Warmly welcome from mgburmese8888 blog.
ကျွန်တော့်ရဲ့ဘလော့ဂ်လေးကိုအလည်လာတဲ့အတွက်မိတ်ဆွေတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

အဝီဇိဆိုတာ ကြားဖူးသလား


                        အဝီဇိဆိုတာ ကြားဖူးသလား




(၁)“စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံကို လွန်ခဲ့သော
၂၀၀၄ ဒီဇင်ဘာတွင် ကမ္ဘာအေး ကုန်းမြေပေါ်မှာ ကျင်းပမည်ဆိုတဲ့သတင်းကို စကြားလိုက်ရတဲ့အခိုက်မှာ ကျနော့်ခေါင်းထဲမှာ တော်တော်ရှုပ်ထွေးသွားပါတယ်။ ကြည်ကြည်နူးနူးနဲ့ သာဓုပဲခေါ်လိုက်ရမှာလား။ စိတ်မသက်မသာနဲ့ ခေါင်းပဲရမ်းလိုက်ရမှာလား။ ဒီအတွက် ချမ်းချမ်းမြေ့မြေ့ကြီးကိုပဲ ဂုဏ်ယူလိုက်ရမှာလား။ အလွဲလွဲအချော်ချော်တော့ ဖြစ်ကုန်ကြတော့မယ်ထင်ပါရဲ့လို့ ပူပန်သောက ပွားလိုက်ရမှာလား။ စက္ကန့်အချို့အကြာမှာတော့ ဒါရဲ့အဖြေကို ကျနော် ကျကျနနကြီးကိုပဲ ထုတ်လို့ရသွားပါတော့တယ်။

(၂)ကျနော်က ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူတယောက်ပါ။ ဗုဒ္ဓဘာသာ၀င်တယောက်အနေနဲ့ မြန်မာနိုင်ငံမှာ ဂုဏ်ယူစရာတွေ အပြည့်ရှိခဲ့ပါတယ်။ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားမှုသမိုင်းမှာ သံဂါယနာ (၆) ကြိမ်သာ တင်ခဲ့ဖူးတဲ့အထဲမှာ ကျနော်တို့နိုင်ငံက နှစ်ကြိမ်တိုင်တိုင်တင်ခဲ့နိုင် လောက်အောင် ရဟန်းအာဇာနည်များ ထွန်းကားခဲ့တာပါ။ ပဉ္စမသံဂါယနာတင်အပြီးမှာ မင်းတုန်း မင်းတရားကြီးဟာ ပိဋကတ်တော်များ အဓွန့်ရှည်စွာ တည်စေနိုင်ဖို့ ကျောက်ချပ်ရေပေါင်း (၇၂၉) ချပ်ပေါ်မှာ (၇) နှစ်နှင့် (၅) လကျော်မျှ အချိန်ယူ ကျောက်ထက်အက္ခရာ တင်တော်မူခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးလို့ နိုင်ငံတကာက အံ့သြယူရတဲ့ ကုသိုလ်တော်ပါပဲ။ မန္တလေးတောင်ခြေ မှာရှိတဲ့ ကုသိုလ်တော်စေတီ မဟာရံအတွင်းမှာ လိုဏ်ဂူပြဿဒ်များဖြင့် ကျောက်စာတိုင်များကို တည်ထားကိုးကွယ်တော်မူခဲ့ပါတယ်။ သခင်နုရဲ့ ပါလီမန်အစိုးရလက်ထက်မှာလည်း ကမ္ဘာအေး လှိုင်ဂူမှာ နိုင်ငံတကာက မထေရ်မြတ်များကိုပါ ပင့်ဖိတ်လျှောက်ထားပြီး မင်းကွန်းဆရာတော်
ဦးဝိစိတ္တ၊ မဟာစည်ဆရာတော်ဘုရား အစရှိတဲ့ မထေရ်မြတ်များနှင့် ဆဌသံဂါယနာကိုတင်ခဲ့
နိုင်တာပါ။
(၃)… နအဖ စစ်အစိုးရက ကမကထပြုပြီးကျင်းပတော့မယ်ဆိုတဲ့အခါ ကျနော် ဘယ်လိုမှ ဂုဏ်မယူ နိုင်တော့ပါ။ဘာကြောင့်လဲ။ကျနော့်မှာ လုံလောက်တဲ့ အကြောင်းတွေရှိခဲ့ပါတယ်။
(၄)၁၉၉၀ ခုနှစ် ဒီဇင်ဘာကပါ။
နှင်းတွေ ဖွေးဖွေးလှုပ်နေအောင်ကျနေလို့ ထောင်ဖွင့်နောက်ကျတဲ့ တမနက်ခင်းမှာ…
ဂန်ဖလားတွေပြည့်နေလို့ ကုဋီတက်ရခက်ပြီး ဒုက္ခဖြစ်နေရတဲ့ ဆရာတော်ကြီးတွေကို ကျနော်တွေ့ခဲ့ရပါတယ်။
ဂန်ဖလားက (၁) ခန်းကို (၂) လုံးပဲ ပေးထားပြီး (၈) ပေ (၁၀) ပေ အခန်းကျဉ်းလေးထဲမှာ ဆရာတော်တွေ (၅) ပါး။ (၆) ပါး အပြည့်အသိပ်ထည့်ထားတာပါ။ ဂန္ဓာရုံတိုက်အုပ် ဆရာတော်၊ ရွှေဘုန်းပွင့် ဆရာတော်၊ သာကေတ ဆရာတော်၊ မဟာဗောဓိ ဆရာတော်၊ မေဒိနီ ဆရာတော်၊ အင်းစိန်ရွာမ ဆရာတော်၊ သိမ်တော်ကြီး ဆရာတော်၊ သရက်တောကျောင်းတိုက် ဆရာတော်ကြီးများနှင့် စာဝါတက်နေတဲ့ သံဃာတော်တွေ။
အင်္ကျီအဖြူ ပုံမကျ ပန်းမကျတွေနဲ့ ပုဆိုးအပြာရောင်ကွက်ထောက်တွေနဲ့။
အင်းစိန် သီးသန့် အကျဉ်း ထောင်ရဲ့ အဆောင် (၁) နှင့် (၂) မှာ တရာနီးပါးလောက်ရှိတဲ့ သံဃာတွေနဲ့ ပြည့်လုဘနန်း ဖြစ်သွား ရတယ်။
ရန်ကုန်က ကျောင်းတိုက်ကြီးတွေကို မွှေနှောက်ဖမ်းဆီးပြီး စစ်ကြောရေးစခန်းတွေမှာ သင်္ဃန်းဆွဲချွတ် လူ၀တ်လဲခိုင်းပြီး အင်းစိန်ထောင်ကို ပို့လိုက်တာပါ။
တိပိဋကတ် (၃) ပုံ နှုတ်ငုံအောင်ထားပြီးတဲ့ ဂန္ဓာရုံဆရာတော် ဦးသုမင်္ဂလ ပဲ ဖြစ်ဖြစ်၊(၂) ပုံအောင် ထားတဲ့ ဂန္ဓရုံတိုက်အုပ် ဆရာတော်ပဲဖြစ်ဖြစ်၊
စကြာသီဟ၊ စေတီယင်္ဂန စာမေးပွဲတွေကို ထူးထူး
ချွန်ချွန် အောင်မြင်ထားတဲ့ ကျမ်းပြုဆရာတော်တွေပဲဖြစ်ဖြစ် အင်္ကျီအဖြူ ပုဆိုးကွက်ထောက်တွေနဲ့ ဖြစ်နေကြပါပြီ။
ပုဆိုးကို ကောင်းကောင်းမစည်းတတ်လို့ သင်းပိုင်၀တ်သလိုလိပ်ပြီး ၀တ်ထားတာကလည်း ဆရာ တော်ကြီးတွေကို မြင်နေရတဲ့ ကျနော်တို့အဖို့ စိတ်မသက်မသာရှိလှပါတယ်။
စစ်ကြောရေးစခန်းမှာ ဆရာတော်တွေကို ကျွမ်းထိုးခိုင်းတဲ့အကြောင်း၊
ထိုင်ထ လုပ်ခိုင်းတဲ့အကြောင်း၊
အရိုက်အနှက်ခံရတဲ့အကြောင်း၊
“မင်းတို့က ဘုန်းကြီးမဟုတ်ဘူး။သံဃာမဟုတ်ဘူး။
မင်းတို့က သင်္ဃန်း၀တ်တွေ” ဆိုပြီး မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာခံရတဲ့အကြောင်း ဦးဇင်းငယ်တွေက ပြောပြကြပါတယ်။
ဆရာတော်ကြီးတွေကတော့ ကျနော်တို့ ဒေါသဖြစ်ပြီး အကုသိုလ်ဖြစ်မှာစိုးလို့ ထင်ပါရဲ့။
သိပ်မပြောစေချင်ကြဘူး။
ဒီလိုရန်ကုန်မှာ ဆရာတော်တွေကို အင်းစိန်ထောင်ထဲ ပို့လိုက်သလို
မန္တလေး လေးပြင်လေးရပ်က ဆရာတော်တွေကိုလည်း မန္တလေးထောင်တွေထဲကို
ထောက်လှမ်းရေး (၁)၊ ထောက်လှမ်းရေး (၁၆) က တဆင့် ပို့လိုက်ကြပါပြီ။
ထောင်ဒဏ် (၃) နှစ်၊ (၇) နှစ်၊ (၁၀) နှစ် အသီးသီးချပြီး ထောင်တွေခွဲပြီး ပို့လိုက်ပါတယ်။
တိပိဋကတ်ဆရာတော် ဦးသုမင်္ဂလဆိုရင် ဟိုးအဝေးဆုံး မြစ်ကြီးနားထောင်ထိ ပို့ပစ်လိုက်ပါတယ်။
ဒီလို ဘာကြောင့် ဖမ်းဆီးတာလဲ။
ဒီလောက် ဘာကြောင့်အညှိုးတကြီးဖြစ်ကြရတာလဲ။
အပြစ်ကတော့…“ဗိုလ်ချုပ်တွေ ဆွမ်းစားပင့်တာကို ဆွမ်းစားမကြွလို့”
“ဗိုလ်ချုပ်တွေလှူတဲ့ စာအုပ်နှင့် စာရေးကိရိယာတွေကို ဆရာတော်များက လက်မခံဘဲ ပြန်ပို့လိုက်
လို့” လို့ ဆရာတော်ကြီးတပါးက ရှင်းပြပါတယ်။
(၅)“မိုးကောင်းကျောင်တိုက် ဆရာတော် ဦးရေ၀တ ပျံတော်မူပြီ” လို့ ကြားရတော့ ကျနော်တို့ တော်တော် မင်သက်သွားမိကြတယ်။
ဆရာတော်ကို ဟိုတလောလေးကမှ ထောင်ကပြန်လွှတ်လိုက်တာ မဟုတ်လား။ဟုတ်ပါတယ်။
ပျံလွန်တော်မူတော့မယ်ဆိုတာ သိလို့ကိုပဲ အထဲမှာဆိုရင် နာမည်ပျက်မှာစိုးလို့ စစ်ထောက်လှမ်းရေးက စေတနာကောင်းသလိုလို ဘာလိုလိုနဲ့ ကမန်းကတမ်း လွှတ်ပေးခဲ့တာပါ။
ဒါကြောင့်လည်း ပြန်လွှတ်ပေးပြီး သိပ်မကြာခင်မှာ ဆရာတော် ပျံလွန်တော်မူခဲ့ရတာပါ။
ဦးရေ၀တ ဆိုတာက မန္တလေး သံဃာ့သမဂ္ဂီ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌပါ။
ရှစ်လေးလုံးအရေးတော်ပုံကာလနှင့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေမှာ ကျောင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေကို တောက်လျှောက် အကာအကွယ် အကူအညီပေးခဲ့နိုင်သူပါ။
ါကြောင့်ပဲ ၁၉၉၀ အောက်တိုဘာမှာ မန္တလေးထောက်လှမ်းရေး (၁) က ဖမ်းဆီးပြီး ပြင်းပြင်း
ထန်ထန် နှိပ်စက်ခဲ့ပါတော့တယ်။
အဲဒီတုန်းက ထောက် (၁) စစ်ကြောရေးစခန်း အခန်း (၅) မှာ ကျနော့်ကို စစ်ကြောရေးလုပ်နေပြီး အခန်း (၄) မှာ ဦးရေ၀တကို စစ်ကြောရေး လုပ်နေခဲ့တဲ့
အချိန်ပါ။စစ်ကြောရေး ရက်ရှည်ကြာလာတာနှင့်အမျှ လူကတော်တော်ပင်ပန်းနေပါပြီ။
လက် နောက်ပြန် လက်ထိပ်ခတ်အနေအထားနှင့် နေ့ရော ညရော တချက်မှ အနားမပေးဘဲ မတ်တပ်
ရပ်ရက် အစစ်ခံနေရချိန်မှာပါ။
တဘက်အခန်းက မချိတင်ကဲ စူးစူးဝါးဝါး အော်လိုက်တဲ့အသံ
ထောက်လှမ်းရေးရဲ့ ဆဲဆိုကြိမ်း မောင်းသံ၊
တဝုန်းဝုန်း ထုရိုက်သံတွေဆိုတာကတော့ မကြားချင်အဆုံးပါပဲ။
အဲဒီအချိန်မှာ ကျနော့် အခန်းတံခါးကို ဝုန်းကနဲ ဆွဲဖွင့်လိုက်ပါတယ်။
“ဟေ့ကောင် လွန်းနွေငြိမ်း မင်းက တော်တော်ခေါင်းမာတယ်။
မင်းအဖေတွေကို မင်းက တော်တော် ကာကွယ်ချင်တယ်ပေါ့ ဟုတ်လား အေး ဒီနေ့တော့ တွေ့ကြပြီပေါ့ကွာ”
ကျနော့်ကို မန္တလေးနှင့် ရန်ကုန်မှာ ဘယ်သူတွေနှင့် အဆက်အသွယ်လုပ်ကိုင်နေသလဲ။
ကျနော်က ဘယ်သူတွေကို ဘာတာ၀န်ပေးထားသလဲ ဆိုတာတွေကို တောက်လျှောက်မေးနေတာပါ။
ကျနော့် ဆီက ဘာအဖြေမှမရလေ ဒေါသတွေ ပိုထွက်လာလေနဲ့ စစ်ကြောရေး ပုံသဏ္ဌာန်တွေကလည်း
ပိုပိုပြီး ရက်စက်ပြင်းထန်လာခဲ့ပါတယ်။
“ဒီနေ့ မင်းကို ငရဲပြည်ပို့ပေးရမယ်။
ရှော့ခ်ရိုက်တယ်ဆိုတာ မင်းကြားဖူးလား ဟေ့ကောင်”
သိပ်မကြာပါဘူး။ လက်ထိပ်ခတ်ထားတဲ့ ကျနော့်လက်ကောက်၀တ်ထဲကို ဝါယာကြိုးရဲ့ နန်းကြိုး စိုက်သွင်းလိုက်ပါတယ်။ပြီးတော့ဗို့တိတ်ခ်ျတက်လာအောင် ဘက်ထရီစက်ကို ဖြည်းဖြည်းချင်း လှည့်ပါတယ်။
လက်ထဲမှာ ကျင်ကနဲ ကျင်ကနဲ ခံစားနေရတယ်။တဖြည်းဖြည်းချင်း အရှိန်ကို မြှင့်မြှင့်ပြီး လှည့်တယ်။
“ဟေ့ကောင် လွန်းနွေငြိမ်း မန္တလေးမှာ မင်းလူတွေ ဘယ်သူတွေလဲ”
ရေငတ်သလိုလိုဖြစ်လာတယ်။အသက်ရှုလို့ မရတော့သလိုပဲ။
“ဟေ့ကောင် လွန်းနွေငြိမ်း မန္တလေးမှာ …”သူ့အသံကို ကျနော်ဆုံးအောင် မကြားနိုင်ခင်မှာ ဘက်ထရီ အရှိန်ကို အမြင့်ဆုံးတင်လိုက်တယ်။
ကျနော့် ခန္ဓာကိုယ်ဟာ ရပ်နေရာကနေ ရှေ့ကို လွင့်စင် ခုန်ထွက်သွားတယ်။ကျနော် တကိုယ်လုံးက တဆတ်ဆတ်ခါနေတယ်။ရုတ်တရက် ကျနော် ဘာကိုမှသတိမရတော့သလိုပဲ။ကတုန်ကရင် ဖြစ်နေတယ်။ကျနော်အရင်ကရပ်နေတဲ့နေရာရဲ့ ခပ်လှမ်းလှမ်းမှာ သံမန်တလင်းပေါ် ပစ်စလခတ် လဲကျနေတော့တယ်။
စူးစူးဝါးဝါး အမှတ်မဲ့ အော်ဟစ်လိုက်တဲ့ အသံကလည်း စစ်ကြောရေးစခန်း ထဲကနေ အပြင်ကို လျှံထွက်သွားတော့တယ်။ကျနော် သတိရနေတာက ဂျပန်တွေ ဓားမိုးထားတဲ့ ခေတ်က ကင်ပေတိုင်အိမ်ကြီးတွေက တော်လှန် ရေးသမားတွေရဲ့ အော်သံတွေ ထွက်ထွက်လာတတ်တယ် ဆိုတာကိုပါ။အဲဒီတုန်းက ဂျပန်ဖက်ဆစ်က ဓားမိုးထားခဲ့ပြီး ခုတော့… ကျနော် သိပ်စဉ်းစားချိန်မရလိုက်ဘူး။ကျနော့်ကို အတင်းဆွဲ ထူတယ်။“ဟေ့ကောင် ထ ဒီတခါ မင်းမအော်နိုင်အောင် မင်းပါးစပ်ကို အ၀တ်စီးပေးရမယ်”သွေးတွေ အကွက်လိုက် အကွက်လိုက် စွန်းပေနေတဲ့ အ၀တ်အဖြူရောင် အစတစ ယူလာကြတယ်။
မာဖလာ အပေါစားလေးနှင့် တူပါတယ်။“ဟထား ပါးစပ်” ဆိုပြီးပါးစပ်ထဲကို အ၀တ်စထိုးထည့်ပြီး (၂) ပတ်လောက်ပတ်ပြီး ခေါင်းနောက်မှာ ချီလိုက်ပါတယ်။“အဲဒီသွေးတွေ ဘယ်သူသွေးလဲ မင်းသိလား။အဲဒါ ရေ၀တသွေးတွေပဲ။အေး ခေါင်းမာတဲ့ကောင်ရဲ့ သွေးနဲ့ ရေ၀တရဲ့သွေးနဲ့ တွေ့ကြပြီပေါ့ကွာ။
ကြိုက်သလောက် သွေးအန်ပေတော့ ပြီးတော့လဲသေ။မင်းတို့သေသွားလည်း ဘာမှမဖြစ်ဖူး ခွေးကျွေးလိုက်ရုံပဲ” ဆက်ပြီး ရှော့ခ် ရိုက်လိုက်။ပစ်လဲကျသွား လိုက်။ပြန်ထူပြီး ပြန်ရိုက်လိုက်နဲ့ အပြင်းထန်ဆုံး စစ်ကြောရက်များပါပဲ။တဘက်ခန်းက ဆရာတော်ရဲ့ အော်သံတွေကိုလည်း တချက်တချက်ကြားနေရတယ်။
“သွေးအန်ပြီး လဲသေသွားရင် အလောင်းကို ခွေးကျွေးလိုက်ရုံပဲ” တဲ့။
သူတို့ဘက်ကတော့ တော်တော့်ကို ရှင်းပါ တယ်။ကျောင်းသားပဲဖြစ်ဖြစ် ဘုန်းကြီးပဲဖြစ်ဖြစ် နိုင်ငံချစ်စိတ်နဲ့အလုပ်လုပ်လာပြီဆိုရင် သူတို့ရဲ့ ရာဇပလ္လင်ကို လာပြီးလှုပ်တာပဲလို့ ယူဆလာပြီဆိုရင်…
(၆)ဒီတရက်ကိုလည်း ကျနော် ဘယ်လိုမှ မမေ့နိုင်ပါဘူး။အဲဒီနေ့က ဆရာတော်တွေ မျက်နှာ မကောင်း ကြဘူး။ငပိကျော်လေးတွေ။မြေပဲဆားလှော်လေးတွေကို အထုပ်ကလေးတွေ ခွဲထုပ်ပေးနေကြတယ်။
“အရှင်ဘုရား ဘာဖြစ်လို့လဲ ဘုရား။ ဘာကြားကြလို့လဲ ဘုရား”
“အော် တကာကြီးမသိသေးဘူးထင်တယ်” အစချီပြီး စိတ်မကောင်းစွာနှင့် ရှင်းပြရှာပါတယ်။
ဂန္ဓာရုံက ဦးဇင်းလေး (၂) ပါးကို ရဲဘက်ထုတ်မလို့တဲ့။ဒီဦးဇင်းလေး (၂) ပါးဟာ စာကလည်း အင်မတန်တော်ပြီး အနေအထိုင်ကလည်း အင်မတန်ကောင်းပါသတဲ့။ကျနော်တို့အမြင် ထောင်ထဲ မှာလည်း အနေအထိုင်ကောင်းပါတယ်။ဒီဦးဇင်းလေးတွေကလည်း ဆရာတော်တွေလို သပိတ်ကံဆောင်ခဲ့ကြတာပါ။ဒါပေမယ့် သူတို့ကို တရားရုံးက ပုဒ်မ (၅ည) နှင့် မစွဲပဲ သာသနာညှိုးနွမ်းစေမှု ပုဒ်မ (၂၉၅) နဲ့ စွဲချက်တင်ပြီး သိက္ခာချ တဲ့အနေနဲ့ အဓမ္မ ထောင်ချခဲ့တာပါ။
နိုင်ငံရေးပုဒ်မ မဟုတ်ဘဲ ရာဇ၀တ်ပုဒ်မနှင့် အချခံလိုက်ရတဲ့ အတွက် အခုလို ရဲဘက်အထုတ်ခံရတာပါ။
မနက်ဖြန် မနက်ထွက်ရတော့မှာဖြစ်တာကြောင့် ဦးဇင်းလေးတွေကို ခြေကျင်းခတ်ထားပြီးပါပြီ။
ခြေကျင်းခတ်ခံထားရတဲ့ သူ့တပည့် ပဉ္စင်းငယ်တွေကို ကြည့်ပြီး ဆရာတော်ကြီးများ တော်တော်စိတ်ထိခိုက်နေကြပါတယ်။ရဲဘက် ထုတ်ခံရတယ်ဆိုတာ ဂက်စတာပိုတွေက ဂျူးတွေကို ဖမ်းပြီး အောစ၀စ် အကျဉ်းစခန်းကို အပို့ခံရသလိုပါပဲ။ရဲဘက်စခန်းတွေမှာ အတင်းအဓမ္မ အခိုင်းခံရတယ်။ရိက္ခာမလုံမလောက်။ ဆေးဝါးမလုံမလောက်နဲ့ ပစ်ထားတယ်။
တဖြည်းဖြည်း အားအင်ကုန်ခန်းပြီး ရောဂါ၀င်ပြီး မသေဆုံးသင့်ဘဲ သေဆုံးကြရတယ်။
ဒါတွေက ထောင်ထဲမှာ မကြားချင်လည်းကြားနေရ မမြင်ချင်လည်း မြင်နေရတဲ့ နေ့တဓူ၀ ဇာတ်လမ်းတွေပါ။
ဒါကြောင့် သူ့တပည့်တွေ သေရွာပို့ခံရသလို ခံစားနေကြရရှာတာပါ။
ဆရာတော်တွေ ခံစားရတာလည်း မလွဲပါဘူး။နောက် သုံးလလောက်အကြာမှာ
“ဒကာကြီး ဘုန်းကြီးတို့ ထင်သလိုပဲ ဦးဇင်းလေး ရဲဘက်စခန်းမှာ ပျံလွန်တော်မူသွားရှာပြီ”
(၇)မန္တလေးထောက်လှမ်းရေး (၁) ထဲမှာ ရက်ရက်စက်စက် ဦးဇင်းတပါးကို နှိပ်စက်နေရင်း စစ်ထောက် လှမ်းရေးက အခုလို ခြိမ်းခြောက်ပါသတဲ့။
“ဟေ့ကောင် သင်္ဃန်း၀တ် မင်း ရေကြည်အိုင်ဆိုတာ ကြားဖူးလား”
ဦးဇင်းကလည်း ချက်ချင်း ပြန်မေးလိုက်တယ်။
“ရေကြည်အိုင်ကို ဦးဇင်း ကြားဖူးပါတယ်။ ဒကာရော အဝီဇိ ဆိုတာ ကြားဖူးလား”
ရိုက်နေတဲ့ ထောက်လှမ်းရေးဟာ တချက်ငိုင်သွားတယ်။
ပြီးတော့ငြိမ်သွားတယ်။ ပြီးတော့ အခန်း အပြင်ကို ထွက်သွားတယ်။
သူ့ ဂျူတီချိန်းသွားတဲ့အထိ ပြန်၀င်မလာတော့ဘူးလို့ ဦးဇင်းက ပြန်ပြော ပြတာကို ကျနော် အမြဲကြားနေမိတယ်။
စစ်ထောက်လှမ်းရေး ထိပ်သီးကြီးများအလိုအရ ဆဲရဆိုရ ရိုက်ရနှက်ရ လုပ်ကြရပေမယ့် ဗုဒ္ဓဘာသာ၀င်တယောက်အနေနှင့် “ဒကာရော အဝီဇိဆိုတာ ကြားဖူး လား” ဆိုတဲ့ မေးခွန်းဟာ ဘယ်ထိ တာသွားခဲ့ပြီလဲ။
(၈)ဘယ်လိုပဲရှိပါစေ။
စစ်အာဏာရှင်စနစ် တည်မြဲဖို့အတွက်ဆိုရင်တော့ ဘနဖူးတောင် သိုက်တူးဝံ့တဲ့ ဗိုလ်ချုပ်ကြီးများ ကတော့...
“ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ”
“ကနေ့အခြေအနေကို တွေ့ဆုံဆွေးနွေးအဖြေရှာကြပါ”
ဗြဟ္မစိုရ်တရားရှေ့ထားပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြပါ” လို့ ပိုစတာကိုင်ပြီး ဆန္ဒထုတ်ဖော် အကြံပြုပြောဆိုတဲ့ ဦးဇင်းတပါးကို ဆူးလေစေတီတော်ရှေ့မှာ ဖမ်းဆီးထောင်ချခဲ့တယ်။
အဲဒီအကြောင်းအရာကိုပဲ ထုတ်ဖော်ပြောဆိုတဲ့သီလရှင်နှစ်ပါးကို ဆူးလေစေတီတော်ရှေ့မှာ ဖမ်းဆီး ထောင်ချခဲ့ပြန်တယ်။
ဗိုလ်ချုပ်တွေကပ်တဲ့ဆွမ်းကို မစားချင်ဘူးလို့ ငြင်းမိတဲ့ ဂန္ဓာရုံက ကိုယ်ရင်လေး (၂၅) ပါးနဲ့
ဦးဇင်းငယ် (၁) ပါးကို ဖမ်းဆီးပြီး ထောင် (၁၈) နှစ်စီ ချလိုက်တယ်။
“မန္တလေးဘုရားကြီး မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ရဲ့ ဗိုက်ကို ဘာအကြောင်းပြချက်နဲ့ ဖောက်တာလဲ။
ဘယ်သူအမိန့် ပေးတာလဲလို့ ရှင်းပြစေချင်ပါတယ် ဘုရား” လို့ မျက်နှာသစ်ဆရာတော်ကို လျှောက်ထား
ကြတဲ့ ဦးဇင်း (၇) ပါးကို ဖမ်းဆီးထောင်ချပစ်ခဲ့ပါတယ်။
စစ်တွေမြို့က ဆွမ်းဟင်းခွက်တွေ တင်ပြီး တွန်းတဲ့ ဆိုက်ကားကို စည်ပင်ရဲက အတင်းအဓမ္မသိမ်းသွားလို့ သွားပြီးပြန်တောင်းမိတဲ့ ဦးဇင်းငယ် (၉) ပါးကို ဖမ်းဆီးချုပ်နှောင်လိုက်ပါတယ်။
(၉)ဒါနဲ့များတောင်…
သာသနာပြုမင်း ဖြစ်လေဟန်အယောင်ဆောင်ချင်နေသေးတာလည်း အံ့ဖွယ်သုတပါပဲ။
“စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံ” ကို ကမကထပြုသူ ဗိုလ်ချုပ်ကြီးများအဖြစ် ဂုဏ်ယူလိုက်ချင်တာလား။
ဒါတော့ မဖြစ်နိုင်ဘူး။
ပြည်သူတွေကို ဖိနှိပ်၊ ရွေးကောက်ပွဲရလဒ်ကို ချောင်ထိုးထားပြီး တွေဆုံတွေးနွေးအဖြေရှာရေးကို ငြင်းပယ်နေလို့ နိုင်ငံတကာမှာ လူတောမတိုး လူရာမ၀င်ဖြစ်နေတာကို ကုစားဖို့အတွက် ဆေးမြီးတို ရှာကြံလိုက်တာပဲလို့ ကျနော်တော့ စဉ်းစားမိပါတယ်။
အကြံကုန် ဂဠုန်ဆားချက်တာ။
ဘုရားကု ကု ကြည့်တာပဲဖြစ်ပါတယ်။
(၁၀)ဘယ်လိုပဲ ဥာဏ်နီဥာဏ်နက်တွေ သုံးပြီး ကြံစည်အားထုတ်နေပေမယ့် ကမ္ဘာကြီးကလည်း စဉ်းစား တွေးခေါ်နိုင်တဲ့ နားတွေ မျက်လုံးတွေ ဦးနှောက်တွေ ရှိနေတယ်ဆိုတာ နအဖ မေ့နေပုံရပါတယ်။
ဒီနေ့ဆိုရင်
အဓိကအလှူငွေ မတည်ပေးမယ့် ဂျပန်နိုင်ငံ နင်ဖူးစူးရှု အဖွဲ့ကြီးက နောက်ဆုတ်သွားပါပြီ။
“စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံ” ဆိုတာကို မသုံးဖို့လည်း ကန့်ကွက်နေ ပါပြီ။
နိုင်ငံတကာက ဆရာတော်သံဃာတော်တွေကလည်း စစ်အစိုးရရဲ့ ပင့်ဖိတ်မှုကို မကြွလာတော့ဘဲ နီပေါနိုင်ငံ လုမ္ဗနီမှာ နိုင်ငံပေါင်းလေးဆယ်ကျော်က မထေရ်မြတ်များနှင့် “စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံ” အစစ်အမှန်ကို ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာတော့…
စစ်အစိုးရက သူရွတ်နေကြ ဂါထာကိုပဲ မရှက်မကြောက် ဆက်ရွတ်လိုက်ပါတော့တယ်။
“ဘယ်သူတက်တက် မတက်တက်၊ တက်တဲ့သူနဲ့ ဖြစ်အောင်ဆက်ကျင်းပသွားမယ်”တဲ့ ။
(သပိတ် ကံဆောင်တော်မူခဲ့ကြသော အနယ်နယ်အရပ်ရပ်မှ ရဟန်းအာဇာနည်တို့အား ဤဆောင်းပါးဖြင့် ကန်တော့လိုက်ပါတယ်။)

Credit - လွန်းနွေငြိမ်း
Copy
#mmo 🌐
HtateHtar

Rate this posting:
{[['']]}

No comments:

Post a Comment