ရဲဘက်ပြန်ဆရာတော် ဦးဝိသုတ
🌹🌹🌹
အချိန်က၁၉၉၀ခုနှစ်အောက်တိုဘာလ။သင်္ဃန်းမချွတ်လူဝတ်မလဲရသေးတဲ့ဦးဇင်းတစ်ပါးကိုစစ်ကြောရေးခန်းတစ်ခုထဲမှာခေါင်းစွပ်အမည်းစွပ်ပေးထားပီး"ဟေ့ကောင်...ဟေ့ကောင်" လို့စစ်ဆေးမေးမြန်းသူစစ်ကြောရေးအရာရှိကရိုင်းရိုင်းစိုင်းစိုင်းခေါ်ပါတယ်။မသိသလိုလုပ်နေတဲ့အခါ"ဟေ့ကောင်..မင်းကိုပြောနေတာ"ဆိုတော့"ငါက.....
ဘုန်းကြီးကွ "လို့အဲဒီဦးဇင်းက မာမာထန်ထန်ပြန်ပြောလိုက်တယ်။ဒီဦးဇင်းရဲ့ဘွဲ့အမည်ကဦးဝိသုတပါ။
မန္တလေးမြို့ဘုရားကြီးအလယ်တိုက်နေဓမ္မစရိယဘွဲ့ရဦးဇင်းတစ်ပါးဖြစ်ပြီးသပိတ်တပ်ပေါင်းစုရဲ့မော်ကွန်းထိန်းနဲ့သံဃာ့သမဂ္ဂီရဲ့တွဲဖက်ဒုဥက္ကဌတာဝန်ယူထားသူပါပဲ။
ဦးဇင်းဥူးဝိသုတကို၁၉၅၅ ခုနှစ် မတ်လ ၂၇ ရက်(တော်လှန်ရေးနေ့)မှာဖွားမြင်တယ်။၁၉၈၈ ခုနှစ်စစ်တပ်က အာဏာသိမ်းပြီးပြီးချင်းစက်တင်ဘာ၂၅ရက်နေ့မှာဦးဇင်းဦးဝိသုတအနေနဲ့ပထမအကြိမ်အဖြစ်ရက်သတ္တပါတ်
(၃)ပတ်ကြာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။၁၉၉၀သြဂတ်၈ရက်နေ့မှာတော့သံဃာတော်တွေကိုမန္တလေးမြို့ခံ
ပြည်သူတွေက၈၄လမ်းမပေါ်ရှစ်လေးလုံးနှစ်ပတ်လည်ဆွမ်းလောင်းလှူကြတဲ့အခါစစ်အစိုးရကရက်ရက်စက်စက်အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။
ဒီလိုလူမဆန်စွာ နှိမ်နင်းခဲ့တဲ့အပေါ်ကန့်ကွက်တဲ့အနေနဲ့ သံဃာတော်တွေ"ပတ္တနိက္ကုဇ္ဇန"သပိတ်မှောက် ကံဆောင်ကြတဲ့အခါဒီထိုးနှက်မှုကစစ်အစိုးရအတွက်အရှိုက်ထိသွားစေတာကြောင့်သံဃာတော်အများအပြားကိုဖမ်းဆီးထောင်ချတာတွေလုပ်တယ်။
၁၉၉၀ စက်တင်ဘာ ၂၄ ရက်မှာ မန္တလေးမြို့ပေါ်က ဘုန်ကြီးကျောင်းတွေထဲ စစ်တပ်နဲ့ အတင်းအဓမ္မ ဝင်ရောက်စီးနင်းပြီး အစိုးရဆန့်ကျင်ရေးသမားလို့ သင်္ကာမကင်းခံရသူ သံဃာတော်တွေကို အတင်းအကြပ်
ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။
ဦးဇင်းဥူးဝိသုတကတော့ ၁၉၉၀ အောက်တိုဘာ ၂၅ ရက်နေ့အဖမ်းဆီးခံရတာဖြစ်ပြီး စစ်ကြောရေးကာလ
(၃)ပတ်ကြာမြင့်တယ်။နောက်တော့ ၅(ည)၊၁၉(စ)၊၁၇(၁)၊၁၇(၂၀)စတဲ့ပုဒ်မတွေနဲ့ထောင်ပြစ်ဒဏ်
စုစုပေါင်း(၈၁)နှစ်စီရင်ချက် ချမှတ်ခံခဲ့ရတယ်။
အခု ၁၉၉၀ ခုနှစ် ဒုတိယ အခေါက်မှာတော့ သံဃာတော်တွေအပေါ် စစ်အစိုးရက ရာဇမာန်ရှ အမျက်တော်ပွား ရန်ညိုးထားတဲ့အတွက် အကျဉ်းကျ ရဟန်းတွေကို သံခြေချင်းရိုက်ပြီးရဲဘက်အလုပ်စခန်းပို့ပစ်တဲ့အထိ ယုတ်မာပက်စက်ခဲ့တယ်။မန္တလေး နန်းတွင်းထောင်မှာထောင်ပိုင်ဝင်းမြင့်၊ထောင်မှူးကြီးခင်မောင်သန်းတို့လက်ထက်။
မြစ်ကြီးနား- ဆွမ်ပရာဘွမ် လမ်းဖောက်လုပ်ရေး အလုပ်ကြမ်းခိုင်းစေဖို့ အကျဉ်းသား အယောက်(၅၀၀)
ထုတ်တဲ့အထဲ ဦးဇင်း ဦးဝိသုတလည်း အခြားသံဃာတော်တွေနဲ့အတူပါသွားတယ်။
၁၉၉၁ ခုနှစ် နှစ်ဆန်း။ညနနေဝင်ရီတရောအချိန်။
ထောင်ပုံစံစောင်ကို ကိုယ်ပေါ်မှာ ဧကသီလို လွှမ်းခြုံသိုင်းပတ်လို့။ပုံစံပုဆိုးကို သင်းပိုင်လိုဝတ်ထားပြီး
သိက္ခာမချသေးတဲ့အကျဉ်းကျ သံဃာတော်တွေလေ။သူတို့ကို ဧရာမ စဉ့်နှီတုံးကြီးပေါ် တစ်ပါးပြီးတစ်ပါး
ခြေထောက် အတင်ခိုင်းပြီးသံခြေချင်းရိုက်တယ်။
ပြီးတော့ ဝါးကပ်ကြမ်း ပိတ်ကာထားတဲ့ ရထားတွဲထဲ အလုံပိတ်ထည့်ပြီးမြစ်ကြီးနား ရဲဘက်စခန်းကို ပို့ခဲ့တယ်။ရဲဘက်ထုတ်မှာ ကြိုမသိလို့မို့ ဘာမှပြင်ဆင်ချိန်မရကြဘူး။အ နွေးထည်၊ခြုံ စရာစောင်နဲ့
အိပ်ယာလိပ်၊ဘာတစ်ခုမှပြည့်စုံလုံလောက်အောင်ပါမသွားကြလို့ ဆိုးရွားတဲ့ရာသီဥတုအောက်မှာ
အအေးဒဏ်ကိုအပြင်းအထန်ခံစားကြရပါတယ်။
ရဲဘက်စခန်း အပို့ခံရတဲ့သံဃာတော်တွေထဲက သိရသလောက် ဘွဲ့အမည်တွေကတော့ -
၁-ဦးကဝိန္ဒ(ဓမ္မစရိယ မစိုးရိမ်တိုက်ဟောင်း၊တပ်ပေါင်းစု ဥက္ကဌ)
၂-ဦးဓမ္မဝရ(ပျံလွန်၊ဓမ္မစရိယ၊ခင်မကန်တိုက်၊ပုဂံကျောင်း၊သံဃာ့သမဂ္ဂီ ဒုဥက္ကဌ)
၃-ဦးဇင်းဦးဝိသုတ(ဓမ္မစရိယ၊သံဃာ့သမဂ္ဂီတွဲဖက်ဒုဥက္ကဌ)
၄-ဦးစန္ဒိမာ(ပျံလွန်၊ဘုရားကြီးတိုက်၊လယ်ပေါ်ကျောင်း)
၅-ဦးကောသလ္လ(ပျံလွန်၊ဂွေးချိုတိုက်၊စည်သူဘုရင်အုတ်ကျောင်း)
၆-ဦးနန္ဒသာရ(ပျံလွန်၊ဂွေးချိုတိုက်၊ဂန္ဒာရုံကျောင်း)
၇-ဦးဝိသုဒ္ဓ(ပျံလွန်၊အနောက်ထီးလင်းတိုက်၊ရတနာသိဂီၤကျောင်း)
၈-ဦးစန္ဒန(ပျံလွန်၊ဝေယံဘုံသာတိုက်၊အနောက်တောင်မြို့နယ်)
၉-ဦးစန္ဒဝရ(ဝေယံဘုံသာတိုက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှာသင်္ချာနဲ့အင်္ဂလိပ်စာပြတဲ့ဦးဇင်း)
၁၀-ဦးစန္ဒာသီရိ(ဘုရားကြီးတိုက်၊လယ်ပေါ်ကျောင်း)
၁၁-ဦးသြဘာသ(ဂွေးချို တိုက်)
၁၂-ဦးပညာနန္ဒ(ဂွေးချို တိုက်)
တို့ပါပဲ။(ဘွဲ့အမည်သိသလောက်ဖော်ပြခြင်းဖြစ်ပြီးအခြားသံဃာများစွာကျန်ပါသေးတယ်)
သပိတ်တပ်ပေါင်းစု ဥက္ကဌဖြစ်တဲ့ ဦးကဝိန္ဒ(ဓမ္မာစရိယ၊မစိုးရိမ်တိုက်ဟောင်း၊ပါဠိကျောင်း)အပါအဝင်
သံဃာ(၁၀)ပါးကိုတော့ ဖားကန့် - မိုးကောင်းလမ်းဖောက်လုပ်ရေးအတွက် မိုးကောင်းမှာ ချထားခဲ့တယ်။
ချီဗွေ"ကနေ "လောခေါင်"မရောက်ခင် နမ့်မလိနဲ့ ရှငေါ်။အဲဒီရွာ နှစ်ခုကြားမှာ ရာသီဥတုက ဆိုးရွားပြင်းထန်။ခန္ဓာကိုယ်က အာဟာရမပြည့်။ပြီးတော့ ပင်ပန်းဆင်းရဲတာရယ်ကြောင့်
ဂွေးချို တိုက်က ဦးသြဘာသနဲ့ဦးပညာနန္ဒ(ဘွဲ့အမည်လွဲနိုင်)တို့နှစ်ပါးပျံလွန်တော်မူတယ်။
ရဲဘက်အလုပ်ကြမ်းစခန်းမှာကျောက်တုံးတွေသယ်ရတယ်။ဆီပုံးကြီးတွေထမ်းရတယ်။
ပုတီးတွေ ယူပြီးလွှင့်ပစ်တဲ့အထိစော်ကားနှိမ့်ချ၊ဆက်ဆံခံရတာမျိုးလည်းကြုံရတယ်။
နေ့စဉ်ကျွေးတာကလည်းဝက်"တောင်မှ စားမှာမဟုတ်တဲ့စပါးလုံးနိုင်းချင်းနဲ့ဝက်ခေါင်းခါထမင်းဖြစ်ပြီး
ချဉ်ကချဉ်နေသေးတယ်။
ပုံစံထမင်းရိုက်(ထမင်းခူးခပ်တဲ့သံဂေါ်ပြားနဲ့ထမင်းဝေငှထည့်ပေး)တဲ့အခါဝအောင်မကျွေးတဲ့အပြင်
မှောက်လျှံနေတာကိုတောင်ဇလုတ်က တိုက်ချလိုက်သေးတယ်။
တစ်ပတ်ကိုတစ်ခါအသားဟင်းကျွေးဖို့အကျဉ်းထောင်လက်စွဲဥပဒေရှိတယ်ဆိုပေမယ့်နှစ်ယောက်ကိုမှ စည်သွပ်ဗူးတစ်ဗူးတည်းပေးတယ်။
ဦးစန္ဒန(ဝေယံဘုံသာတိုက်)၊
ဦးဝိသုဒ္ဓ(အနောက်ထီးလင်းတိုက်)နဲ့
ဦးစန္ဒာသီရိ(လယ်ပေါ်ကျောင်းတိုက်)တို့(၃)ပါးက
ဝမ်းကိုက်ရောဂါဖြစ်လို့မို့ မြစ်ကြီးနားဆေးရုံ တက်နေရင်းမှာပဲ အသီးသီး ပျံလွန်တော်မူကြရှာတယ်။
ရဲဘက်စခန်းတာဝန်ကျနေတဲ့ထောင်မှူးကြီးဦးကျော်စိန်(သာသနာရေး ဝန်ကြီးဌာနဝန်ကြီး
ဦးမင်းဂေါင်ရဲ့PA)ကို ဦးဇင်းဦးဝိသုတက ရင်းနှီးလို့မို့ သံဃာတွေပင်ပန်းဆင်းရဲတာသက်သာအောင်
အကူအညီ တောင်းရတယ်။
"ရဲဘက် အလုပ်ခွင်မှာ အလုပ်လုပ်နေကြတဲ့သံဃာအချို့ကို ဦးကျော်စိန်ကသူ့လုပ်ပိုင်ခွင့်
အခွင့်အာဏာနဲ့တတ်နိုင်သလောက်ပြန်ခေါ်ဆွဲထုတ်ပေးပြီးကူညီခဲ့တယ်"လို့ ဦးဇင်းဦးဝိသုတက မိန့်ပါတယ်။
နောက်ပိုင်းမှာပြစ်ဒဏ်နှစ်နည်းတဲ့ ဦးဇင်းတချို့လွတ်သူလည်းလွတ်ဆိုတော့ ပျဉ်ထောင်ကိုရွှေ့လာချိန်ကျ
ဦးဇင်းဦးဝိသုတနဲ့ဦးဓမ္မဝရတို့(၂)ပါးပဲကျန်တော့တယ်။
ငှက်ဖျားမိနေတဲ့ ဦးဇင်းဦးဝိသုတလည်း မိုးကောင်းပြည်သူ့ဆေးရုံမှာ ဆီးတွေ၊ဝမ်းတွေ၊သွားလို့သွား
မှန်းတောင်မသိတဲ့အခြေအနေမျိုးအထိ ရောက်ခဲ့ပြီး (၅)ရက်လောက် မေ့မျောသွားပေမယ့်
သေကံမရောက်၊သက်မပျောက်ခဲ့ဘူး။
ဦးဝိသုတ သေမယ်ထင်တာ မသေဘဲ ဖျားနာနေတဲ့ဦးဓမ္မဝရခမျာ မန္တလေးကနေလိုက်လာဖို့
အကြောင်းကြားထားတဲ့ သူ့တူတော် ဦးဇဋိလ"ရောက်မလာခင် ပံျလွန်တော်မူရှာတယ်။
ပြောရရင် ဦးဇင်းဦးဝိသုတရဲ့ မျက်စိရှေ့မှောက်မှာတင် သံဃာ ၆ ပါး တိမ်းပါးခဲ့ရတာပါ။ ဦးဇင်းဦးဝိသုတတစ်ယောက် ရဲဘက်အလုပ်စခန်းကနေလွတ်မြောက်လာတာက ၂၀၀၄ မတ်လ ၂၇ ရက်။
အကျဉ်းကျကာလ စုစုပေါင်း(၁၄)နှစ်ကြာခဲ့တယ်။
ဦးဇင်းဦးဝိသုတက ဘာသာစကား(၄)မျိုးပြောဆိုနိုင်တယ်။
၁၉၉၀ ခုနှစ် အဖမ်းမခံရခင် ကာလတုန်းက နိုင်ငံတကာက သံမှူးတွေ၊သံတမန်တွေကို တိတ်တဆိတ်လက်ခံတွေဆုံ၊ဆွေးနွေးရတဲ့အထဲ ဦးဇင်း ဦးဝိသုတပါဝင်ခဲ့တယ်။
ဒီအချိန်တုန်းက နိုင်ငံတကာကနေ လက်နက်အထောက်အပံ့ယူဖို့ ဆွေးနွေးခဲ့သလားဆိုတဲ့ကိစ္စအပေါ်
ဗိုလ်ချုပ်ကြီးခင်ညွှန့်တို့က သံသယ ရှိနေပုံပါပဲ။ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့တွေ့တော့ "ဦးဇင်းတို့ကျောင်းတိုက်တွေထဲ အမေရိကန်တို့၊ဗြိတိန်တို့ကနေပေးတဲ့လက်နက်တွေရှိတယ်ကြားတယ်။
ဘယ်မှာဖွက်ထားလဲ။ထုတ်ပေးပါ"လို့ပြောတယ်။
"ဦးဇင်းတို့မှာ လက်နက်ကြီးတွေရှိတာအမှန်ပဲ။အဲ့ဒါတွေက "မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ"ဆိုတဲ့
ဗြဟ္မစိုရ်တရား လေးပါးလက်နက်(၄)မျိုးပါ။ဒကာတော်တို့ ယူလို့ရပါတယ်"
ဦးဇင်းဦးဝိသုတက ခပ်ပြုံးပြုံးပဲ အဲ့သလို ပြန်မိန့်လိုက်တော့ ဦးခင်ညွန့်လည်း ပါးစပ်ပိတ်သွားတယ်။
ဒီလက်နက်တွေက သူတို့အတွက်တော့ အထူးအဆန်းတွေဖြစ်နေလိမ့်မယ်ထင်တယ်။ဒီလက်နက်တွေကို
သူတို့စစ်ဗိုလ်ချုပ်တွေအနေနဲ့ တစ်ကြိမ်တခါမှ ကိုင်တွယ်သုံးစွဲဖူးကြပုံမပေါ်ပါဘူး။သူတို့ကလူသတ်
လက်နက်၊ဖျက်ဆီးရေး လက်နက်တွေကိုပဲကိုင်တွယ်ပစ်ခတ်ဖူးကြတာလေ။
ကမ္ဘာဖျက်လက်နက်မဟုတ်တဲ့ သံဃာတော်တွေရဲ့ကမ္ဘာပြုလက်နက်။
လူ့ဘောင်လောကကိုငြိမ်းချမ်းစေမယ့်ဒီ"ဗြဟ္မစိုရ်"လက်နက်မျိုးဆိုတာကသူတို့လို သတ်ဖြတ်သုတ်သင်ရေးသမားတွေ လိုလိုလားလား လက်ခံချင်ကြတဲ့ အရာတွေမှမဟုတ်ဘဲ။
စစ်အစိုးရကသေနတ်အားကိုးနဲ့ပဲ အုပ်စိုးတတ်တာပါ။
ဒီလို ဓားမိုးအုပ်စိုးထားတဲ့ အမှောင်ခေတ်ကာလကြီးထဲမှာ ရဟန်းရှင်လူ ပြည်သူတွေဟာ
ဆယ်စုနှစ်များစွာကြာအောင် ကိုယ်စိတ်နှစ်ပါး ဆင်းဆင်းရဲရဲနဲ့ ရှင်သန်ဖြတ်သန်းခဲ့ကြရတယ်။
စစ်အာဏာကို ဆန့်ကျင်မိသူ ပြည်သူ့ဘက်တော်သား ရဟန်းသံဃာတော်တွေဟာ
ရဲဘက်အလုပ်ကြမ်းစခန်းကို တောရကျောင်းအဖြစ် ဝါဆို သီတင်းသုံးခဲ့ကြရပြီးရောဂန္တရကပ်-အနာရောဂါဘေး၊သတ္ထန္တရကပ် -ဓားလှံလက်နက်ဘေးနဲ့ဒုဗ္ဘိခန္ဓရကပ် -ငတ်မွတ်မှုဘေး
စတဲ့ ကပ်ကြီးသုံးပါးကမ္မဌာန်းကိုပွားများ စီးဖြန်းခဲ့ကြရတယ်။
ဒါဟာ ယုံတမ်းစကားမဟုတ်။တကယ့် ဖြစ်ရပ်မှန်ပါပဲ။
"အာဏာရှင်က ဘယ်ဘာသာဝင်မှ မဟုတ်ဘူး။သူကိုးကွယ်တာ တစ်ခုတည်းရှိတယ်။
အဲ့ဒါ "အာဏာ"ပါပဲ "တဲ့။
ဒါကြောင့်မို့ လက်နက်နဲ့"အာဏာသာသနာ" ပြုနေကြတဲ့ "အာဏာ့ဒါယကာမင်း"တွေလို့ပဲ
ဆိုလိုက်ချင်ပါတော့တယ်။
Credit to****
#မောင်နန်းဝေ(ဗန်းမော်)
၁၃ သြဂတ်လ ၂၀၁၈
#ကိုးကား
ဆရာတော်ဥူးဝိသုတ အရှင်သူမြတ်နှင့်
၂၀၁၇ သြဂတ်လ ၂၂ ရက်နေ့
အင်တာဗျူးထားတဲ့ အသံဖိုင်။ Rate this posting:
{[['
']]}
No comments:
Post a Comment