သပြေတခက် ကြွေရက်ကယ်စော- အခန်း (၉)
ဆောင်းပါးရှင် - မောင်စည်သာ (တပ်မတော် အရာရှိဟောင်း တစ်ဦး)
“မျှော်မှန်းထားတဲ့အတိုင်း၊ (၆) ရက်မြောက်ည၊ နံနက် (၁) နာရီလောက်မှာတော့၊ ကျနော့် မျက်နှာကို အဝတ်စည်းပြီး၊ အစောင့် (၂) ဦးက ခေါ်ထုတ်သွားကြပါတယ်။ ၃ မိနစ်ခန့် ကြာတဲ့အခါမှာတော့ အခန်းတံခါး ဆွဲဖွင့်ပြီး အခန်းတခုထဲ သွင်းလိုက်ပါတယ်။ မျက်စေ့ စည်းထားတဲ့ အဝတ်စကို ဖြေလိုက်တဲ့ အခါမှာတော့၊ ကျနော်ဟာမျက်မှန်တင်ဦးကြီးရဲ့ရုံးခန်း - သူ့စားပွဲ ရှေ့တည့်တည့်မှာ ရောက်နေတာ သိလိုက်ပါတယ်။ မျက်မှန်ကြီးက ဒေါသ အခိုးအလျှံတွေ ဝေနေတဲ့မျက်လုံးအစုံနဲ့ ကျနော့်ကို ကြောက်စရာ ကောင်းလောက်တဲ့ မျက်နှာနဲ့ လှမ်းကြည့်ပြီး”....
“မင်းဟာခုအထိ တော်တော် ခေါင်းမာတဲ့အကောင်ပဲ။ ဗိုလ်ချုပ်က မရ၊ ရတဲ့နည်းနဲ့ စစ်လို့ အမိန့် ပေးထားပြီးပြီ။ ခုလောက် အနာခံရတာကိုမှ သင်ခန်းစာ မယူတတ်သေးရင် သေသည်အထိ မင်းကို ဆက်စစ်ရလိမ့်မယ်။ ဒီတော့ ဘာမှခြွင်းချန်မထားပဲ ဖြောင့်ချက်ပေးလိုက်။ ငါမင်းကို ခေါ်ပြီး နောက်ဆုံး အခွင့်အရေး ပေးလိုက်ခြင်းပဲ။”
ကျနော်က ပြန်ပြောမလို့ လုပ်နေစဉ်မှာပဲ မျက်မှန်ကြီးက အစောင့် (၂) ဦးကို အချုပ်သားကို ခေါ်သွားကြလို့ အမိန့် ပေးလိုက်ပါတယ်။ အစောင့် (၂) ဦးဟာလဲ အမိန့် အတိုင်း ကျနော့ မျက်နှာကို စည်းပြီး မျက်မှန်ကြီး အခန်းက ခေါ်ထုတ်သွားကြပါတယ်။
(၅) မိနစ်လောက် ကြာတဲ့အခါ အခန်းတခုနှင့်
တံခါးဖွင့်သံကြားရပြီး၊ ကျနော့်ကို ဆွဲသွင်းကြပါတယ်။ မျက်စေ့ကို စည်းထားတဲ့ အဝတ်ကို ဆွဲဖြေလိုက်တဲ့ အခါမှာတော့ - ယခင် စစ်ဆေးနေကျ ပုဂ္ဂိုလ် ၂ ဦးရှိနေတဲ့ စစ်ဆေးရေး အခန်းထဲ ရောက်နေတာ တွေ့လိုက်ပါတယ်။
ခတ်ပိန်ပိန်၊ အသားညိုညို ပုဂ္ဂိုလ်ရဲ့မျက်နှာကတော့၊ စိတ်မကောင်းပုံ ပေါ်နေသလောက်၊ ဂင်တိုတို ပုဂ္ဂိုလ်ရဲ့မျက် နှာကတော့ အောင်သေ၊ အောင်သား၊ မကြာမီ စားရတော့မဲ့အလား ဖြစ်နေပါတယ်။
ခပ်ပိန်ပိန် ပုဂ္ဂိုလ်ကစပြီး၊ တပ်တွင်းက ပြန်လည်ပုန်ကန်မဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး၊ ဖြောင့်ချက် ပေးမပေး၊ အဖြေပေးဖို့ (၃) မိနစ်အချိန်ပေးမယ်လို့ဆိုပါတယ်။
ကျနော်က သူ့စကားဆုံးဆုံးချင်းပဲ၊ ကျနော့်မှာ ဘာမှ ထပ်ဖြောင့်ချက်ပေးဖို့ မရှိကြောင်း အဖြေပေး လိုက်ပါတယ်။ ကျနော့် စကားဆုံးတာနဲ့တပြိုင်နက် ဒေါသမာန်ဟုန် ပြင်းထန်နေတဲ့ ဂင်တိုတို ပုဂ္ဂိုလ်က ဒေါသသံပြည့်လျှမ်းနေတဲ့ အသံကြီးနဲ့ အစောင့် (၂) ဦးကို “ရဲဘော် ဆက်လုပ်” လို့ အမိန့် ပေးလိုက်ပါတယ်။ အစောင့် (၂) ဦးလည်း အလေးပြု ထွက်ခွာသွားပြီးတဲ့နောက်၊ ပါးကွက် အာဏာသား (၃) ဦး၊ ကြိုးများနဲ့ဝင်လာကြပါတယ်။
ပါးကွက်အာဏာသား ၃ ဦးဟာ ကျနော့်ကို ထိုင်နေရာက အတင်းဆွဲထ စေပြီး မတ်တပ်ရပ် အနေအထား၊ လက်နှစ် ဖက်ကို ခန္ဓာကိုယ်ရဲ့ဘေးတဖက် တချက်စီမှာကပ်စေပါတယ်။ နောက်ပြီးမှ တကိုယ်လုံးကို လက်သန်းလုံးလောက် ရှိတဲ့ ကြိုးနဲ့ ရင်ဘတ်အောက်ပိုင်း၊ တင်ပုဆုံ၊ ခြေချင်းဝတ်၊ သုံးနေရာမှာ တင်းတင်းကြပ်ကြပ် တုတ်နှောင်လိုက်ကြပါတယ်။ ပြီးတာနဲ့ - အခန်း မျက်နှာကျက် အလယ်လောက် မှာရှိတဲ့ သံမဏိချိတ် စက်သီးပေါ် လက်မလောက်ရှိတဲ့ ကြိုးတချောင်းကို ပစ်တင်လိုက်ပြီး၊ ကြိုးစတဖက်အား ကျနော်ရဲ့ ခြေချင်းဝတ်မှာ တုတ်စည်း ချည်နှောင်ထားတဲ့ ကြိုးမှာ ၂ ပတ် ၃ ပတ်လောက်ရစ်ပြီး တုတ်နှောင်လိုက် ပြန်ပါတယ်။ နောက်ပြီး ကျနော့်ကို သံမံတလင်းပေါ်ကို လဲှချလိုက်ပါတယ်။
ပါးကွက်အာဏာသားတဦးက “အသင့်” လို့ အော်လိုက်ပါတယ်။ အဲဒီအခါမှာ စစ်ဆေးသူ ၂ ဦးဟာ ထိုင်ရာမှ ရပ်လိုက်ပြီး ဂင်တိုတိုပုဂ္ဂိုလ်က ဆက်လုပ်လို့ အမိန့်ပေး လိုက်တဲ့အခါမှာတော့ ပါးကွက် အာဏာသား ၂ ဦးဟာ တဖက်ကြိုးစကနေပြီး တဖြည်းဖြည်းနဲ့ ဆွဲပါတော့တယ်။ မကြာခင်မှာပဲ ကျနော့် ခန္ဓာကိုယ်ဟာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါတယ်။ စက်သီးနဲ့ ခြေထောက် တစ်ပေသာသာ အကွာလောက်ရောက်တဲ့အခါမှာ အဆွဲရပ်ပြီး ကြိုးစကို နံရံဘေးမှာ ရှိတဲ့ချိတ်မှာ ရစ်ပတ်လိုက်ပါတယ်။
ပထမတော့ ကျနော့် ခန္ဓာကိုယ်ဟာ အနည်းငယ် လည်ရမ်းနေပါတယ်။ အဲဒီအချိန်မှာပဲ ဂင်တိုတိုလူက ပါးကွက်အာဏာသားမှူးကို “ဆရာကြီး ဒီလူဖြောင့်ချက် ပေးမယ်ဆိုမှ ကျနော်တို့ကို လာခေါ်” လို့ အမိန့်ပေးပြီး ဆရာကြီးဆိုသူ ပုဂ္ဂိုလ်က လွဲပြီး အားလုံး အပြင်ကို ထွက်ခွာသွားကြပါတယ်။
ကျနော်လဲ ဆရာကြီးဆိုသူကို ဇောက်ထိုးမိုးမျှော် ဖြစ်နေရာက စူးစိုက်ကြည့်လိုက် မိပါတယ်။ ပုပု ၀၀ဖိုင့်ဖိုင့်၊ အသားမည်းမည်းကြုတ်ကြုတ်၊ မျက်နှာဆိုးဆိုးနဲ့ ဒါမျိုးတွေ သူ့အဖို့ ရိုးနေပြီ၊ သူ့မှာ ဘာခံစားချက်မှ မရှိဘူးဆိုတာ သူ့မျက်နှာမှာ ပေါ်လွင်နေပါတယ်။
ကျနော့် ဦးခေါင်းကတော့ သံမံတလင်းရဲ့အထက် ၃ ပေ အမြင့်လောက်မှာ ရှိနေပါတယ်။ မကြာခင်မှာပဲ ခန္ဓာကိုယ် တခုလုံးရဲ့အောက်ကို ဆွဲနေတဲ့ အလေးချိန်ဒဏ်ကို ခြေချင်းဝတ်တွေမှာ အင်မတန် အခံရခက်တဲ့ နာကျင်ကိုက်ခဲ မှုကြီးကို နဖူးတွေ့ဒူးတွေ့ခံစားရပါတော့တယ်။
နာရီဝက်လောက် ကြာတဲ့အခါမှာတော့ တကိုယ်လုံးမှာရှိတဲ့ သွေးတွေဟာ ဦးခေါင်းဆီကို ဦးတည်စုပြုံ စီးဆင်းနေကြတာမို့၊ ပထမဦးခေါင်းတခုလုံး ပြည့်တင်းရောင်ရမ်းတဲ့ အသိမျိုး ခံစားရပါတယ်။ ဒီထက် ကြာလာတဲ့ အခါမှာတော့ မျက်လုံးတွေ မှုန်ဝါးလာပြီး ပတ်ဝန်းကျင် တခုလုံးဟာ မသဲမကွဲ ဖြစ်လာပါတော့တယ်။ ခြေချင်းဝတ် နေရာဟာ အင်မတန် နာကျင် ကိုက်ခဲရာက တဖြည်းဖြည်း ထုံကျင်လာပါတော့တယ်။
လက်နှစ်ဘက်ကလဲ ဒီအတိုင်းပဲ တဖြည်းဖြည်း ထုံလာပါပြီ။ ကိုယ်ခန္ဓာကို ပုံမှန်မဟုတ်ပဲ ဇောက်ထိုးမိုးမျှော် အနေအထားနဲ့ ကြာရှည်ထားတဲ့အတွက်၊ အစာအိမ်နဲ့ အခြား အတွင်း ခန္ဓာကိုယ် အစိတ်အပိုင်းအချို့က အရည်အချို့ဟာလဲ ပါးစပ်ပေါက်ကတဆင့် ဖြည်းဖြည်းချင်း စီးလာ ပါတော့တယ်။ ကျနော့် မျက်လုံးတွေက တဖြည်းဖြည်း ပြာလာပါပြီ။ အသက်ရှုရတာ မြန်လာသလို ရင်ထဲမှာလဲမော ပန်းတင်းကြပ်လာပါပြီ။ အသက်ရှု မဝတော့ပါ။ ကျနော့်ကိုယ် ကျနော်လဲ ငါရဲ့နောက်ဆုံးအချိန်တော့ ရောက်လာပြီ လို့ ယူဆမိပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်တဦးပီပီ ဘုရား၊ တရား၊ သံဃာကို ကြိုးစားအာရုံပြုလိုက်ပါတယ်။ များမကြာခင်မှာပဲ ကျနော့် မျက်လုံးအစုံ မှုန်ဝါးရီဝေနေရာမှ တချက်တချက် မဲမှောင်သွားပါတယ်။ မျက်ခွံတွေဟာလဲ တဖြည်းဖြည်း လေးလံလာပြီး ကျနော်ဘာမှသတိမရတော့ပါ။
ကျနော် သတိရလာတဲ့ အချိန်မှာတော့ ကျနော့်ခန္ဓာကိုယ်ဟာ သံမံတလင်း ပေါ်ရောက်နေပြီး၊ ပါးကွက် အာဏာသား တစ်ဦးက ကျနော့်မျက်နှာကို ရေခဲရေစိမ်ထားတဲ့ အဝတ်တခုနဲ့ ပွတ်တိုက်ပေး နေပါတယ်။
အဲဒီနေ့ညကိုတော့ ကျနော် ဘယ်တော့မှ မေ့နိုင်မယ် မဟုတ်ပါ။ ဘာပြုလို့လဲဆိုတော့ သတိလည် လာတာ နဲ့တပြိုင်နက် ပါးကွက်အာဏာသားတွေဟာ ကျနော့်ကို ဇောက်ထိုးမိုးမျှော် ဆွဲထားကြ ပြန်ပါတယ်။ ဒီလို လုပ်ကြတာဟာ (၄) ကြိမ်ထက် မနည်းပါဘူး။
နောက်ဆုံးအကြိမ် ကျနော် သတိပြန်လည်လာတဲ့အခါမှာတော့ ကျနော်ဟာ ကျနော့်ရဲ့ အချုပ်ခန်း ကုတင်ပေါ်ကို ပြန်ရောက်နေပါပြီ။ ကိုယ်ပေါ်မှာ ချည်နှောင်ထားတဲ့ကြိုးတွေလဲ မရှိတော့ပါဘူး။ တကိုယ်လုံးမောပန်း နွမ်းလျနေသလို၊ ခြေချင်းဝတ်နေရာတွေကတော့ အင်မတန် နာကျင် ကိုက်ခဲ နေပါတယ်။ နောက်ပြီးအဲဒီနေရာမှာ ကြိုးဒဏ်ကြောင့် အချို့နေရာတွေမှာ ညိုမဲနေသလို အချို့ နေရာတွေမှာလဲ အသားတွေ လန်နေတာကို သတိပြုမိပါတယ်။
နောက် ၂ ရက်ခန့် ကျနော့်ကို အချုပ်ခန်းထဲမှာပဲ ထားပါတယ်။ နေ့တိုင်း ဆေးရဲဘော် တယောက်လာပြီး ခြေချင်း ဝတ်မှာရှိတဲ့ ဒဏ်ရာတွေကို ဆေးကြော၊ ဆေးလိမ်းပေးပါတယ်။ အစားအသောက်တွေကလဲ ပုံမှန်အတိုင်းရပါတယ်။ (၃) ရက်မြောက်နေ့မှာ ကျနော် လမ်းလျောက်လို့ ရပါပြီ။ ဒါကြောင့်မို့ ငါဘယ်လို ငရဲခန်းမျိုး မကြာခင် တွေ့ရဦးမယ်ဆိုတာ တွေးတော နေမိပါတယ်။
အဲဒီနေ့ ည (၈) နာရီသာသာခန့်မှာပဲ ကျနော့်မျက်နှာကို အဝတ်စည်းပြီး အစောင့် နှစ်ယောက်က ကျနော့်ကိုခေါ် ထုတ်သွားကြပါတယ်။ (၂) မိနစ်လောက် အကြာမှာ လေနုအေးရဲ့တိုးဝှေ့ တိုက်ခတ် လိုက်တာကို တွေ့ထိရတာမို့ အဆောက်အဦး အပြင်ဘက် ရောက်နေပြီ ဆိုတာ သိရပါတယ်။ ၁၀ မိနစ်လောက် လမ်းလျှောက်ပြီးနောက် သော့ခလောက် ဖွင့်သံကြားရပြီး ကျနော့်ကို အထဲ ဆွဲခေါ်သွားပါတယ်။ နောက်ပြီးမှ ကျနော့်မျက်နှာကို စည်းထားတဲ့ အဝတ်စ ကို ဖြည်လိုက်ကြပါတယ်။
ပထမတော့ စစ်ဆေးတဲ့နေရာ၊ စစ်ဆေးတဲ့ ပုဂ္ဂိုလ်တွေ ပြောင်းတာပဲ ဖြစ်မယ်လို့ ကျနော် ထင်မိပါတယ်။ နောက်မှ မဟုတ်မှန်း သိလာရပါတယ်။ ကျနော့်ကို ထပ်မံ မစစ်ဆေးတော့ပဲ၊ နေရာပြောင်းချုပ်ထားခြင်းပဲ ဖြစ်ပါတယ်။ သူတို့ စိတ်ကြိုက်စစ်ဆေးပြီး နောက်ထပ် ဘာမှ ထပ်ရစရာမရှိတော့ပြီလို့ ယူဆထားတဲ့ပုဂ္ဂိုလ် တွေကို ချုပ်ထားတဲ့နေရာပါပဲ။ အိပ်ယာ၊ စောင်၊ ခြင်ထောင်၊ ကစပေးပါတယ်။ ကျနော့်ကို ချုပ်ထားတဲ့ နေရာကတော့ ရေကြည်အိုင် အတွင်းထောင်ရဲ့အပြင်ဖက်က အဆောင်ကိုယ်စီနဲ့ ထားတဲ့အချုပ်ခန်းတွေပါပဲ။
ကျနော်သိရသလောက် ကျနော်တို့ အတန်းမှာဆိုရင် စစ်ဆေးမေးမြန်းပြီးဖြစ်တဲ့ အမျိုးသမီး အချုပ်သ္မားများ များပါတယ်။ သိရသလောက် ဂျာနယ်ကျော် ဒေါ်မမလေး၊ တပ်မတော်လေတပ်မှ ဗိုလ်ကြီးဒေါ်လှသန်း၊ ဗိုလ်မှူးကြီးတင်မောင် ဇနီးနဲ့ အခြားပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။
“နေပါဦး၊ ဗိုလ်ကြီးကိုသူတို့ စိတ်ကြိုက်စစ်ဆေးမေးမြန်းပြီး၊ နောက် ကောင်းကောင်းမွန်မွန် ထားရာက၊ ခုလို cell အချုပ်ခန်းထဲ ဘယ်လိုပြန် ရောက်လာရတာလဲ လို့” ကိုအောင်သူက မေးမြန်း လိုက်တဲ့အခါမှာတော့….
အဲဒီအကြောင်း ကျနော် ပြောပြမလို့ပါပဲ၊ အတိုချုံးပြောရရင် လွန်ခဲ့တဲ့ တစ်ပတ်လောက်မှာ ကျနော့်ကို ဘေးပတ် ဝန်းကျင်အချုပ်သားများနဲ့ လျှို့ဝှက်ဆက်သွယ်မှုတွေလုပ်ပြီး၊ အချုပ်စခန်းရဲ့ စည်းကမ်းတွေကို ချိုးဖေါက်တယ်ရယ်လို့ အစောင့်တစ်ဦးက တိုင်တန်းသတင်းပို့တာကြောင့် - မျက်မှန်ကြီးက ခေါ်ယူ၊ ဆဲဆို၊ ကြိမ်းမောင်း၊ ထိုးကြိတ်ပြီး အပြစ်ပေးတဲ့သဘောနဲ့ Cell အချုပ်ခန်းကို ပြောင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီမှာအနေအထိုင်၊ အစားအသောက်က အစ၊ ကျဉ်းကျပ် ရုတ်လျော့သွားပြီး၊ ကျနော့်ကို သူတို့စိတ်ကြိုက် လူမဆန်အောင် ညှင်းပန်း နှိပ်စက် လိုက်ကြတဲ့ အတွက်၊ ခန္ဓာကိုယ်ချိနဲ့ပြီး ခုလို ကျန်းမာရေး အခြေအနေ မကောင်းတဲ့ အခြေရောက် ပေမဲ့လဲ၊ ကျနော့် စိတ်ဓါတ်ကတော့ ဘယ်တော့မှ ပျော့ညံ့မသွားပါဘူး။ အထူးသဖြင့်၊ မျက်မှန်ကြီးနဲ့ အပေါင်းပါ ပါးကွက် အာဏာသား အားလုံးကို ဇာတ်သိမ်း ကောင်းနိုင်ကြပါစေလို့၊ အမြဲ မေတ္တာပို့သလျက် ရှိနေပါတယ်” လို့ ဆို့နင့်သံ အပြည့်နဲ့ ဗိုလ်ကြီးမြင့်ထူးက သူ့ အဖြစ်အပျက်တွေ ပြန်ပြောင်းပြောဆိုမှုကို နိဂုံးချုပ် လိုက်ပါတယ်။
ကျနော်နဲ့ ကိုအောင်သူ ကြားတွင်ရှိသည့် မီးဖိုမှ မီးအရှိန်သည်လည်း အတော်အားလျော့ မှေးမှိန်နေပြီ ဖြစ်သော် လည်း၊ ကိုအောင်သူ၏ မျက်လုံးအစုံတွင် မျက်ရည်များ လဲ့နေသည်ကို ကျနော် သတိထားမိပါသည်။ ကျနော် ကိုယ်တိုင်လည်း ခံစားမှုများက ရင်ထဲတွင် တင်းကြပ် ဆို့နင့်နေပါသည်။
ကျနော်မှ ထင်းတုံး ၃/၄ တုံးကိုယူပြီး မီးဖိုထဲသို့ တစ်တုံးပေါ် တစ်တုံးဆင့် ထည့်သွင်း လိုက်ပါသည်။ ကိုအောင်သူကလည်း သူ့ရှေ့တွင် ချထားပေးသော ရေနွေးကြမ်းအိုးမှ လက်ကျန် ရေနွေးကြမ်းကို သူ့ပုဂံထဲ ထည့်လိုက်ပြီး - အ၀ မော့သောက်လိုက်ပါသည်။
မနီးမလှမ်း အရပ်ဆီမှ ကြက်တွန်သံများပင် ကြားရပါပြီ။ သို့သော် ကျနော်တို့တွင် အိပ်ချင်စိတ် လုံး၀ မရှိတော့ပါ။ ခံစားချက်တွေက ကျနော်တို့ ခန္ဓာကိုယ်နှင့် စိတ်တို့ကို အပြည့်အ၀ လွှမ်းခြုံထား လိုက်ခြင်းကြောင့်ဖြစ်ပါသည်။
အချိန်အတော်ကြာ ထိုင်ခဲ့ကြသည့်အတွက် အပေါ့အပါးသွားရန်နှင့် ကိုယ်လက်လှုပ်ရှားမှုလုပ်ရန် အိမ်အပြင်သို့ ကျနော်တို့ နှစ်ဦး ထွက်လာကြပါသည်။
သပြေတခက် ကြွေရက်ကယ်စော- အခန်း (၁၀)
ပြင်ပတွင်ကား ငွေစန္ဒာလရောင်က လွန်စွာမှ တင့်ရွှန်းလှပနေပေသည်။ သစ်ပင်၊ သစ်ရွက်၊ သစ်ခက် ကြီးကြီး ငယ်ငယ် တို့သည် လရောင် နှင့် နှင်းရည်တို့ကို အတားအဆီး မရှိ လွတ်လပ်စွာ သောက်သုံးနေကြလေသည်။ အားလုံးသည် လရောင်အောက်တွင် စိမ်းရည်ရွှမ်းပြီး၊ အစွမ်းကုန် လန်းဆန်းနေကြသည်။ စည်သာချောင်း၏ ညင်သာသော ရေစီးသံက သဘာဝအလှကို ဂီတဖြင့် တန်ဆာ ဆင်ထားပြန်သည်။
ကျနော်တို့ နှစ်ဦးသည် ခြံထဲတွင် (၅) မိနစ်ခန့်သာ ကိုယ်လက်လှုပ်ရှား အညောင်းပြေစေရန် လမ်းသလား ကြ သော်လည်း သဘာဝအလှတွင် ကြာရှည်စွာ ငေးမောနိုင်စွမ်း မရှိကြပါ။
ကျနော်တို့အိမ်ပေါ်သို့ပြန်တက် လာကြသည့် အခါတွင်ကား မီးဖိုတွင် ဖြည့်ခဲ့သော ထင်းကြောင့် မီးအရှိန် အတော်ရ နေပေပြီ။ ကျနော်သည် ရေနွေးကြမ်းအိုးအား ရေအနည်းငယ် ထည့်ဖြည့်ပြီး မီးဖိုခနောက်ပေါ်သို့ တင်လိုက်ပါသည်။ နှမ်းပြစ်၊ မြေပဲဆားလှော်များကို ပုဂံများအတွင်းသို့ ထပ်ဖြည့်လိုက်ပါသည်။
“ကဲ အကိုရေ၊ အခု ကျနော်ပြောပြမှာကတော့ ဗိုလ်ကြီးမြင့်ထူးရဲ့ နေဝင်ချိန် (ဝါ) ခရီးဆုံးအပိုင်းပဲ ဖြစ်ပါတယ်” ဆိုပြီး ကိုအောင်သူက သူတွေ့ရှိ၊ သိရှိရသည့် ဗိုလ်ကြီးမြင့်ထူး၏ နိဂုံးပိုင်းကို အောက်ပါအတိုင်း ပြောပြပါတော့သည်။
“ဆောင်းနှောင်းနေ့တနေ့ရဲ့ နံနက်အာရုံဦး။ ဗိုလ်ကြီးမြင့်ထူး အခန်းမှ အချက်ပေးသံကြောင့် ကျနော် လန့်နိုး ခဲ့ရပါတယ်။ သူက တညလုံးကိုက်ခဲ ညောင်းညာနေပြီး ဆီးသွား၍ သိပ်မရကြောင်း- ဆီးအနည်းငယ်ထွက်ဖ့ို ညှစ်လျှင် ဆီးအိမ်နဲ့ဆီးစပ်တဝိုက် အင်မတန် နာကျင် ကိုက်ခဲနေကြောင်း - ရှိသည့်သောက်ရေ လည်းကုန် သွားပြီဖြစ်လို့ ရေ အနည်းငယ်ပေးဖို့ ပြောပါတယ်။
ကျနော်လဲ ချက်ခြင်း ရေတံခေါင်းထဲမှာ ရှိသမျှရေကို အပေါက်ကြားမှ ဇွန်းမြီးဖျားထိုးပြီး တဖြည်းဖြည်း လောင်းချ ပေးလိုက်ပါတယ်။ ရေအဝသောက်ဖို့နဲ့ စိတ်အေးအေးထားဖို့- မနက် မိုးလင်းလို့ တာဝန်ကျ အစောင့်တွေ လာရင် နေမကောင်းကြောင်း သတင်းပို့ဖို့ အားပေးစကား ပြောလိုက်ပါတယ်။
အဲဒီနေ့ မနက်ပိုင်း အချုပ်သားတွေကို ချေးအိုးသေးအိုးသွန်ဖို့နဲ့ မျက်နှာသစ်ကြဖို့ ထုတ်တဲ့အခါ သူရဲ့ မျက်နှာ အထူးနွမ်းလျနေပြီး ခြေထောက် အစုံဟာလည်း အထူးအားယူပြီး လျှောက်နေ ရတာကို သတိပြုမိပါတယ်။
နေ့ခင်း ကျနော်နဲ့ သူနဲ့ စကားပြောကြစဉ်ကလဲ သူ့အသံတွေဟာ တုန်ရီနေပြီး အားအင်ချိနဲ့ နေတာက အထင်းသား ပေါ်လွင်နေပါတယ်။ သူက အစောင့် တာဝန်ကျတွေကို နေမကောင်းကြောင်း၊ ရေပိုပေးဖို့ ပြောပြပြီး ဖြစ်ကြောင်း၊ အစောင့်များက ဆရာဝန်လာရင် သတင်းပို့ပေးမယ်လို့ ပြောကြောင်း၊ သူ့ကိုသနားတဲ့ အစောင့်တဦး ကတော့ ရေတံခေါင်းအပိုတခု လာပေးကြောင်း၊ ယနေ့ နေ့လည်စာ စားမဝင်ကြောင်း၊ ရင်ပြည့်ပြီးစားချင်သည့် စိတ်မရှိကြောင်း၊ ရေကိုသာ ကြိုးစား သောက်နေကြောင်း၊ ကိုက်ခဲ နာကျင်သည့်ဒဏ်ကတော့ ပျောက်မသွား သေး ကြောင်း၊ ဆီးသွားရမှာကိုပင် နာကျင်လွန်းလို့ ကြောက်နေမိကြောင်း၊ ဦးနှောက်တွေလဲ မူးဝေထိုင်း မှိုင်း နေပြီး မျက်စိများလဲ ကြည့်ရသည်မှာ မှုန်ဝါးဝါး ဖြစ်နေကြောင်း၊ တခါတရံ မိုက်ကနဲ မိုက်ကနဲ ဖြစ်တတ်ကြောင်း တတ်နိုင်သမျှ လဲလျောင်းအိပ်စက် နေလိုကြောင်း စသည်များကို ပြောပါတယ်။
ညနေပိုင်း ထမင်းစားပြီးချိန်တွင် ကိုအောင်သူသည် ဗိုလ်ကြီးမြင့်ထူး နှင့် ဆက်သွယ်ပေမဲ့လဲ ၂ မိနစ်ခန့် ကြာမှသာ ဗိုလ်ကြီးမြင့်ထူးမှ ပြန်လည်ဆက်သွယ်နိုင်ပါတယ်။ အစာစားလိုစိတ် မရှိလို့ ညနေစာ မစားကြောင်း၊ ဆီး သွားရတာလဲ အင်မတန်ခက်ပြီး ဆီးစပ်တပြင်လုံး ပြင်းပြင်းထန်ထန် ကိုက်ခဲနာကျင်နေကြောင်း၊ ဒါ့အပြင်အဖျား သွေးလဲရှိနေ ကြောင်း၊ အခုအထိလဲ ဆရာဝန် လာမကြည့်ကြောင်း၊ ဖက်ဆစ် စစ်အာဏာရှင်တို့ရဲ့ ငရဲခန်းတွေမှာ နေထိုင်မကောင်းတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို လူချင်းမစာနာ သေရင်လဲ ပြီးရောဆိုပြီး ဂရုမစိုက်ပဲ ပစ်ထားတဲ့ ပုဂ္ဂိုလ်တွေ အများအပြား ရှိမှာမလွဲကြောင်း၊ သူကတော့ ဘာမဆို ရင်ဆိုင်ဖို့အသင့် ရှိနေပြီ ဖြစ်ကြောင်းများကို တလုံးချင်း အားယူပြီး ပြောပြပါတယ်။ နောက်ပြီးမှ- ကိုအောင်သူရေ အခြေအနေ ပေးသေး ရင်လဲ နက်ဖြန်မှ ပြန်ဆုံကြတာ ပေါ့ - လို့ပြောပါတယ်။ ကျနော်ကလဲ ညမှာ နွေးနွေးထွေးထွေး အိပ်ဖို့ အရေးပေါ် အခြေအနေဖြစ်ရင် လျှို့ဝှက် ဆက်သွယ်ဖို့ပြောပြီး လူချင်းခွဲလိုက်ကြပါတယ်။
အဲဒီ ညဦးပိုင်းမှာတော့ အခြေအနေဟာ ငြိမ်သက်နေပေမဲ့လဲ နံနက် ၁ နာရီကျော်ကျော်ပိုင်း မှာတော့ ကျနော် အိပ်ယာက လန့်နိုးလာခဲ့ပါတယ်။ လန့်နိုးတဲ့ အကြောင်းရင်းက ဗိုလ်ကြီးမြင့်ထူး အခန်းမှ ငြီးသံကို တချက်တ ချက်ရလို့ ပါပဲ။ ကျနော်က အချက်ပေးပြီး ခေါ်ယူပေမဲ့လဲ ဗိုလ်ကြီး မြင့်ထူး မလာပါ။ သစ်သားနံရံ အက်ကြောင်း လျှို့ဝှက် ပေါက်လေးကြားမှ သူ့အခန်းကို ချောင်းကြည့် လိုက်တော့ မီးရောင်မှုန်ဝါးဝါးအောက် ကုတင်ပေါ်မှာ ဗိုလ်ကြီးမြင့်ထူးဟာ ဘယ်ဖက်ကို စောင်းအိပ်ရင်း တကိုယ်လုံး တုန်ရီနေတာကို သတိပြုမိပါတယ်။ ဒါကြောင့် ဗိုလ်ကြီး မြင့်ထူး အဖျားတက် နေပြီဆိုတာ ကျနော် ကောက်ချက် ချလိုက်ပါတော့တယ်။
ကျနော်လဲ အခန်းချင်းကပ်ရက် ဖြစ်နေပေမဲ့လဲ ဘဝတူ ကိုယ့်ရဲဘော်ရဲဘက် တယောက်ကို ဘယ်လိုမှ အကူအညီ မပေးနိုင်တဲ့ စစ်အာဏာရှင်တို့ရဲ့ အချုပ်သားဘဝကို နာကျည်းနေ မိပါတယ်။ အဲဒီညကတော့ ဗိုလ်ကြီး မြင့်ထူး ပြန်လည်ကျန်းမာ လာပါစေလို့ဆုတောင်းပေးရုံက လွဲပြီး ကျနော်ဘာမှ မတတ်နိုင်ခဲ့ပါ။
နောက်တနေ့ နံနက်အချုပ်သားတွေ အပြင်ထုတ်ချိန်မှာတော့ ဗိုလ်ကြီးမြင့်ထူး ထွက်တာ မတွေ့ရပါ။ နံနက်၁၀ နာရီ သာသာခန့် မှာတော့ ဗိုလ်ကြီးမြင့်ထူး အခန်းသော့ဖွင့်သံ ကြားပြီး ၃မိနစ်ခန့်အကြာမှာ အခန်းသော့ပြန် ပိတ် သွားပြီး လူ၂ဦး ၃ဦး လမ်းလျှောက်ထွက်ခွာသွားသံကို ကြားမိပါတယ်။ အခြေအနေ ခေတ္တ ငြိမ်သက် သွားအောင် စောင့်ဆိုင်းပြီးမှ ကျနော်လဲ ဗိုလ်ကြီးမြင့်ထူး အခန်းကို လျှို့ဝှက်ပေါက် ကလေး မှ လှမ်း ကြည့်မိပါတယ်။ ဗိုလ်ကြီးမြင့်ထူး ကတော့ အိပ်ယာပေါ်မှာပဲ ပက်လက်လှန်ပြီး အိပ်ပျော်နေပုံ ရပါတယ်။ သို့ပေမဲ့ ကိုယ်ပေါ်မှာ ခြုံထားတဲ့စောင် တုန်ခါနေတာမြင်ရလို့ အဖျားတက်နေတုံးပဲ ဆိုတာသတိပြုမိပါတယ်။ ကျနော်လဲ အခြေအနေပေးရင် ပေးသလို ဗိုလ်ကြီးမြင့်ထူးကို ချောင်းကြည့်ပေမဲ့ ပက်လက်အိပ်နေတာရယ် တကိုယ်လုံး တုန်ရီနေတာကလွဲပြီး ဘာမှမမြင်ရပါဘူး။
အဲ ည ၇ နာရီ ထိုးခါနီးမှာတော့ ဗိုလ်ကြီးမြင့်ထူးရဲ့ အချက်ပေးသံကို ကြားလိုက်ရပါတယ်။ ကျနော် အတော် ဝမ်းသာ သွားမိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အခြေအနေ ကောင်းလာတာ ဖြစ်မှာပဲလို့ မျှော်လင့်တဲ့အ တွက်ပါပဲ။ ဒါပေမဲ့ သူနဲ့ စကားစပြောရင်ပဲ ကျနော့် မျှော်လင့်ချက်ဟာ အင်မတန် မှားယွင်းသွားပြီ ဆိုတာ သိလိုက်ပါတော့တယ်။ ဘာပြုလို့ လဲဆိုတော့ သူ့အသံဟာ တုန်ရီ မောဟိုက်နေတဲ့ အပြင် စကားတလုံး တလုံးကို အားယူပြီး ပြောနေရလို့ပါ ပဲ။
“ကိုအောင်သူ၊ ကျနော် ခင်ဗျားနဲ့နောက်ဆုံး စကားပြောချင်လို့ ကျနော့် ကုတင်ကနေ ဒီနေရာကို အထူး ကျိုးစားပြီး လာခဲ့ရတယ်။ မနက်ပိုင်းက ဆေးတပ်ကြပ်ကြီး ခဏ လာမေးမြန်းပြီး အကိုက်အခဲ ပျောက်ဆေး၊ ငှက်ဖျားဆေး စတာတွေ ပေးသွားတယ်။ ဆေးမှူးကို တင်ပြပြီး ဆေးမှူး လာရောက် စစ်ဆေးပြီးမှ လိုအပ်ရင် ဆေးရုံတင်ဖို့ အထက်ကို တင်ပြပြီး ဆောင်ရွက်ပေးမယ်လို့ ပြောသွားတယ် ”
“ဒါပေမဲ့လဲ ကျနော့်အခြေအနေ ကျနော်သိပါတယ် ကိုအောင်သူရယ်။ ဖက်ဆစ်တွေရဲ့ လူမဆန် ရက်စက်ယုတ် မာတဲ့ ညှင်းဆဲမှု ဒဏ်တွေအပြင် အမျှင်မပြတ်တဲ့ ငှက်ဖျားကလဲ ပြန်ဝင်လာပြီ ဆိုတော့ ကျနော့်အတွက် မျှော်လင့်ချက် မရှိတော့ပါဘူး။ ကျနော့် မျက်စေ့တွေလဲ ဝါးကုန်ပြီ၊ ဘာကိုမှ ထင်ထင်ရှားရှား မမြင်ရတော့ဘူးဗျာ”
“ဒီတော့ အချိန်ရတုံးလေး ကျနော်မှာချင်တာလေးတွေ မှာခဲ့ပါရစေ။ ပထမဆုံး အချက်ကတော့- သင့်တော်တဲ့ အချိန် အခါရောက်ရင် ကျနော် တယောက် ဖက်ဆစ် စစ်အာဏာရှင်တွေရဲ့ ရေကြည်အိုင် ငရဲစခန်းမှာ ဘယ် လိုဇာတ်သိမ်း သွားတယ်ဆိုတာ - ပြည်သူတွေကို တင်ပြ အသိပေး ပေးပါ။ ဒုတိယ အချက်ကတော့ ပြည်သူတွေနဲ့ အဖွဲ့အစည်း အားလုံးကို ယုံယုံကြည်ကြည် တက်တက်ကြွကြွ စည်းလုံးညီညွတ်စွာနဲ့ ဒီမိုကရေစီရေး အတွက် ဆက်လက်တိုက် ပွဲဝင်သွားကြပါလို့။ နောက်ဆုံး မှာချင်တဲ့ အချက်ကတော့- ကျနော်တို့နိုင်ငံ ဒီမိုကရေစီရမှ သပြေတခက် ရေချမ်းခွက်နဲ့ရောက်ရာဘဝက ကျနော့်ကို အမျှဝေပေးပါလို့”
အာဇာနည် ဗိုလ်ကြီး မြင့်ထူးဟာ တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံ အနေနဲ့ မြင်သွားချင်ပေမဲ့ သူ့ဆန္ဒ မပြည့်ဝခဲ့ပါဘူး။ ဖြစ်ရပ်မှန် သူ့ရဲ့ ကြေကွဲဖွယ် ဇာတ်လမ်းကို ဆက်လက် တင်ပြသွားပါမယ် ခင်ဗျား။
သပြေတခက် ကြွေရက်ကယ်စော- အခန်း (၁၁)
မတ်လ (၈) ရက်နေ့ဟာ မြန်မာနိုင်ငံမှာ အကြိုဖက်ဆစ် တော်လှန်ရေးကြီး စတင်ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ဖက်ဆစ်တော်လှန်ရေးကြီးမှာ အမျိုးသားဖခင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ လက်ရုံးတစ်ဆူ ဖြစ်ခဲ့သူ ဗိုလ်မှူးကြီး ဗထူးကို ကြားဖူးနား၀ ရှိခဲ့ကြပါတယ်။ စစ်အာဏာရှင်တွေက သူ့ရဲ့သား ဗိုလ်ကြီးမြင့်ထူး အကြောင်း ကိုတော့ တိမ်မြှပ် ဖျောက်ဖျက် ထားကြပါတယ်။ ဒီမိုကရေစီ တောင်းဆို တိုက်ပွဲဝင်ရင်း အသက်ပေးသွားတဲ့ သူရဲကောင်းတွေ ထဲမှာ ထိပ်ဆုံးက ပါဝင်တဲ့ တပ်မတော် အရာရှိ ဗိုလ်ကြီးမြင့်ထူးရဲ့ အကြောင်းကို ဆက်လက် တင်ပြလိုက်ပါတယ်။ တဆက်ထဲမှာ ဒီဖြစ်ရပ်မှန်ကို ဖေါ်ထုတ်ရေးသားခဲ့တဲ့ တပ်မတော် အရာရှိရဲ့ ဆန္ဒမွန်ဖြင့် တင်ပြထားချက်အား ဖတ်ရူကာ ဖက်ဆစ်ထက် ဆိုးတဲ့ စစ်အာဏာရှင်တွေကို လက်တွဲပြီး စည်းလုံး ညီညွတ် စွာဖြင့် ဖယ်ရှားကြပါရန် တိုက်တွန်းတင်ပြ လိုက်ရပါတယ်ခင်ဗျား။
ဗိုလ်ကြီးမြင့်ထူးရဲ့ အသံ တိုးတိမ်သွားသလို ကျနော့် ခန္ဓာကိုယ်တခုလုံး နွမ်းချိ ဆို့နင့် မျက်ရည် ဝဲလျက် ရှိနေ ပါတယ် “ဗိုလ်ကြီး မှာတာတွေ ကျနော်ဘယ်တော့မှ မမေ့ပါ။ ဗိုလ်ကြီး ရည်ရွယ်ချက်တွေလဲ ထမြောက်အောင် ကျနော်အစွမ်း ကုန်ကြိုးစားပါ့မယ်”
“သာဓု သာဓု သာဓု ကဲ ကိုအောင်သူရေ Goodbye and good luck နော်- သွားပြီဗျာ”
“ဟုတ်က ဲ့ဗိုလ်ကြီးခင်ဗျာ Goodbye and all the best”
ကျနော်သည် အပေါက်လေးအကြားမှ ချောင်းကြည့်နေမိပါသည်။ ဗိုလ်ကြီးမြင့်ထူးသည် တဖြည်းဖြည်းချင်း အားယူပြီး သူ့ ကုတင်ဆီသို့ တွားသွားနေပါသည်။ အတန်ကြာမှ ကုတင်နား ရောက်ပြီး ခက်ခဲစွာနဲ့ ကုတင်ပေါ်သို့ ပက်လက်လှန် လဲလျောင်းရင်း သူ့တကိုယ်လုံးကို စောင်ဖြင့် လွှမ်းခြုံ လိုက်ပါတော့သည်။
အဲဒီည ၈ နာရီခန့်လောက်မှာ ဗိုလ်ကြီးမြင့်ထူးရဲ့ ရေတောင်းသံကို ကြားရပါတယ်။ သူ့ရဲ့အသံဟာ တုန်ရီပြီး ပုံမှန် အသံ မဟုတ်ဘူးဆိုတာ သတိပြုမိပါတယ်။ ကျနော်ကလဲ ဒီဖက်အခန်းက အသံပြန် ပေးရင်း ရေပေးနေကျ အပေါက်ဆီသို့ လာရန်အချက် ပေးပေမဲ့လဲ ဗိုလ်ကြီးမြင့်ထူး မလာနိုင်တော့ပါ။
သူ့မှာ အသံလာရာ Direction ကို မှန်းဆတတ်သည့်အသိ မရှိတော့။ အသံကိုသူ့နားသောတ က လုံးဝလက်မ ခံတော့ဆိုသည်ကို သဘောပေါက်မိ ပါတယ်။
မကြာမီမှာပဲ ဗိုလ်ကြီးမြင့်ထူးရဲ့ ကယောင်ကတမ်း ပြောသံ၊ တချက်ချက် စူးရှတဲ့ အော်သံ၊ ငြီးတွားသံတွေ ထွက်ပေါ် လာပါတော့တယ်။ အဲဒီအချိန်မှာမှ အချုပ်ခန်းစောင့် ရဲဘော် ၂ ဦး ဘယ်က ပေါက်လာသလဲမသိ၊ ပြေးလွှားပြီး ဗိုလ်ကြီးမြင့်ထူးရဲ့ တံခါးသော့ကို ဖွင့်ပါတော့တယ်။
အခြေအနေကို ကြည့်ပြီးအစောင့် တယောက်ဟာ ချက်ခြင်း ပြန်ထွက် သွားပါတယ်။ ဒီနောက်မှာတော့ ဗိုလ်ကြီးမြင့်ထူးရဲ့ ကယောင်ကတမ်း ငြီးတွားသံတွေဟာလဲ တဖြည်းဖြည်း ငြိမ်သက် သွားပါတော့တယ်။ မိနစ်၂၀ ခန့် အကြာမှာမှ အစောင့် ၄/၅ ဦး ထပ်မံ ရောက်လာပြီး ဗိုလ်ကြီး မြင့်ထူးကို ထမ်းစင်ပေါ်တင်ပြီး ထုတ်သွားတော့ တာပါပဲ အကိုရယ်”
ကိုအောင်သူရဲ့ ဆို့နင့်ကြေကွဲ မျက်ရည်လွှမ်းသံတို့က ပတ်ဝန်းကျင်ကို တဒင်္ဂကြီး စိုးနေပါသည်။ ကျနော့်ပါးပြင် ပေါ်တွင်လဲ သူငယ်ချင်းဗိုလ်ကြီးမြင့်ထူး အတွက်ယူကျုံးမရဖြစ်မှု၊ မချိတင်ကဲဖြစ်မှု၊ စစ်အာဏာရှင်စနစ်အပေါ် နာကျည်းစက်ဆုပ်မှု၊ ပေါင်းစုစီးမှုကြောင့် ပူနွေးသော မျက်ရည်များက အဆီးအတားမရှိ ဖြာဆင်းနေပါတော့သည်။
ကျနော်တို့ ရှေ့တည့်တည့်ရှိ မီးလင်းဖို မီးသည်လည်း အားကုန်အရှိန် လျော့စပြုနေပါပြီ။ ဈေးကုန်းရွာမှ ကြက်တွန်သံ၊ ရွာဦးဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံများကလည်း မကြာမှီ ရောင်ခြည်ဦး သန်းတော့မည်ကို ထုတ်ဖေါ်နေပါသည်။
စည်သာချောင်း၏ ရေစီးသံသည် ညင်သာ ငြိမ့်ညောင်းလှသဖြင့် လွမ်းဆွတ်ဖွယ် အတိ ဖြစ်နေပါသည်။
ကျနော်တွင် ဤမှတ်တမ်းကို ပြည်သူသို့တင်ပြရခြင်း၏ အဓိက အကြောင်းရင်းများ ရှိနေပါသည်။
ပထမအချက်မှာ ဗိုလ်ကြီးမြင့်ထူး၏ ဝိညာဉ်သည် ရေကြည်အိုင်ငရဲ အချုပ်ခန်းလေး သို့မဟုတ် စစ်ဆေးရုံ ဘယ်နေရာမှာ ကြွေလွင့်ခဲ့ရသည်ကိုတော့ မျက်မှန်တင်ဦးကြီး နှင့် စစ်ဆေးရုံမှ သက်ဆိုင်ရာ ဆရာဝန်များသာ အမှန်ကိုသိကြ ပါမည်။
မည်သို့ပင်ဖြစ်စေ ဗိုလ်ကြီးမြင့်ထူးသည် မျက်မှန်တင်ဦးကြီး ဦးစီးသော ရေကြည်အိုင် ထောက်လှမ်းရေး ငရဲခန်းတွင် တိရစ္ဆာန် အဆင့်ထက် နိမ့်ကျစွာ ညှင်းဆဲနှိပ်စက်မှု ဒဏ်ရာ ဒဏ်ချက်တ့ိုကြောင့် သေဆုံးခဲ့ရပါပြီ။ ခပ်ရှင်းရှင်းရေးရလျှင် မျက်မှန်တင်ဦးကြီး နှင့် ထောက်လှမ်းရေးတို့က ဗိုလ်ကြီးမြင့်ထူးကို အသေသတ်လိုက်ခြင်း ဖြစ်သည်မှာ လွန်စွာမှ ထင်ရှား လှပါသည်။
ဒုတိယအချက်မှာ ဖက်ဆစ် စစ်အာဏာရှင်တို့ မည်သည် မိမိအာဏာ တည်တံ့ခိုင်မြဲရေးအတွက် စစ်ထောက်လှမ်းရေးကို ပင်မ ဒေါက်တိုင်အဖြစ် ဖွဲ့စည်းတည်ဆောက်ကာ ဒီမိုကရေစီ အင်အားစု တို့အပေါ် ဖမ်းဆီးနှိပ်စက် ညှင်းပန်း သတ်ဖြတ်မှုများကို တရားမရှိ တံခါးမရှိ စော်ကား ကျူးလွန်လျက် ရှိနေပါသည်။
အမျိုးသား အားလုံး ပါဝင်ဆင်နွှဲခဲ့ရသည့် ဖက်ဆစ် ဂျပန်တော်လှန်ရေးကြီးတွင် တမျိုးသားလုံး၏ တာဝန်ကို ရွပ်ရွပ်ချွံချွံ တာဝန် ကျေပွန်အောင် ထမ်းနေ ခိုက် ကျဆုံးသွားရရှာသော အထက် မြန်မာပြည် တိုင်းမှူး အာဇာနည် ဗိုလ်မှူးကြီး ဗထူး၏ မျက်နှာကိုပင် မထောက်ညှာ မငဲ့ကွက်ပဲ၊ သားဖြစ်သူ ဒီမိုကရေစီရေးကို ချစ်မြတ်နိုးသူ ဗိုလ်ကြီးမြင့်ထူးကိုလည်း စစ်အာဏာရှင်စနစ် ဆက်လက်တည်တံ့ ခိုင်မြဲနိုင်ရေးအတွက် ရေကြည်အိုင် ငရဲခန်းတွင် မျက်မှန်တင်ဦးကြီး ဦးစီးသော စစ်ထောက်လှမ်းရေးတို့ က ရက်ရက်စက်စက် သတ်ခဲ့ပြန်ပါပြီ။
သပြေတခက် ကြွေရက်ကယ်စော- အခန်း (၁၂)
ဗိုလ်ကြီးမြင့်ထူးကဲ့သို့ ဒီမိုကရေစီရေး၊ လူမှုလွတ်လပ်ခွင့်၊ အမျိုးသားရေး တို့အတွက် တိုက်ပွဲ ဝင်ရင်း စစ်ထောက်လှမ်းရေးတို့၏ ငရဲခန်းများတွင် ရေတိမ်နစ်ခဲ့ရသော ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူ အလုပ်သမား လယ်သမား လူမျိုးစုများ၏ အရေအတွက်ကလည်း မြန်မာပြည်တွင် ဒု နှင့် ဒေး ရှိနေပါသည်။ ဤအဖြစ်ဆိုး စနစ်ဆိုးတို့အား ကြုံတွေ့ သိရှိ ခံစား တွေ့ထိခဲ့ရသော ပုဂ္ဂိုလ်တိုင်း အနေနှင့် အခွင့်အလမ်းရလျှင် ရသလို တနည်းမဟုတ်တနည်းဖြင့် အဖြစ်အပျက် အနိဋ္ဌာရုံများကို ပြည်သူသို့ တင်ပြ ဖြန့်ဖြူးပေးရန် တာဝန် ရှိနေသည်ကို သဘောပေါက်ဖို့ လိုပါသည်။ မျက်မှန်တင်ဦးကြီးတို့၏ ခေတ်ကအသုံးပြုခဲ့သော ရက်စက်ယုတ်မာ လူမဆန်အောင်ညှင်းပန်း နှိပ်စက် နည်းမျိုးစုံရှိသလို၊ ဗိုလ်ခင်ညွန့်၏ MI ခေတ်၊ ယခု ဗိုလ်မြင့်ဆွေတို့၏ MI ခေတ်တို့တွင် ၎င်း ရက်စက်မှုမျိုး စုံသည် သူ့နည်းသူ့ဟန်နဲ့ ရှိနေမည် ဖြစ်ပါသည်။ တာဝန်ရှိ မှတ်တမ်းတင်သူများ ရှိနေသရွေ့ မည်သည့်ခေတ်က ရက်စက်မှု အပေါင်းတွင် သရဖူဆောင်းမည် ဆိုတာကိုတော့ စာရှုသူ ပြည်သူများ ကပင် ဆုံးဖြတ်ကြရမည် ဖြစ်ပါသည်။
တတိယအချက်မှာ စစ်ထောက်လှမ်းရေးတို့ ဤမျှလောက်တန်ခိုး အာဏာ အရှိန်အဝါကြီး ရခြင်းမှာလည်း စစ်အာဏာရှင်စနစ်ကြောင့်ပင် ဖြစ်ပါသည်။
ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံတနိုင်ငံတွင် စစ်တပ်၏ အစိပ်အပိုင်းတခုသာ ဖြစ်သည့် စစ်ထောက်လှမ်းရေး တို့၏ အဓိကတာဝန်မှာ စစ်မြေပြင်၌ တကယ်ယှဉ်ပြိုင်တိုက်ခိုက်ရမည့် တဖက် ရန်သူ၏ နည်းပရိယာယ်၊ လူသူ လက်နက်၊ ရိက္ခာ၊ ဆက်သွယ်ရေး လမ်းကြောင်း စသည့် စစ်နှင့်ပတ်သက်သည့် သတင်းများကိုသာ ထောက်လှမ်း စုဆောင်းကြရပါသည်။ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တို့တွင်စစ် ထောက်လှမ်းရေးတို့ လုံး၀ မပါဝင် မစွက်ဖက်ရပါ။ သို့သော် ကျနော်တို့ နိုင်ငံတွင်ကား စစ်အာဏာရှင် စနစ်ဆိုး ကြီး သက်ဆိုးရှည်ဖို့ အတွက် စစ်ဗိုလ်ချုပ်ကြီးတို့သည် စစ်ထောက်လှမ်းရေးတို့ကို အဓိကဒေါက်တိုင် အဖြစ် ဆက်လက် သုံးစွဲနေဦးမည်သာ ဖြစ်ပါသည်။
စတုတ္တအချက်မှာ ကျနော်တို့ ပြည်သူ တရပ်လုံး စွဲစွဲမြဲမြဲ ယုံကြည်ထားရမည့် အချက်ပင် ဖြစ်ပါသည်။ ထိုအချက်မှာ စစ်အာဏာရှင်တို့၏ လက်ကိုင်ဒုတ် ထောက်လှမ်းရေး အကြီးအကဲ နှင့် ထောက်လှမ်းရေးတို့သည် နောက်ဆုံးတွင် မည်သူမှ ဇာတ်သိမ်းမကောင်းခြင်းပင် ဖြစ်ပါသည်။
စစ်ထောက်လှမ်းရေးကို အသက်သွင်းပြီး လက်ကိုင်ဒုတ်အဖြစ် အသုံးပြုခဲ့သူ ဦးနေဝင်းကိုယ်တိုင် သိမ်ငယ်စွာ နှင့် ဇာတ်သိမ်းသွားခဲ့ပါပြီ။ ထို့အတူ လက်ရှိ ထောက်လှမ်းရေးချုပ် ဗိုလ်မြင့်ဆွေ သည်လည်း ဇာတ်သိမ်းကောင်း မည်မဟုတ်ပါ။ စစ်ထောက်လှမ်းရေးတို့ သွားရာလမ်းက မြန်မာ့ သမိုင်းတွင် လယ်ပြင်၌ ဆင်သွားသကဲ့သို့ ထင်ရှား နေပါပြီ။
ပဉ္စမအချက် တင်ပြလိုသည်မှာ ပြည်သူတိုင်းက လိုလားတောင့်တနေသော လူမှု လွတ်လပ်မှု အခွင့်အရေးများကို အာမခံသည့် ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန် ထွန်းကားလာမှသာ တိုင်းပြည်၏ အနိဋ္ဌာရုံ စစ်အာဏာရှင်စနစ် ကျဆုံးမည်သာ ဖြစ်ပါသည်။ သို့အတွက် ပြည်သူ အပေါင်း အနေနှင့် ဒီမိုကရေစီ အင်အားစုများ နှင့် အတူ အုတ်တချပ် သဲတပွင့်ဖြစ်စေ မိမိတို့ကျရာ အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားပြီး ဒီမိုကရေစီ ဗိမာန်ကြီးကို ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ကြဖို့ အဓိဌာန်ပြုကြပါစို့လို့ လေးစားစွာ မေတ္တာရပ်ခံလိုပါသည်။
နောက်ဆုံးတင်ပြလိုသည့်အချက်မှာ ကျနော်၏ ခံစားချက်ပင် ဖြစ်ပါသည်။
“သပြေတခက် ကြွေရက်ကယ်စောတဲ့ သူငယ်ချင်း ဗိုလ်မြင့်ထူးရေ- သူငယ်ချင်းမှာတဲ့အတိုင်း ဒီမိုကရေစီ ရတဲ့ အချိန်မှာ ဒို့တတွေ ပြည်သူတွေနဲ့အတူ သပြေခက်နဲ့ ရေစင်ခွက်ကို ကိုင်စွဲပြီး သူငယ်ချင်းနဲ့အတူ ကြွေလွင့်သွားကြတဲ့ ဒီမိုကရေစီ သူရဲကောင်း အာဇာနည်အပေါင်းကို အမျှ ပေးဝေပါမယ်လို့”
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့။
မောင်စည်သာ
ဝဋ်ဆိုတာ နောက်ဘ၀ မကူးပါ
ဘ၀ ဇာတ်သိမ်းမလှတဲ့ ထောက်လှမ်းရေး အာဏာရှင် မျက်မှန်ကြီး အကြောင်း
“သပြေတခက် ကြွေရက်ကယ်စော” ဖြစ်ရပ်မှန် ကိုယ်တွေ့ဇာတ်လမ်း အဆုံးသတ် တင်ပြပြီးသည့်နောက် ကျွန်တော် ကိုဖိုးတရုတ်ထံသို့ စစ်အာဏာရှင်စနစ်၏ လက်ကိုင်တုတ် စစ်ထောက်လှမ်းရေး ထိပ်သီး ရက်စက်မှု အရာတွင် ကမ်းကုန်ခဲ့သူ မျက်မှန်ကြီး တင်ဦးနဲ့ ပတ်သက်ပြီး စာဖတ်ပရိသတ် တစ်ဦးမှ ပေးပို့လာချက်အား ဆက်လက် တင်ပြပေးလိုက်ပါတယ်။ ဒီအီးမေးလ်ကို ဖတ်ကြည့့်ရင် မျက်မှန်တင်ဦးကြီးဟာ အကုသိုလ် ပြုလုပ် ခဲ့တဲ့ အတွက် ချက်ချင်း လက်ငင်း ကြောက်စရာကောင်းလောက်အောင် သူပါမက မိသားစု အတွင်းပါ ဆက် တိုက် ဝဋ်လိုက် ခဲ့ပါပြီဆိုတာ သံဝေဂ ရစရာ သိရှိခဲ့ရပါတယ်။
ကျွန်တော့် မိဘတွေဟာ မုဒုံက ဖြစ်ပါတယ်။ ကျွန်တော့် အဖေက မျက်မှန်ကြီးတင်ဦးနဲ့ ကျောင်းနေဘက် သူငယ်ချင်း ဖြစ်ခဲ့ပြီး အမေက သူတို့နဲ့ ဆွေမျိုးတော်စပ်သူ ဖြစ်ပါတယ်။ မျက်မှန်ကြီးတင်ဦးက ရိုက်နှက် နှိပ်စက်လိုက်လို့ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ဦးရဲ့ မျက်လုံးတွေ ထွက်ကျပျက်စီးသွားတာနဲ့ ပတ်သက်ပြီး ကိုဖိုးတရုတ် သိပါသလား။ မျက်မှန်ကြီး တင်ဦးရဲ့ သမီးအငယ်ဆုံး မွေးဖွားတဲ့အခါမှာ သူ့သမီးမှာ မျက်လုံး မပါလာဘူး။ ဒါ့အပြင် သူ့အိမ်မှာ ရှိနေတဲ့ တခြား အိမ်မွေး တိရစ္ဆာန်တချို့မှာလည်း မျက်လုံးတွေ မရှိကြပါဘူး။ ဒါဟာ ကံကြမ္မာ ဝဋ်လည်တယ်လို့ ထင်မြင် သုံးသပ်မိပါတယ်။
မြန်မာပြည်မှာ ဒီမိုကရေစီ ပေါ်ထွန်းအောင်မြင်ပါစေ။
စာဖတ်ပရိသတ်တစ်ဦး
အမျိုးသားရေး ၊ ဒီမိုကရေစီ အရေးအတွက်ကြိုးပမ်းခဲ့သူတွေကို အပြစ်ပေးသလို ထောက်လှမ်းရေး ဂိုဏ်းချုပ်ကြီး မျက်မှန် တင်ဦးလည်း ထောင်နန်းစံ နေရပါပြီ။ အင်းစိန်ထောင်ထဲပင် တဖက်သတ် တရားစီရင်ခံရကာ သူ့အား မဆလ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများက အပြစ် ပိုကြီးသထက် ကြီးအောင် သာသာ ထိုးထိုး တရားလိုဘက်က ထွက်ဆို ချက် ပေးပုံကြောင့် မျက်မှန်ကြီး တင်ဦးရဲ့ တောက်ခေါက်သံကို ကြားရလို့ အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်း သားများက သံဝေဂ တရား ရခဲ့တယ်လို့ သိရပါတယ်။
မှန်ပါတယ်...တကယ်တော့ ဝဋ်ဆိုတာ နောက်ဘ၀ မကူးဘူးလို့ လက်တွေ့သိဖို့ ကောင်းသလို တိုင်းပြည်ကောင်း ကျိုးအတွက် စိတ်ကောင်း စေတနာထားပြီး ပြပြင်ပြောင်းလဲဖို့ ယနေ့ စစ်အာဏာရှင်တွေကို တိုက်တွန်းပြောကြား လိုပါ တယ်။ အမှားသိရင် အမှန်ရှိလို့ ပြည်သူလူထုဘက် ရပ်တည်ကြဖို့ ယနေ့ တပ်မတော်သား အားလုံးကိုလည်း လက်ကမ်းကြိုဆိုရင်း ပြောကြားလိုက်ပါတယ်။ စစ်အာဏာရှင် စနစ် ကျဆုံးပါစေ။
မှတ်ချက်***"စည်းလုံးခြင်းရဲ့အင်အား" ဘလော့ဂ်မှကူးယူဖေါ်ပြထားပါသည်။
မူရင်းဆောင်းပါးလင့်***
http://photayokeking.blogspot.com/2009/02/blog-post_26.html
{[['
']]}
No comments:
Post a Comment