ကျွန်မတို့ ဗမာပြည်မှာ ၁၉၅၈ ခုနှစ် အာဏာသိမ်းပြီးတက်လာတဲ့
အိမ်စောင့်စစ်အစိုးရကစလို့ မဆလခေတ် နဝတခေတ် နအဖခေတ် စတဲ့
ခေတ်အဆက်ဆက်များအတွင်း နိုင်ငံရေးထဲ စစ်ဗိုလ်တွေဝင်လာပြီး တောပြောတောင်ပြော
မတော်မတည့် ပြောတာတွေကြားတိုင်း ဖေဖေက ဒီကောင်တွေတော့ တို့တတွေ
ဘီအိုင်အေတုန်းက ဝင်တဲ့စိတ်မျိုးတွေ ဝင်နေပြီနဲ့ တူပါရဲ့ ကွာလို့
ငြီးတွားပြောဆိုတတ်ပါတယ်။
ဒါဖြင့် အဲဒီ ဘီအိုင်အေစိတ်ဓာတ်ဆိုတာ ဘာပါလိမ့်။
ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ ဖေဖေတို့ ရဲဘော်သုံးကျိပ်ဝင်တွေဟာ ၁၉၄၁ ဒီဇင်ဘာ ၂၆ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ စုဆောင်းရသလောက် စစ်သားရာဂဏန်းလောက်နဲ့ ဘီ-အိုင်-အေ (Burma Independence Army- BIA- ဗမာ့လွတ်လပ်ရေးတပ်မတော်) ကို ဖွဲ့စည်းခဲ့ကြပါတယ်။ အဲသလိုဖွဲ့စည်းပြီး ဗမာပြည်တွင်းကို ချီတက်လာရာမှာ လမ်းတ လျှောက်က မြို့တွေ ရွာတွေက မျိုးချစ်ပြည်ချစ်လူငယ်တွေ ဗမာ့လွတ်လပ်ရေးအတွက် တိုက်ခိုက်ဖို့ ဘီအိုင်အေတပ်ကြီးထဲ ဝင်လာလိုက်ကြတာ ၃-၄ လအတွင်း လူပေါင်း ၂ သောင်းအထိပါဝင်တဲ့ တပ်မတော်ကြီးတရပ် ဖြစ်လာပါတော့တယ်။

နဂိုက ဗမာပြည်ကို
အုပ်ချုပ်နေတဲ့ အင်္ဂလိပ်အစိုးရကလည်း သူ့အမှုထမ်းအရာထမ်းတွေခေါ်ပြီး အိန္ဒိယကို
ဆုတ်ခွာသွားပြီ ဖြစ်တော့ လမ်းတလျှောက် ချီတက်လာတဲ့ ဘီအိုင်အေတပ်များဟာ
ဒေသအသီးသီးမှာ အုပ်ချုပ်ရေးတွေ ဝင်တာဝန်ယူကြရပါ တော့တယ်။ ဒေသခံ သခင်များ
နိုင်ငံရေးသမားများ လူရိုသေ ရှင်ရိုသေ မြို့မိမြို့ဖများနဲ့ပေါင်းပြီး
တာဝန်တွေယူကြရာမှာ ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြ ဆက်လက်လည်း
တိုက်ပွဲဝင်ကြဦးမယ့် သူရဲကောင်းများအဖြစ် ဘီအိုင်အေစစ် ဗိုလ်များဟာ
အလွန်မျက်နှာပွင့်ပြီး ပြည်သူလူထုတရပ်လုံးရဲ့ လေးစားချစ်ကြည်ညိုခြင်း ကို
ခံခဲ့ရပါတယ်။
အဲဒီကာလက ဒေသတွေ
ရပ်ကွက်တွေမှာ မင်းမူစိုးမိုးခဲ့တဲ့ ဓားပြဂိုဏ်း လူမိုက်ဂိုဏ်း စတဲ့
ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်နေတဲ့ လူဆိုးဓားပြအပေါင်းကိုလည်း
ဘီအိုင်အေနာမည်နဲ့ ရှင်းလင်းသုတ်သင်ပေးခဲ့ကြလို့ ရပ်ရွာအေးချမ်း
တည်ငြိမ်ရေးအတွက် လည်း အတော် အထောက်အကူပြုခဲ့ပြီး ပြည်သူလူထုကလည်း
ဘီအိုင်အေအပေါ် ကျေးဇူးတင် အားကိုးခဲ့ကြတာပါ။
ဖေဖေတို့တောင်
အဲဒီကာလက ရန်ကုန်မှာ နာမည်ကြီးတဲ့ လမ်းမတော်ဖိုးတုတ်ဂိုဏ်းကို
ရှင်းလင်းပေးခဲ့ဖူးတယ်လို့ ကြားဖူးလို့ ဖေဖေကို ဘယ်လိုရှင်းလင်းခဲ့သလဲလို့
မေးကြည့်တော့ ဖေဖေက -ဘာခက်တာမှတ်လို့ ခေါင်းဆောင် ၃-၄ ဦးဖမ်းပြီး သတ်
ပစ်လိုက်တာပေါ့-တဲ့။ သူတို့လုပ်နည်းတွေက အဲသလိုကြမ်းတာပါ။
(စကားချပ်။ ဖေဖေက-
‘လမ်းမတော်ဖိုးတုတ်ဂိုဏ်း’ ဆိုတာ အင်္ဂလိပ်က တမင်မွေးထားတာ။ သူတို့ဥပဒေတွင်းက
မဖြေရှင်း နိုင်တဲ့ကိစ္စတွေကို ဥပဒေပြင်ပက ချောင်းရိုက်တာတို့
လုပ်ကြံသတ်ဖြတ်တာတို့ စတာတွေလုပ်ဖို့ မွေးထားခဲ့တာလို့ ပြောဖူးပါ တယ်။
ဒါကြောင့်ပဲ ၂၀ဝ၃ ခုနှစ် ဒီပဲရင်းအရေးအခင်းအပြီး သတင်းမီဒီယာတခုနှင့်
တွေ့ဆုံမေးမြန်းခန်းမှာ ဖေဖေက ကျွန် တော်တို့ တည်ဆောက်ခဲ့တဲ့တပ်မတော်ကြီး
ဗိုလ်သန်းရွှေတို့လက်ထဲကျမှ လမ်းမတော် ဖိုးတုတ်လူမိုက်ဂိုဏ်းလိုဖြစ်သွား
ရတာအတွက်တော့ အတော်ရင်နာမိတယ်လို့ ပြောဟန်တူပါရဲ့။)
ဖေဖေက
အဲဒီကာလတုန်းကတော့ ဖေဖေတို့က လွတ်လပ်ရေးကို တိုက်ယူမှရမှာလို့ ယူဆထားကြတော့
တခြားလူတွေ တပ်ထဲမဝင်ရင် ယူနီဖောင်းဝတ်မထားရင် စိတ်ထဲမှာ ဒီကောင်တွေ
အလကားကောင်တွေ မျိုးချစ်စိတ်မရှိသူတွေလို့ထင်ပြီး အထင်သေး အမြင်သေး
ဆက်ဆံမိတယ်လို့လည်း ပြောပြဖူးပါတယ်။ မျက်စိထဲလည်းကြည့်မရဘူးလို့လည်း
ဆိုပါတယ်။
ဖေဖေတို့ ဂျပန်မှာ
စစ်ပညာသင်ကြားခဲ့ရစဉ်ကလည်း ဂျပန်မှာ စစ်ဝါဒီတွေ စိုးမိုးနေပြီဖြစ်လို့
ဖက်ဆစ်အတွေးအခေါ် နည်း ပညာအခြေခံတွေကိုလည်း သင်ကြားခံထားရတာကလည်း
ဒီလိုစိတ်နေစိတ်ဓာတ်မျိုး ဝင်စေဟန်တူပါတယ်။
ဒါပေမဲ့
ဒီစိတ်ဓာတ်တွေဝင်နေတာကို ရိပ်မိသိရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းက
အမြဲသတိပေးဆုံးမတတ်တယ်လို့ ဖေဖေက ပြောပြပါတယ်။ ဗိုလ်ချုပ်က- ဟေ့
လွတ်လပ်ရေးကို တို့စစ်သားတွေချည်းပဲနဲ့ တိုက်ယူလို့မရနိုင်ဘူး။
နိုင်ငံရေးသမားတွေ မျိုးချစ်ပြည်ချစ်ဝန်ထမ်းတွေ ပြည်သူပြည်သားတွေအားလုံး
ပါဝင်လာမှ ရမှာကွ-လို့ မကြာခဏ ပြောဖူးသတဲ့။
အဲသလောက် ပြောဆိုနေတဲ့ကြားကတောင်မှ ဖေဖေက ၁၉၄၅ ခုနှစ် မတ်လ ဂျပန်တော်လှန်ရေးအပြီး ရန်ကုန်မှာ တခမ်း တနားကျင်းပတဲ့ နေသူရိန်အစည်းအဝေးကြီးမှာ ‘တတိုင်းပြည်လုံး စည်းလုံးညီညွတ်ရေးအဆို’ကို တင်တဲ့အခါမှာ ဂျပန်တော် လှန်ရေးတလျှောက် ရှေ့တန်းမှာ အပင်ပန်းအဆင်းရဲခံ တိုက်ခိုက်ခဲ့တဲ့ တပ်မတော်သားများအကြောင်း အကျယ် တဝင့်ပြော ကြားရင်း အဲဒီကာလက စတင်ပေါ်ပေါက်လာပြီဖြစ်တဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေကို စောင်းမြောင်း ပြောဆိုတာ တွေ လုပ်ပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်ရဲ့ တပ်ပေါင်းစုပေါ်လစီနဲ့ ပါဝင်လာကြတဲ့ အင်္ဂလိပ်အလိုတော်ရိ လက်ယာ သမားကြီးများ စင်မြင့်ပေါ်တက်ထိုင်နေတာကို ဖေဖေက မျက်မုန်းကျိုးပြီး ပြောတာပါ။ ဖေဖေ အဲသလို စောင်းချနေတာကို ဗိုလ်ချုပ်ကရိပ်မိပြီး ဖေဖေကို မျက်နှာထားကြီးနဲ့ လှမ်းကြည့်တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ် မျက်စောင်းထိုးလိုက်လို့ ဘရိတ် အတော်အုပ်လိုက်ရတယ်လို့လည်း ဖေဖေက ပြောပြဖူးပါတယ်။

လွတ်လပ်ရေးရမှ
တိုင်းသူပြည်သားတွေ ချမ်းသာနိုင်ကြမယ်လို့ ဖေဖေတို့တတွေ တွက်ဆခဲ့ကြလို့
လွတ်လပ်ရေး အတွက် ကြိုးပမ်းခဲ့ကြတာပါ။ လွတ်လပ်ရေးရပြီး ထင်သလောက်
တိုင်းသူပြည်သားတွေ ချောင်ချိလာခြင်းမရှိဘူးဆိုရင်တော့ တ ကယ့်
တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တွေဟာ ပြည်သူတွေ လွတ်မြောက်ရာလမ်းကြောင်းကို
ထပ်ရှာကြံရတော့မှာပါ။
စစ်သားပဲဖြစ်ဖြစ်
နိုင်ငံရေးသမားပဲဖြစ်ဖြစ် ဘာအလုပ်ပဲလုပ်လုပ် ဘယ်သူမှ ကိုယ့်ကိုကိုယ်
ချစ်လို့ လုပ်တယ်လို့ မပြောကြ ပါဘူး။ တိုင်းချစ်ပြည်ချစ်စိတ်ကြောင့်လို့ပဲ
ဆိုတတ်ကြပါတယ်။ အပြောထက် လက်တွေ့ကိုကြည့်ရမှာပါ။ လက်တွေ့ လုပ်
ဆောင်ရာမှာလည်း အကျိုးသက်ရောက်မှုကိုကြည့်ရပါလိမ့်မယ်။
၁၉၄၁ ခုနှစ်
ဘီအိုင်အေကာလကစလို့ ဗမာ့တပ်မတော်ထဲဝင်တဲ့ ယူနီဖောင်းဝတ်တွေသာလျှင်
တိုင်းချစ်ပြည်ချစ်စိတ်ရှိသူ ဒါကြောင့်တို့ပဲ တိုင်းပြည်ကို
လွှမ်းထားရမယ်ဆိုတဲ့ စိတ်ဓာတ် အခုခေတ်အထိ တပ်မတော်သားတွေကို တိမ်သလ္လာဖုံးထား
တုန်းပါပဲ။ ဒီအတွေးအခေါ် အယူအဆ ဖြောက်နိုင်မှသာလျှင် ဗမာပြည်ကြီးရဲ့
အနာဂတ်ဟာ မျှော်လင့်ချက်ရှိနိုင်ပါတယ်။ ဗမာ့တပ်မတော်သားများ အမြန်ဆုံး
အမြင်မှန်ရနိုင်ကြပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်။
အဲသလိုအမြင်မှန်
မရလို့ကတော့ လူထုကြီးရဲ့ မထိန်းနိုင် မသိမ်းနိုင် ဒေါသတွေ
အုံကြွပေါက်ကွဲလာတဲ့ တနေ့မှာ တော် လှန်ရေး ဒီရေလှိုင်းက
အမှိုက်သရိုက်များအဖြစ် သမိုင်းဇာတ်ခုံပေါ်ကနေ
ရှင်းလင်းသုတ်သင်ပစ်ကြပါလိမ့်မယ်။
၁၁-၃-၂၀၁၀။
လှကျော်ဇော
မှတ်ချက်***
ဒေါက်တာလှကျော်ဇော၏ဆောင်းပါးကိုမိုးမခအင်တာနက်စာမျက်နှာမှကူးယူဖေါ်ပြထားပါသည်။
မူရင်ဆောင်းပါးလင့်***
{[['
']]}
No comments:
Post a Comment