တပ်မတော်သည်
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကျင့်သုံးဖို့အတွက် အလိုမရှိသေးကြောင်း၊
ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ဆန္ဒမရှိသေးကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်
သဘောထားတင်းမာနေဆဲဖြစ်ကြောင်း ယခုလ ၂၅ ရက်တွင် တရားဝင်ထုတ်ဖော်
သက်သေပြလိုက်ပြီဖြစ်သည်။
တပ်မတော်အစိုးရက
ရေးဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေသည် ဥပဒေထဲတွင် နိုင်ငံတော်သည်
ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးသည်ဟု ပြဌာန်းဖော်ပြထားသော်လည်း အမှန်တကယ်
လက်တွေ့တွင်မူ ဒီမိုကရေစီ အနှစ်သာရများ ပျောက်ဆုံးနေသည်။
ဒီမိုကရေစီစနစ်ကျင့်သုံးမည်ဆိုလျှင် ၂၀၀၈ အခြေခံဥပဒေကို
သေချာပေါက်ပြင်ဆင်ရမည်ဖြစ်သည်။ သို့သော်….။
ဇွန်လ ၂၅
ရက်သည် တပ်မတော်အတွက် မလှပသော သမိုင်း အစွန်းအထင်းတခု ထပ်မံ
အစွန်းထင်သွားခဲ့ပြန်ပြီဖြစ်သည်။ အဆိုပါနေ့
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အခြေခံဥပဒေ ပြင်ဆင် မပြင်ဆင်နှင့်
အခြေခံဥပဒေပါ ပုဒ်မအချို့ကို ပြင်ဆင်ဖို့ အဆုံးအဖြတ်ခံယူနိုင်ရန်
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲခွဲကာ အဆုံးအဖြတ် ခံယူခဲ့သည်။
အခြေခံဥပဒေ ပြင် မပြင် ဇွန်လ ၂၃ ရက်က စတင်ကာ ပြည်သူက ရွေးချယ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးထားသည့် လွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များ အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။ ထိုနေ့တွေက တပ်မတော်သားကိုယ်စားလှယ်များသည် ဥပဒေ မပြင်ဆင်ရေးကိုသာ ဦးတည်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးခဲ့ကြသည်ကို လေ့လာခြင်းအားဖြင့် မဲခွဲဆုံးဖြတ်ပါက အခြေခံဥပဒေပြင်ဆင်ရေးသည် မလွယ်ကူနိုင်တော့ဟု ကြိုတင် ယုံကြည်ခဲ့သည်။ ထိုယုံကြည်ချက် တက်တက်စင်အောင်ပင် မှန်ကန်ခဲ့လေတော့သည်။
အခြေခံဥပဒေ ပြင် မပြင် ဇွန်လ ၂၃ ရက်က စတင်ကာ ပြည်သူက ရွေးချယ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးထားသည့် လွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များ အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။ ထိုနေ့တွေက တပ်မတော်သားကိုယ်စားလှယ်များသည် ဥပဒေ မပြင်ဆင်ရေးကိုသာ ဦးတည်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးခဲ့ကြသည်ကို လေ့လာခြင်းအားဖြင့် မဲခွဲဆုံးဖြတ်ပါက အခြေခံဥပဒေပြင်ဆင်ရေးသည် မလွယ်ကူနိုင်တော့ဟု ကြိုတင် ယုံကြည်ခဲ့သည်။ ထိုယုံကြည်ချက် တက်တက်စင်အောင်ပင် မှန်ကန်ခဲ့လေတော့သည်။
ဇွန်လ ၂၅ ရက်
ပြည်ထောင်စုလွှတ်တော်အစည်အဝေးတွင် တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးအပါအ၀င်
လွှတ်တော်ကိုယ်စားလှယ် ၅၈၃ ဦးတက်ရောက်ခဲ့ပြီး ပျက်ကွက်သူ ၅၀ ဦးရှိခဲ့သည်။
အမှန်တကယ်ရှိသည့် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်အရေအတွက်သည် ၆၃၃
ဦးရှိသည်။
အများပြည်သူက
ပြင်ဆင်လိုသည့် အခြေခံဥပဒေ အခန်း ၃ ပုဒ်မ ၅၉ စ၊ အခန်း ၁၂ ပုဒ်မ ၄၃၆ က၊ ၄၃၆ ခ
တို့သည့် ပြင်ဆင်ခြင်းအဆို မဲခွဲရာတွင် ရှုံးနိမ့်ခဲ့သည်။ လောလောဆယ်
မဲခွဲဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်နှင့်
အခြေခံဥပဒေပြင်ဆင်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ် ထောက်ခံမှုရာခိုင်နှုန်း
ပြင်ဆင်ချက်တို့သည် လက်ရှိအစိုးရ၊ လက်ရှိလွှတ်တော်သက်တမ်းတွင်
လုံးဝမဖြစ်နိုင်တော့သည့် အနေအထားဖြစ်သွားပြီ ဖြစ်သည်။
ယခုလို
ရလာဒ်မျိုးထွက်လာခြင်းသည် တပ်မတော်သားကိုယ်စားလှယ်တို့၏ ကန့်ကွက်မှုက
အဓိကကျခဲ့သည်မှာ ငြင်းပယ်မရနိုင်ပေ။ ဤရလာဒ်မျိုးဖြစ်လာအောင်
ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံ့အဆိုးအကောင်းအတွက် တပ်မတော်တွင် တာဝန်
အဓိကရှိသွားပြီသည်။ နဂိုကမှ တပ်မတော်အပေါ် ပြည်သူ ယုံကြည်မှု နည်းပါးနေသည့်
အခြေအနေသည် ပိုမို ဆိုးဝါးသွားပြီဖြစ်သည်။ မြန်မာပြည်သူပြည်သားတွေနှင့်
တပ်မတော်သည် ထပ်မံကာ အလှမ်း ပိုမိုဝေးကွာသွားပြီဖြစ်သည်။ ပြည်သူ့မေတ္တာကို
ခံယူခွင့်ရှိနေသည့် အခွင့်အရေးကို အပိုင်အနိုင် မဆုပ်ကိုင်ပဲ
ပြည်သူတွေရဲ့နှလုံးသားများထံကနေ ပို၍ဝေးရာဆီသို့ ရောက်ရှိခဲ့ပြန်သည်။
အခြေခံဥပဒေပြင်ဆင်ရေးအပါအ၀င်
မြန်မာနိုင်ငံ၏ အကျပ်အတည်းများကို ခေါင်းချင်းဆိုင်
ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုသည်လည်း ယနေ့ထွက်ပေါ်လာသည့် ရလာဒ်များကြောင့်
ထပ်မံတွေ့ဆုံဖို့ဆိုသည် အချိန်ကုန် အပင်ပန်းခံရုံမှတပါး အားရစရာ
သိပ်မရှိတော့ချေ။ တပ်မတော်၏ မြန်မာပြည်သူ ပြည်သားတို့အပေါ်ထားရှိသည့်
သဘောထားကို လွှတ်တော်တွင်းတွင် တရားဝင်ပြသခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။
ပုဒ်မ ၅၉ စ အတွက်
ထောက်ခံမဲ ၃၇၁ မဲ(၅၈.၆ ရာခိုင်နှုန်း)၊ ပုဒ်မ ၄၃၆ က အတွက် ထောက်ခံမဲ ၃၈၈
မဲ( ၆၁.၂၉ ရာခိုင်နှုန်း) သာရှိခဲ့တာကြောင့်
ပြည်သူကရွေးချယ်ထားပါသည်ဆိုသည့် လွှတ်တော်ကိုယ်စားလှယ်အချို့သည်လည်း
အဆိုပါပုဒ်မနှစ်ခု မပြင်ဆင်ရေး ကန့်ကွက်ခဲ့သည်ကိုလည်း တွေ့ကြရမည်ဖြစ်သည်။
ထို့ကြောင့် အများပြည်သူဆန္ဒကို အခြေခံသည့် ဒီမိုကရေစီဖော်ဆောင်ရေး လမ်းကို
မျက်နှာမမူ ဥပက္ခာပြုခဲ့ကြသည့်၊ ကန့်ကွက်ခဲ့ကြသည့်
လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ပြည်သူများက ဖော်ထုတ်ပြီး နောင်လာမည့်
၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လာပါက မဲမပေးခြင်းဖြင့်
ဒဏ်ခတ်ကြဦးမည်။
ထို့အပြင်
မဲခွဲဆုံးဖြတ်ဖို့ အရေးကြီးသည့် လွှတ်တော်အစည်အဝေးတွင် သိသိကြီးနှင့်
အစည်းအဝေး မတက်ရောက်ပဲ လစ်ဟင်းပျက်ကွက်ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များ
(အချို့သည် လွှတ်တော်တာဝန်အချို့ကြောင့် ပျက်ကွက်ကြသည်) သည်လည်း သမိုင်းတွင်
တာဝန်ရှိနေပါသည်။ လွှတ်တော်အစည်အဝေး ပျက်ကွက်သူများအတွက် ကန့်ကွက်မဲဟု
ရေတွက်ခံရသောကြောင့်ဖြစ်သည်။ ထိုပျက်ကွက်သည့်
လွှတ်တော်ကိုယ်စားလှယ်များကိုလည်း မည်သူမည်ဝါဖြစ်ပြီး မည်သည့်အတွက်
ပျက်ကွက်သည်ကို ပြည်သူများက ဖော်ထုတ်စုံစမ်းဦးမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က
အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုအပြီး ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင် လူထုခေါင်းဆောင်ပီပီ ထွက်ရှိလာသည့် ရလာဒ်အပေါ်
ကြိုတင်မျှော်လင့်ထားခြင်းကြောင့် စိတ်မပျက်ဖို့ အားမငယ်ဖို့
ဒီမိုကရေစီလိုလားသော ပြည်သူတွေအပေါ် နှစ်သိမ့်စကားပြောခဲ့သည်။
နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှု ချုပ်ခြယ်မှုဒဏ်များကို
အလူးအလဲခံခဲ့ကြရသည့် ပြည်သူများကတော့ စိတ်နှလုံးညှိုးငယ်ကြသည်။
စိတ်ပျက်ကြသည်။ အားငယ်နေကြသည်မှာ အမှန်ဖြစ်သည်။ အနှီအခြေခံဥပဒေသည်
လွှတ်တော်ထဲတွင် ပြင်ဆင်ဖို့ လုံးဝမလွယ်ကူနိုင်တော့ဟုပင်
ပိုမိုယုံကြည်လာခဲ့ကြပြီဖြစ်သည်။ ထိုယုံကြည်ချက်များအတွက်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကန့်ကွက်ခဲ့သည်
တပ်မတော်သားကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များသည်
ဒီမိုကရေစီလိုလားသူ ပြည်သူများ၏ စိတ်နှလုံးတွင်
ခေတ်နောက်ပြန်ဆွဲသူများအဖြစ် ခံစားထင်မြင်သွားပြီဖြစ်ပါသည်။
ူ ဇွန်လ ၂၅ ရက်
ရလာဒ်သည် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်ခွင့်ရရေးတို့သည် ယခုလွှတ်တော်၊ အစိုးရ သက်တမ်းတွင်
ရေပေါ်အရုပ်ရေးသလို လွှင့်ပျယ်ခဲ့ပြီဖြစ်သည်။ ဤသို့ဆိုလျှင် ၂၀၁၅
ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ဖြစ်ပြီး တနိုင်ငံလုံးတွင်
အပြတ်အသတ် အနိုင်ရရှိပါက အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရရေးတို့သည် ပြန်လည်အိပ်မက်
မက်နိုင်လာမည်လားဟု မေးခွန်းထုတ်စရာရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း
ရွေးကောက်ပွဲ ဝင်မည်ဟု ကြေညာလိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
မဲပေးရန် လှုံ့ဆော်ထားသည်။
သို့သော်
လွှတ်တော်ထဲတွင် ပြည်သူက တိုက်ရိုက်မရွေးချယ်ရပါပဲ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးသည့် တပ်မတော်သားကိုယ်စားလှယ်များ
ရှိနေသေးသ၍ ဒါမှမဟုတ် မလျော့ချနိုင်သေးသ၍၊ တည့်ပြောရလျှင် တပ်မတော်က
မြန်မာ့နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ဦးဆောင်သူအဖြစ် ပါဝင်နေရဦးမည်ဟု
သဘောထားရှိနေသေးသ၍ ဒီမိုကရေစီရေး အပြောင်းအလဲသည် ထင်သလောက်
မလွယ်ကူနိုင်သေး။ ပြည်သူလူထုနှင့် တပ်မတော်တို့သည် အလှမ်းဝေးနေဆဲပင်
ဖြစ်ဦးမည်။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)
ဧရာဝတီသတင်းစာမျကှ်ာမှကူးယူဖေါ်ပြပါသည်။အောက်တွင်မူရင်းလင့်ကိုထည့်ပေးထားပါသည်။
{[['
']]}
No comments:
Post a Comment