်ထဲမှာ ထည့်တယ်။
လှောင်အိမ်ထဲမှာ ပထမတော့ အိပ်ယာတို့၊ ကုတင်တို့၊ စောင်ခေါင်းအုံးတို့ ပေးထားရာကနေ တစ်ခုစီ ပြန်သိမ်းတယ်၊ သူတို့ရဲ့စစ်ဆေးရေး စာအုပ်ကြီးထဲက နည်းတွေ အတိုင်းပေါ့၊ အစာနဲ့ ရေကို ဖြည်းဖြည်းချင်း ဖြတ်တောက်လာတယ်၊ နောက်ဆုံး သံမန်တ လင်းပေါ်မှာပဲ အိပ်ရတယ်၊ မျက်နှာကျက်က မီးချောင်းကလဲ ထိန်ထိန်လင်း၊ ခြင်ကလဲအလွန်ပေါဆိုတော့ ညတိုင် ဘယ်အိပ်ရမလဲ။ တခါတလေမှေးကနဲဖြစ်သွားရင် အစောင့် စစ်သား ရောက်လာပြီး မအိပ်ရအောင် သံမန်တလင်း ကိုသေနတ်ဒင်နဲ့ အဆက်မပြတ်ထုတော့တာပဲ၊ ည (၁) နာရီ လောက်ဆို မျက်နှာသုတ်ပုဝါ ပတ်ပြီး အခန်းတခုထဲ ခေါ်သွားပြန်ပြီ၊ ထိုင်ခိုင်းပြီး မျက်နှာသုတ် ပုဝါကို ဖယ်လိုက်တော့ မျက်နှာကို ဆလိုက်မီးကြီးနဲ့ ထိုးတော့တာပဲ၊ ရှေ့တည့်တည့်မှာ စစ်မယ့် ဆေးမယ့် ပါးကွက်သား နှစ်ယောက် ရှိနေပြီး၊ သူတို့ရဲ့နံဘေး ညာဘက် နံရံမှာတော့ အတွင်းကို အပြင်က မြင်ရပြီး၊ အတွင်းက အပြင်ကို မမြင်ရတဲ့မှန် (one way mirror) တပ်ထားတယ်။
အဲဒီမှန် နောက်မှာတော့ အတွင်းက ဖြစ်ပျက်သမျှကို ကြည့်ပြီး ညွှန်ကြားချက်တွေထိုင်ပေးနေတဲ့ ဆရာကြီးတွေ ရှိနေတာပေါ့။ စစချင်းတော့ ချော့မော့ပြီး ချိုချိုသာသာတွေ မေးတယ်။ ပြီးတော့ ဘီလူးခန်းဝင်လာတော့တာပဲ။ အပြောအဆိုကအစ မအေနှမချင်း မိုးမွှန်အောင်ဆဲ၊ အင်မတန် ယုတ်ရင့်ကြမ်းတမ်း အောက်တန်းကျလွန်းတယ်။
‘ဒီလောက်တောင် ခေါင်းမာတဲ့ကောင်၊ လေယာဉ်ပျံ စီးခိုင်းရမှာပေါ့ကွာ’ ဆိုပြီး၊ အပြင်ကို ဘဲလ်နှိပ်လိုက်တာနဲ့ အထဲကို စက်ဘီးတစီး သွင်းယူလာကြတယ်။ စက်ဘီးကို ဒေါက်ထောက် ပြီးတဲ့နောက် ကျနော့်ကို စက်ဘီးပေါ် ထိုင်ခိုင်း၊ လက်နှစ်ဘက်ကို ဘေးကိုဆန့်ခိုင်းထားပြီး ခြေနင်းကို အဆက်မပြတ် နင်းပြီး စက်ဘီးစီး ခိုင်းထားတယ်။ ပါးစပ်ကလဲ လေယာဉ်ပျံ အသံနဲ့တူတဲ့ အသံကို အော်ခိုင်းလို့ အော်နေရတယ်။ ညာကွေ့ ဆိုရင် ဆန့်ထားတဲ့ ညာလက်ကို အောက်ဘက်ကို နှိမ့်ပေး၊ ဘယ်လက်ကို မြှောက်ပေးပြီး ကိုယ်ကို ညာဘက် နည်းနည်းလှည့် ပေးရတယ်။ ဘယ်ကွေ့ဆိုရင် အဲဒီရဲ့ ဆန့်ကျင်ဘက်အတိုင်းလိုက်လုပ်၊ ပါးစပ်က လေယာဉ်ပျံ အသံကတော့ မပြတ်စေရဘူး။
ခြေကုန်လက်ပန်းကျပြီး စက်ဘီးပေါ်က ပြုတ်ကျမှပဲ၊ လေယာဉ်ပျံ ခိုင်းတာကို ရပ်ပြီး၊ အညောင်းပြေ အကြောလျှော့ဖို့ ဆိုပြီး၊ ကလေးလို လက်နှစ်ဘက် ကြက်ခြေခတ်နဲ့ ကိုယ့်နားရွက် ကိုယ်ဆွဲပြီး ထိုင်ထ လုပ်ခိုင်းတော့တာပဲ။ နောက်ဆုံး မလုပ်နိုင်တော့လို့ လူကလဲ ပြိုကျသွားမှပဲ ထိုင်ထ လုပ်ခိုင်းတာကို ရပ်လိုက်တယ်။ လူရဲ့ဂုဏ်သိက္ခာကို အနိမ့်ဆုံး ရောက်အောင်ချပြီး ကိုယ့်ကိုယ်ကို စိတ်ဓါတ်ရေးရာ သိမ်ငယ်သည် ထက်သိမ်ငယ် သွားအောင်၊ သူတို့ကို ရို့ကျိုးကြောက်ရွံ့သွားအောင် လုပ်တာပါပဲ”

သပြေတခက် ကြွေရက်ကယ်စော- အခန်း (၈)

ဗိုလ်ကြီးမြင့်ထူး၏ ကိုယ်တွေ့များကို တဆင့်ပြန် ပြောပြနေသူ ကိုအောင်သူရော၊ နားထောင်နေသူ ကျနော်ပါ ရေကြည်အိုင်တွင် လူမဆန်အောင် နှိပ်စက်ညှင်းပန်းခံရခြင်းကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခံစားခဲ့ကြရသူများ ဖြစ်ရာ၊ ဗိုလ်ကြီးမြင့်ထူး မသေမီ စိတ်ရောကိုယ်ပါ မည်မျှ ခံစား သွားရသည်ကို ကျနော်တို့ နှစ်ယောက် စိတ်ဝိညဉ်ချင်း ထိကပ်စွာ ကောင်းကောင်းကြီး သဘောပေါက် နားလည်နေကြပါသည်။
ထိုခေတ် ထိုအခါက မြန်မာနိုင်ငံတွင်မကြုံဘူးမကြားဘူးသေးသည့် မြန်မာအချင်းချင်း စနစ်တကျ ပြင်ဆင်၍ နှိပ်စက်ညှင်းပန်းခြင်းကို ခံစားသွားရသည့် ဗိုလ်ကြီးမြင့်ထူး၏ မသေဆုံးမီ ကိုယ်တွေ့ အဖြစ်အပျက်များအား ကိုအောင်သူမှ ဆက်ပြန်ပါသည်။
“အဲဒီလို ဖြစ်နေတဲ့ အချိန်မှာပဲ စစ်ဆေးနေတဲ့ အရာရှိတယောက်က အချက်ပေးလိုက်တဲ့ အခါမှာ အစောင့်စစ်သားက ပန်ကာတစ်လုံးကို ယူလာပြီး၊ ကျနော့် ရှေ့နှစ်ပေခွဲ သုံးပေလောက် ရှိတဲ့ နေရာမှာ လာချတယ်။ သူတို့ပေးတဲ့ အမိန့်အတိုင်း ကျနော်ဟာ လက်နှစ်ဘက်ကိုနောက်ပစ်ပြီး ပန်ကာရှေ့မှာ ရပ်နေရပါတယ်။ အရာရှိက အမိန့်ပေး လိုက်တဲ့အခါမှာ အစောင့်စစ်သားက ပန်ကာကို အရှိန်အပြင်းဆုံး ခလုပ်မှာ ထားပြီး ဖွင့်လိုက်တယ်။ အစမှာတော့ စောစောက ညှင်းဆဲ ထားလို့ချွေးသံတရွှဲရွှဲ ဖြစ်နေတဲ့ ကျနော့်ရဲ့ ကိုယ်ခန္ဓာဟာ ပန်ကာလေအေးရဲ့အရသာကို အရူး အမူးလက်ခံနေမိတယ်။ နာရီဝက်ကျော် ကြာလာတဲ့အခါ မှာတော့ ကြက်သီးတွေထလာပြီး၊ ပန်ကာလေအေးရဲ့စူးစူးရဲရဲ အအေးဒဏ်ကို လှလှကြီး ခံရတော့တယ်။
တဖြည်းဖြည်းနဲ့ကိုယ်တွေ လက်တွေ ရင်ဘတ်တွေ အောင့်လာ ကျင်လာ တက်လာပြီး ခြေသလုံး ကြွက်တက် လာတော့တယ်၊ အသားလတ်လတ် ဂင်တိုတို အရာရှိက ဖြောင့်ချက် မပေးရင် ပန်ကာကို မရပ်ဘူးလို့ ကျနော့်ကို မိုက်ကြည့်ကြည့်ပြီး ပြောနေတယ်။ ဒီလိုနဲ့ နှစ်နာရီကျော် ကြာလာတဲ့အခါမှာ ကျနော့် တကိုယ်လုံး တုန်တုန်ရီရီ ဖြစ်လာပြီး ဘယ်လိုမှ မဟန်နိုင်တော့ပဲ သံမန်တလင်းပေါ် ကျနော်လဲကျ သွားခဲ့တယ်။  အဲဒီမှာမှ ပန်ကာကို ရပ်လိုက်ကြတော့တယ်။
ကျနော့်ကို စစ်တဲ့အရာရှိက ‘ဒါ အစပဲ ရှိသေးတယ်၊ ဒီ ထက်ဆက်ပြီး ခေါင်းမာနေရင် ဒီထက်သာတဲ့ နည်းတွေနဲ့ ခင်ဗျားကိုစစ်မယ့် နက်ဖန် သို့မဟုတ် ဘယ်သောအခါတွေက စောင့်ကြိုနေတယ်၊ ဒါကို သဘောပေါက်ပြီး နက်ဖန်ည ပြန်ဆုံကြတဲ့အခါ ဖြောင့်ချက်ပေးဖို့ အသင့်လုပ်ထားပါ’ လို့ ပြောပြီး၊ ကျနော့်ကို ပြန်ခေါ်သွားဖို့ အစောင့်တွေကို အမိန့်ပေးလိုက်တယ်။ ထုံးစံအတိုင်း ကျနော့်မျက်နှာကို မျက်နှာသုတ်ပုဝါနဲ့စည်း၊ အစောင့်က ဖျောင်းကနဲနေအောင် သေနတ်မောင်းကိုတင်လိုက်ပြီးမှ ကျနော့်ကို ပြန်ခေါ်လာခဲ့ကြတယ်”
ကိုအောင်သူမှ ဗိုလ်ကြီးမြင့်ထူး၏ ကိုယ်တွေ့များကို အသဲလှိုက်သော အသံဖြင့် ပြောနေရာမှ ခေတ္တ နားလိုက်ပါသည်။
ဗိုလ်ကြီးမြင့်ထူး၏ ကိုယ်တွေ့ပြောပြချက်များအား တဆင့်ပြန် ပြောပြနေသူ ကိုအောင်သူသည် ဗိုလ်ကြီးမြင့်ထူး နှင့် ရေကြည်အိုင်ကို စိတ်အာရုံထဲတွင် လုံး၀ နှစ်ထားပြီး ခံစားချက် အပြည့် နှင့် ပြောပြနေသည်များ ဖြစ်ရာ၊ ကျနော်သည် မိမိကိုယ်တိုင် ရေကြည်အိုင်ပြန် ဖြစ်သည်ကို မေ့လျော့နေပြီး၊ ဗိုလ်ကြီးမြင့်ထူးမှ ဝေဒနာများ မချိမဆန့်ခံစား သွားရသည်ကို မြင်ယောင်ကာ စုပ်တသတ်သတ်နှင့် နားထောင်နေမိ၏။
ကိုအောင်သူသည် ရေနွေးကြမ်းကို တချက် မော့သောက်လိုက်ပြီး ကျနော့်အား စေ့စေ့ကြည့်ကာ
“အကိုက ကျနော့်ကို ဗိုလ်ကြီးမြင့်ထူး ပြောသွားသမျှ အကုန်လုံး တခုမကျန် သိချင်တာဆိုတော့ ကျနော် ဘာမှမချန်ပဲ ဆက်ပြောပါ့မယ်၊ ဗိုလ်ကြီးမြင့်ထူး ကျနော့်ကိုမှာသွားသလိုသာ အခုလို ရက်စက်မှုကမ်းကုန်တဲ့ စစ်အာဏာရှင် စနစ်ဆိုးကြီး ဗမာပြည်မှာ ထပ်မပေါ်အောင် တနေ့ကျရင် ဗိုလ်ကြီးမြင့်ထူးရဲ့အဖြစ်အပျက်တွေကို တိုင်းပြည်ကသိ အောင် မှတ်တမ်းတင်ဖေါ်ထုတ်ပေးပါ အကိုရာ”
“အဲဒီအတွက်ပဲ ကိုအောင်သူကို ကျနော်ကအရမ်းတွေ့ချင်ခဲ့တာပေါ့ဗျာ”
“အဲဒီညက ပန်ကာလေနဲ့ အဆုံးသတ်ခဲ့တဲ့ ငရဲခန်းအပြီးမှာ၊ ဗိုလ်ကြီးမြင့်ထူး ကျနော့်ကို ပြောပြတာက - ကျနော်က လမ်းမလျှောက် နိုင်တော့တဲ့အတွက် ပါးကွက်သားနှစ်ယောက်က ကျနော့်ကို တွဲခေါ်လာပြီး ကျားခြင်္သေ့ ထည့်တဲ့ လှောင်အိမ်ထဲ ပြန်သွင်းလိုက်တယ်၊ ကျနော်လဲ သံမန်တလင်းပေါ် တုံးကနဲလဲကျသွားပြီး ချက်ချင်းလို အိပ်ပျော် သွားတယ်။ နောက်တနေ့ ကျနော်နိုးလာတော့ ကျနော့်အတွက် အစားအသောက်တွေ ဖွယ်ဖွယ်ရာရာနဲ့ ပိုပိုလျှံလျှံ ရောက်လာတယ်၊ သိမ်းသွားတဲ့ ကုတင်၊ အိပ်ယာ၊ စောင်၊ ခြင်ထောင်တွေ ပြန်ရောက်လာတယ်။ ညနေပိုင်းမှာ ကျနော့်ကို ရေချိုးထုတ်တယ်၊ အစောင့်လုပ်တဲ့လူရဲ့ မျက်နှာထားတို့ ပြောပုံဆိုပုံ တွေကပါ ချိုသာနေတယ်၊ ကိုယ့်ဟာကိုယ်တောင် မယုံနိုင် ဖြစ်နေရတယ်။ ဒါပေမဲ့လဲ ဒါတွေဟာ မုန်တိုင်းမကျခင် လာနေတဲ့လေပြေတွေဆိုတာ နောက်သုံးရက်မြောက်ညမှာ သိရပါတော့တယ်။ နှစ်ညနဲ့တရက် ကောင်းကောင်း အနားရ၊ ကောင်းကောင်းစားရလို့ ကျနော့်ရဲ့ စိတ်ရော ခန္ဓာကိုယ်ပါ ထူထူထောင်ထောင် ဖြစ်နေတာကို ကိုယ့်ဟာကိုယ်တောင် သတိထား မိတယ်။ အမှန်ကတော့ သူတို့ စိတ်ကြိုက် ထပ်ပြီးနှိပ်စက်နိုင်အောင် ကျနော့်ကို ကျကျနန အားမွေးပေး ထားတာကိုး။ အဲဒီ သုံးရက်မြောက် ညသန်းခေါင်လောက်မှာ ထုံးစံအတိုင်း ကျနော့်ကို လက်ထိပ်ခတ်၊ မျက်နှာကို အဝတ်စည်းပြီး ခေါ်ထုတ်သွားကြတယ်။
သူတို့ရဲ့အခန်းထဲ ရောက်တော့ ကျနော့်ကို သူတို့ထဲက အရာရှိတယောက်က၊ အမှန်အတိုင်း ဖြောင့်ချက်ပေးရင် အထက်လူကြီးတွေက ကျနော့်ကို အစိုးရ သက်သေ အဖြစ် ထားပေးမယ့် အကြောင်း၊ လူကြီးတွေ ရဲ့စေတနာကို လေးစားပြီး သူတို့ကို ကူညီဖို့ အကြောင်း၊ အဖြစ်မှန်ကို သူတို့ အနေနဲ့ အစစအရာရာ သိပြီးသား ဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ အနာမခံဖို့ အကြောင်းတွေ ခြိမ်းခြောက်ခြင်းတဝက် သတိပေးခြင်းတပိုင်းနဲ့ ပြောလာပါတယ်။ ကျနော်က ကျနော် သိသမျှရော ကျနော့် သဘောထားတွေကိုပါ ပြောပြီးပြီ ဖြစ်တဲ့အတွက် ဘာမှထပ်ပြော စရာမရှိတဲ့ အကြောင်း၊ ဒါကို မကျေနပ်လို့ ကျနော့်ကို ထပ်နှိပ်စက်ဦးမယ်ဆိုရင်လဲ ခံရမှာဖြစ်တဲ့ အကြောင်း ပြောလိုက်တော့၊ ကျနော့်ကို စစ်နေတဲ့ ဂင်တိုတို အသားလတ်လတ် အရာရှိဟာ မျက်နှာမှာ ဒေါသတွေ ပြည့်လျှမ်းသွားပြီး သူ့ခေါင်းကို ဘယ်ညာရမ်းနေပါတယ်။
‘ကဲ ဒီလိုဆို လုပ်ငန်းစဖို့ပဲ ရှိတယ်’ လို့ သူကဆိုပြီး၊ အစောင့်နှစ်ယောက်ကို အချက်ပြ လိုက်တဲ့အခါ ခုံတန်းရှည် တခုကို အခန်းထဲ သွင်းလာကြပါတယ်။ ကျနော့်ကို ခုံတန်းရှည်ပေါ်မှာ ခြေထောက် နှစ်ချောင်းဆန့်ပြီး ထိုင်ခိုင်းပါတယ်။ ကျနော့်ရဲ့ ခြေကျင်းဝတ် နှစ်ဘက်ကို ကြိုးနဲ့တင်း နေအောင်ချည်ပြီး၊ အပေါ်ကနေ သားရေကြိုး ပြားပြားထူထူ တချောင်းနဲ့ ခုံတန်းရှည်နဲ့ပါ ရစ်ပတ်ပြီး ချည်ထားပြန်ပါတယ်။ ကျနော့် ညို့သကြီး နှစ်ဘက် ပေါ်မှာတော့ အဝတ်စပါးပါးကို ရေဆွတ်တင်ထားကြပါတယ်။ ကျနော့် ကိုယ်အပေါ်ပိုင်းကိုပါ ခုံတန်းရှည်ပေါ် လှဲချလိုက်ပြီး ရင်ဘတ်တွေ လက်တွေကို ခုံတန်းရှည်နဲ့ တင်းနေအောင် ကြိုးချည်လိုက်ကြပါတယ်။
စစ်နေတဲ့အရာရှိက ခေါင်းညှိမ့်ပြလိုက်တဲ့ အခါမှာ အစောင့်တယောက်က လုံးပတ် နှစ်လက်မလောက် အရှည်နှစ် ပေခွဲလောက်ရှိတဲ့ သစ်သားမျဉ်းလုံးကို ကျနော့်ညို့သကြီးပေါ်က အဝတ်စပေါ်မှာ တင်ပြီး မျဉ်းလုံးရဲ့ တဘက်ကို ကိုင်လိုက်ပါတယ်။ နောက်အစောင့် တယောက်ကပါ မျဉ်းလုံးရဲ့ ကျန်တဲ့တဘက်ကို ကိုင်လိုက်ပါတယ်။ သူတို့ နှစ်ယောက်ကို ရတဲ့ အလစ်လေးမှာ လှန်ကြည့်လိုက်တော့ ကျနော့်ကို ရဲရဲပြန်မကြည့်ရဲပဲ မျက်နှာတွေကို လွှဲလိုက်ကြ ပါတယ်။ သူတို့ရဲ့ မျက်လုံးတွေ ရီဝေေ၀ ဖြစ်နေတာကြောင့်၊ ရဲဆေးတင် အရက် သောက်ထား ကြတာကို အရက်နံ့ တွေနဲ့အတူ ကျနော်သတိထားလိုက်မိတယ်။
MI ရဲဘော်နှစ်ယောက်ဟာ ပထမတော့ လက်အားနည်းနည်း၊ ကိုယ်အားနည်းနည်းနဲ့ မျဉ်းလုံးကို အထက်အောက် အစုန်အဆန် လှိမ့်နေပါသေးတယ်။ တဖြည်းဖြည်းနဲ့ လက် ဖိအား၊ ကိုယ်ဖိအားတွေကို မြှင့်ပြီး အပြန်အလှန် လှိမ့်လိုက်ကြတာ၊ ကျနော့်အသားထဲမက အရိုးထဲ ထိအောင် အခံ ရခက်အောင်နာတဲ့အတွက် အံကို တင်းတင်းကြိတ် ထားတယ်။ နောက်ဆုံးမှာ အံမခဲနိုင်တော့ပဲ အဖေ အမေတပြီး အော်ရတော့တယ်။ ညို့သကြီးတွေဟာ ပူစပ်ပူလောင်နဲ့ ကြေမွသွားသလို စိတ်ကထင်မိတယ်။ နာရီဝက်လောက် ကြာတော့မှ အသားညိုညို ခပ်ပိန်ပိန် မျက်မှန်နဲ့ အရာရှိတယောက်က မျဉ်းလုံးလှိမ့်တာကို ရပ်ခိုင်းလိုက်ပါတယ်။
ဂင်တိုတိုအရာရှိကတော့ ကျနော့်ကို မကျေနိုင်မချမ်းနိုင် မျက်နှာနဲ့ ကြည့်နေပါတယ်။ အစောင့် တယောက် ညို့သကြီးပေါ်က အဝတ်စကို ဆွဲလှန်လိုက်တဲ့အခါ အညိုအမဲတွေ သွေးချဉ်းချဉ်း နီနေတာတွေကို တွေ့လိုက်ရတယ်။ အဲဒီညဟာ ရေကြည်အိုင်မှာ ပထမဆုံး ကျနော့် သွေးမြေကျတဲ့ ညမို့ ဘယ်တော့မှ မမေ့ဘူးဗျာ။ မျဉ်းလှိမ့်တာကို ရပ်ပြီး တဲ့နောက်၊ ညိုညိုပိန်ပိန် အရာရှိက တာဝန်အရ လုပ်ရတာ ဖြစ်တဲ့အကြောင်း၊ ရတဲ့နည်းနဲ့ စစ်လို့ အထက်က အမိန့် ပေးထားလို့ ဒီလိုလုပ်ရတာ ဖြစ်တဲ့အကြောင်း၊ ဆက်ပြီး “ဘူး” ခံနေရင် ပိုနာမှာ ဖြစ်တဲ့အကြောင်း လေအေးအေးနဲ့ ကျနော့်ကို ပြောနေပါတယ်။
ကျနော်က ကျနော်သိတာကို သိသလို ပြောပြီးပြီ၊ မသိတာကို သိသလိုလို လည်ဆည်ပြီး ပြောဖို့ မဖြစ်နိုင်တဲ့ အကြောင်း၊ ဘာကို သိချင်တယ်ဆိုတာ ဒဲ့ဒိုး မေးဖို့နဲ့ သိရင်သိတာ ကိုဖြေမယ့် အကြောင်းပြန်ပြော လိုက်တဲ့အခါ ညိုညိုပိန်ပိန် အရာရှိက အစောင့် နှစ်ယောက်ကို လမ်းမလျှောက်နိုင်တော့တဲ့ ကျနော့်ကို တွဲခေါ်လာခိုင်းပြီး၊ သူတို့ ရှေ့ကကုလား ထိုင်မှာ ထိုင်ခိုင်းပါတယ်။ ဂင်တိုတို အရာရှိကတော့ ဒေါသမီးဟုန်းဟုန်း တောက်နေတဲ့ မျက်လုံးတွေနဲ့ ကျနော့်ကို စိုက်ကြည့်နေတယ်။
မကြာခင်မှာပဲ ကျနော့်ရှေ့က စားပွဲပေါ်မှာ ရေ၊ ကော်ဖီ၊ ကိတ်မုံ့၊ စီးကရက်တို့ရောက်လာတယ်။ ကျနော်က ရေကို နှစ်ဖန်ခွက်လောက် အားရပါးရသောက်၊ ကော်ဖီကိုလဲသောက် လိုက်တော့ သူတို့က စီးကရက် တလိပ်ကိုပါ မီးညှိပြီး ပေးလာတယ်။ ကျနော် စိတ်ရှိလက်ရှိ ဖွာပစ်လိုက်တယ်။ သူတို့က စစ်ဆေးနည်း ပြောင်းပြန်ပြီလေ။ ညိုညိုပိန်ပိန် ပုဂ္ဂိုလ်က ကျနော်နဲ့ ဗိုလ်မှူးချုပ် အောင်ကြီး၊ ဗိုလ်မှူးကြီးကြည်မောင်၊ သခင်သာခင်တို့နဲ့ ဘယ်လို အဆက်အသွယ်ရှိတယ်၊ တပ်ထဲကနေ ဘယ်လိုပုန်ကန်ဖို့ အစီအစဉ်တွေရှိလဲ လို့ မေးပြီးသားတွေကိုပဲ လေအေးလေးနဲ့ မေးပြန်တယ်။
ကျနော်က အဲဒီတပ်မှူးကြီးတွေ ဘာစီစဉ်တယ်ဆိုတာ ကျနော့်အနေနဲ့ ဘယ်လိုမှ မသိနိုင်တဲ့ အကြောင်းနဲ့ သခင်သာခင်ကိုလဲ ဗိုလ်မှူးကြီးကြည်မောင်၊ ရန်ကုန်တက္ကသိုလ်က ကျူတာကို ချစ်မြိုင်တို့က တဆင့် အသိ ဖြစ်ခဲ့ပေမယ့် တခါမှ သခင်သာခင်နဲ့ စကားစမြည်ဆွေးနွေး တာမျိုးမရှိခဲ့တဲ့အကြောင်း အပ်ကြောင်း ထပ်နေတဲ့ အဖြေကိုပဲ ပြန်ဖြေလိုက်တယ်။ ညိုညိုပိန်ပိန် အရာရှိက ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေပြီး ဂင်တိုတို ပုဂ္ဂိုလ်ကတော့ ဒေါသတကြီး ဖြစ်နေတယ်။ အဲဒီအချိန်မှာအစောင့် တယောက်ဟာ အပြင်ကနေ စာရွက်တရွက် ကိုင်ပြီး အခန်းထဲကို ဝင်လာတယ်။
ဂင်တိုတို ပုဂ္ဂိုလ်က စာကိုဖတ်ပြီး အားရကျေနပ်သွားတဲ့ပုံနဲ့ ပြုံးနေတယ်။ One way mirror နောက်ကနေ အခန်းထဲကို ကြည့်နေတဲ့ ဆရာကြီးတွေက နောက်ထပ် အမိန့်အသစ်တခု ပေးလိုက်တာပဲ ဆိုတာ ကျနော် သိလိုက်တယ်။ အဲဒီကစပြီး ကျနော့်ကို စစ်ဆေးတာမှာ ညိုညိုပိန်ပိန် အရာရှိရဲ့ကဏ္ဍပြီးသွားပြီး၊ ဂင်တိုအရာရှိကပဲ စစ်ဆေးရေးကို ကိုင်တော့တယ်။
သူကတချက် မဲ့လိုက်ပြီး ကျနော့်ကို ‘ခင်ဗျား သက်သက်မဲ့ လိမ်နေတာပဲ၊ သခင်သာခင်နဲ့ သိပြီးတော့မှ တပ်ထဲကနေပြန်ချမယ့် အစီအစဉ်တွေ မသိဘူးဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သူများ ကိုပဲ လိမ်လို့ရမယ်။ ကျုပ်တို့ MI ကို လိမ်လို့မရဘူး၊ ကြာတယ်၊ တပ်ထဲမှာ ဘာတွေလုပ်ဖို့ လုပ်ထားတယ် ဆိုတာ ပြောမလား မပြောဘူးလား၊ ဒါကိုပဲဖြေ’ ဆိုပြီး လုပ်လာပြန်တယ်။
ကျနော်က ‘ခင်ဗျားတို့ ကြိုက်တာသာလုပ်၊ ကိုယ်မသိတာကို ဘယ်လိုလုပ် ဘာသွားပြောရမှာလဲ၊ တနေ့ကျရင် ကျနော် မသိဘူး ဆိုတာ မှန်တဲ့အကြောင်း ခင်ဗျားတို့ သိလာလိမ့်မယ်’ လို့ပဲ ပြောလိုက်တယ်။ ရက်ရက်စက်စက် လုပ်ဖို့ သန္နိဌာန်ချထားတဲ့ ဂင်တိုတို အရာရှိက ရဲဘော် တယောက်ကို ဆက်လုပ်လို့ အမိန့်ပေး လိုက်တဲ့အခါ၊ ညိုညိုပိန်ပိန်ပုဂ္ဂိုလ်ဟာ ကျနော့်ကို မကြည့်တော့ပဲ၊ မျက်နှာကျက်ကိုပဲ ကြည့်နေတယ်။
အခန်းထဲကို ရဲဘော် တယောက်က ဒိုင်နမိုတလုံးနဲ့ ဝါယာကြိုးတွေယူလာပြီး၊ ဝါယာကြိုး အမျှင်တွေကို ဖွာနေအောင် လုပ်လိုက်ပြီးမှ၊ ကျနော့်လက်ချောင်းတွေ ခြေချောင်းတွေကို ဝါယာကြိုးမျှင် တခုစီနဲ့ ပတ်ပြီး တင်းနေအောင် ချည်ကြတယ်။ ကျနော့် ကိုကျင်စက်နဲ့ နှိပ်စက်ကြ တော့မယ်ဆိုတာ ရိပ်မိလိုက်ပါတယ်။ ကျင်စက်ရဲ့ အရှိန်ကို ဖြည်းဖြည်းလေး စလှည့်နေရာကနေ အရှိန်ကို တဖြည်းဖြည်းမြှင့်ယူသွားတယ်။ နောက်ပိုင်းမှာ အရှိန်ကို ပြန်မချပဲ မြန်မြန်ကြီး လှည့်တော့တာပဲ။ တမိနစ်လှည့်လိုက်၊ တခါရပ်၊ တခါတလေ ဂင်တိုတို အရာရှိက လက်နှစ်ချောင်း ထောင်ပြလိုက်ရင် နှစ်မိနစ်ဆက် တိုက်လှည့်လိုက်နဲ့၊ ဝါယာကြိုးတွေကနေ လာနေတဲ့ လျှပ်စစ်ဓါတ်ဟာ ခြေချောင်းလက်ချောင်းတွေကတဆင့် အသားထဲ၊ အရိုးထဲ၊ အဆစ်အမြစ် တွေထဲ စီးဝင်နေတော့၊ တကိုယ်လုံး ကြေမွသွားသလို နာလိုက်ကျင်လိုက်တာဟာ၊ တခြား ဘာနာနည်းတွေနဲ့မှ မတူအောင် မျက်လုံးတွေပါ ေ၀ဝါးသွားပြီး ဘာမှမမြင်တော့တဲ့အထိ အခံရခက်တယ်။
ကျင်စက်ရပ်သွားတိုင်း ဖြောင့်ချက်ပေး တော့မလားလို့ သူတို့က မေးရင်၊ ကျနော်က ယိမ်းထိုးနေတဲ့ ကျနော့် ကိုယ်ကို ကြိုးစားထိန်းရင်း ခေါင်းခါပြလိုက်၊ ကျင်စက်ကိုင်တဲ့ရဲဘော်က အမိန့်တောင် မစောင့်တော့ပဲ ဆက်လှည့် လိုက်နဲ့ပေါ့။ ကိုယ်ထဲက အာရုံကြောစနစ်တွေပါ ပျက်သွားတဲ့အထိ တကိုယ်လုံးကျင်နေပြီး၊ ဆီးတွေပါ အလိုလို ထွက်ကျနေတဲ့အထိ ဖြစ်လာတော့၊ ကျနော်ဟာ ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ပဲ သံမန်တလင်းပေါ် ပစ်လဲကျပြီး သတိလစ် သွားခဲ့တယ်။ နှစ်မိနစ်လောက် ကျနော် သတိလစ်နေပြီး၊ သတိပြန်ရလာတော့ အခန်းထဲမှာ ဘယ်သူမှ မရှိတော့ပဲ၊ ကျနော့်ကို ဒီအတိုင်း ထားထားတယ်။ အတော်ကြီးကြာမှ ရဲဘော်တွေ အခန်းထဲ ပြန်ဝင်လာပြီး ကျနော့်ကို ဆွဲထူပြီး ကုလားထိုင်ပေါ် ထိုင်ရက် အနေအထားနဲ့ ရွှေ့တင်ကြတယ်။
ကျနော်က ကျနော့်ဟာ ကျနော် ဘာမှ မလုပ်နိုင်တော့ဘူး။ စစ်ဆေးရေးအရာရှိတွေပါ ပြန်ဝင်လာ ကြပြီး၊ ကျနော်နဲ့ မျက်နှာချင်းဆိုင် ထိုင်ကြပြန်တယ်။ ကျနော့်ကိုရေတိုက်၊ စီးကရက်တိုက်ပေမယ့် ဒီတခါ ကျနော် ဘာမှ မသောက်ချင်တော့လို့ ခေါင်းခါပြလိုက်တယ်။ ဂင်တိုတိုအရာရှိက အံတကြိတ်ကြိတ်နဲ့ကျနော့်ကို အစိမ်းလိုက် “ဝါး” စားမယ့်ပုံနဲ့ ကြည့်နေပြီး၊ သူကပဲ ရအောင်စစ် နိုင်မလား၊ ကျနော်ကပဲ ဒီထက် ခံနိုင်ရည်ရှိမလား ဆက်ပြီး စမ်းချင်နေတဲ့ပုံပါပဲ။
သူက ကျနော်ဟာ အင်မတန် ခေါင်းမာပြီး အပေးအယူ မလုပ်ချင်တဲ့ကောင်လို့ လူကြီးတွေက ယူဆသွားပြီး အရမ်း စိတ်ဆိုးနေကြတယ်၊ မရ ရတဲ့နည်းနဲ့ ကျနော့်ကိုစစ်ဖို့ အထက်လူကြီးရဲ့အမိန့် ရောက်လာပြီ၊ ဒီထက် တဆင့်မြင့်တဲ့နည်းနဲ့ စစ်မယ်လို့ ပြောတယ်၊ အထက်လူကြီးဆိုတာ မျက်မှန်ကြီးတင်ဦး ပဲလို့ ကျနော် နားလည်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးချစ်ခင် (လေ) ကိုကျော်ပြီး ရေကြည်အိုင် ဗဟိုထောက်လှမ်းရေး တပ်မှူးနဲ့ ထောက်လှမ်ရေး ဒုညွှန်ကြားရေးမှူး မျက်မှန်ကြီး တင်ဦးဟာ ဗိုလ်ချုပ်နေဝင်းနဲ့ သူနဲ့ နှစ်ယောက်ထဲ တိုင်ပင်ပြီး နိုင်ငံရေးနဲ့ ပတ်သက်သမျှ ဖမ်းတာဆီးတာ စစ်တာဆေးတာတွေ လုပ်ကြတယ်။ ဗိုလ်ချုပ်နေဝင်း ဖြစ်ချင်တာတွေကို ပုံဖေါ်ပေးနေ တယ်ဆိုတာ တပ်ထဲမှာ အားလုံးသိနေလို့ပဲ။
ကျနော်က ‘ဒီလောက်ထိ ဆင်းရဲဒုက္ခမျိုးစုံနဲ့ အစစ်ခံနေတာ ခေါင်းမာနေတာ မဟုတ်ဘူး၊ ကိုယ်သိတာနဲ့ ကိုယ့်သဘောထား အယူအဆတွေကိုတောင် ဖွင့်ပြောပြီးပြီ၊ ကိုယ်မသိတာ ကိုတော့ ကိုယ်အသိလုပ်ပြီး ဘယ်တော့မှ ပြောမှာ မဟုတ်ဘူးလို့ ကျနော်က ပြောတယ်လို့ ခင်ဗျားတို့ အထက်က ဆရာကြီးကို ပြန်ပြောလိုက်’ လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်တော့ ဂင်တိုတို အရာရှိရဲ့မျက်နှာဟာ မီးဝင်းဝင်းတောက် သွားပြီး ရဲဘော်တွေကို ဆက်လုပ်လို့ အသံကုန် အော်လိုက်တယ်။
ညိုညိုပိန်ပိန် အရာရှိကတော့ စိတ်မကောင်းတဲ့ မျက်နှာနဲ့ ကျနော့်ကို ကြည့်နေတယ်။ အစောင့် နှစ်ယောက်က ကျနော့်ကို ကုလားထိုင်ပေါ်ကနေ ဒရွတ်တိုက်ဆွဲ ခေါ်သွားပြီး၊ ခေါင်းရင်းဘက်ကို နှိမ့် ခြေရင်းဘက်ကို မြှင့်ထားတဲ့ ခုံတန်းပေါ်မှာ ပက်လက်လှန် လှဲချလိုက်တယ်။ ရုန်းလို့ မရအောင် ကျနော့် တကိုယ်လုံးကို ခုံတန်းနဲ့ ရောပြီး အဝတ်ဖြူစတွေနဲ့ ကြိုးတုပ်သလိုတုပ်ပြီး ချည်ကြပြီး၊ ခေါင်းပေါ်မှာ ရေဆွတ်ထားတဲ့ မျက်နှာသုတ်ပုဝါ အသေးတထည် လာအုပ်ထားတယ်။ ကျနော့်ရဲ့ နှာခေါင်းပေါက်နဲ့ ပါးစပ်ပေါက်ထဲကို ရေကို ဖြည်းဖြည်းချင်း လောင်းချလာတယ်။
ါးစပ်က ပိတ်ထားလို့ ရပေမဲ့ နှာခေါင်းကပိတ်လို့ မရတော့ ရေဟာ အတားအဆီးမရှိ စီးဝင်လာတယ်။ ရေလောင်းတဲ့ အရှိန်ကလည်း တဖြည်းဖြည်းမြန်လာတယ်။ အသက်မရှုပဲ အသက်အောင့်ထားတာကို လုပ်ပေမယ့် တမိနစ် နှစ်မိနစ်လောက်ပဲ လုပ်နိုင်ပြီး၊ အသက်ရှု လိုက်တာနဲ့ ရေက ဒလဟော နှာခေါင်းထဲကို စီးဝင်လာတော့ အသက်အောင့်တာ လုပ်လို့ မရတော့ဘူး။ အသက်ရှုမရတာရယ်၊ ရေမွန်းတာရယ်ကြောင့် ရင်ဘတ်ကြီး ဖူးယောင်လာသလို အောင့်နေပြီး ကျနော် သတိလစ်သွားပြီး ဘာတွေဆက်ဖြစ်တယ် ဆိုတာမသိတော့ဘူး။
သတိပြန်ရလာတော့ ကျနော်ဟာ ကျားခြင်္သေ့လှောင်အိမ်ထဲ ပြန်ရောက်နေတာ သိလိုက်ရတယ်။ ကျနော့် တကိုယ်လုံး သန့်ရှင်းရေး လုပ်ထားတာ၊ ညိုသကြီးမှာ ဆေးထည့် ပတ်တီးပတ်ထားတာ၊ အင်္ကျ ီ အဝတ်အစားလဲ ပေးထားတာကို တွေ့ရတယ်။ မနက်တိုင်းမှာ ရဲဘော်တယောက်လာပြီး ဒဏ်ရာ တွေကို ဆေးထည့် ပတ်တီးလဲ ပေးနေတယ်။ ငါးရက်လောက် ကျနော့်ကို ဘယ်သူမှ လာမခေါ်ကြပြန်ဘူး။ ဒဏ်ရာဒဏ်ချက်တွေ အနာကျက်တဲ့အထိ၊ ခန္ဓာကိုယ် ပုံမှန်ပြန်ဖြစ်တဲ့အထိ အနားပေးထားတယ်၊ ပြီးရင် ထပ်နှိပ်စက်ကြဦးမယ် ဆိုတာ ကျနော် သဘောပေါက်ပါတယ်။

အပိုင်း (၉) တွင်ဆက်လက်ဖတ်ရှု့ပါရန်***
မှတ်ချက်***"စည်းလုံးခြင်းရဲ့အင်အား" ဘလော့ဂ်စာမျက်နှာမှကူးယူဖေါ်ပြထားပါသည်။
မူရင်းဆောင်းပါးလင့်***
http://photayokeking.blogspot.com/2009/02/blog-post_4204.html

Rate this posting:
{[['']]}

No comments:

Post a Comment